မာတိကာသို့ ခုန်သွားရန်

ဆဗ္ဗဂ္ဂိယဝတ္ထု -၂

ဝီကီရင်းမြစ် မှ

ဓမ္မဋ္ဌဝဂ်

၂။ ဆဗ္ဗဂ္ဂီရဟန်းတို့ဝတ္ထု

န တေန ပဏ္ဍိတော ဟောတိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဆွမ်းစားဇရပ်၌ နှောင့်ယှက်ခြင်း

ထိုဆဗ္ဗဂ္ဂီရဟန်းတို့သည် ကျောင်း၌လည်းကောင်း၊ ရွာ၌လည်းကောင်း ဆွမ်းစားဇရပ်ကို နှောင့်ယှက်ရှုပ်ထွေးခြင်း ပြုကြလျက် သွားလာလှည့်လည်ကြကုန်သတတ်။ ထိုအခါ တစ်နေ့သ၌ ရဟန်းတို့သည် ရွာ၌ဆွမ်းစားခြင်း ကိစ္စကို ပြုပြီး၍ ပြန်လာကြသော ပဉ္စင်းငယ်တို့ကိုလည်းကောင်း၊ သာမဏေတို့ကိုလည်းကောင်း “ငါ့ရှင်တို့- ဆွမ်းစားဇရပ်သည် အဘယ်သို့သော သဘောရှိသနည်း”ဟု မေးမြန်းကြလေကုန်၏။ “အရှင်ဘုရား- မေးတော်မမူကြပါကုန်လင့်၊ ဆဗ္ဗဂ္ဂီရဟန်းတို့သည် “ငါတို့သည်သာလျှင် လိမ္မာထက်မြက်ကြကုန်၏၊ ငါတို့သည်သာလျှင် ဉာဏ်ပညာရှိကုန်၏၊ ဤရဟန်းတို့ကို ပုတ်ခတ်၍ ဦးခေါင်း၌ တံမြက်ချေး အမှိုက်ကို လောင်းချ၍ ငင်ထုတ်ကြကုန်အံ့”ဟု ဆို၍ တပည့်တော်တို့ကို ကျောက်ကုန်း၌ ကိုင်ဆွဲသဖြင့် တံမြက်ချေး အမှိုက်ကို လောင်းချကုန်လျက် ဆွမ်းစားရာဇရပ်ကို နှောင့်ယှက်ရှုပ်ထွေးခြင်း ပြုလုပ်ကြပါကုန်၏”ဟု ပြောဆိုကြကုန်လတ်သော် ရဟန်းတို့သည် မြတ်စွာဘုရား၏ အထံတော်သို့သွား၍ ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ငါဘုရားသည် များစွာသောစကားကို ပြောဆို၍ သူတစ်ပါးတို့ကို ညှဉ်းဆဲတတ်သောသူကို ပညာရှိဟူ၍ ဟောတော်မမူ၊ ဘေးမရှိ, ရန်သူမရှိ, ဘေးရန်ကင်းအောင်ပြုတတ်သောသူကိုသာလျှင် ပညာရှိဟူ၍ ဟောတော်မူ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၂၅၈] န တေန ပဏ္ဍိတော ဟောတိ၊ ယာဝတာ ဗဟုဘာသတိ။
ခေမီ အဝေရီ အဘယော၊ ပဏ္ဍိတောတိ ပဝုစ္စတိ။

ယော၊ အကြင်သူသည်။ ယာဝတာ၊ အကြင်မျှလောက်သော အကြောင်းဖြင့်။ ဗဟုံ၊ များစွာသောစကားကို။ ဘာသတိ၊ သံဃာ့အလယ် စသည်တို့၌ ပြောဆို၏။ တေန၊ ထိုမျှလောက်သော စကားများခြင်းအကြောင်းဖြင့်။ သော၊ ထိုသူသည်။ ပဏ္ဍိတောနာမ၊ ပညာရှိမည်သည်။ န ဟောတိ၊ မဖြစ်။ ယော စ၊ အကြင်သူသည်ကား။ ခေမီ၊ ဘေးမရှိ။ အဝေရီ၊ ငါးပါးသော ရန်သူမရှိ။ အဘယော၊ သူတစ်ပါးတို့အား ဘေးရှိအောင် မပြုတတ်။ သော၊ ထိုသူကို။ ပဏ္ဍိတောတိ၊ ပညာရှိဟူ၍။ ပဝုစ္စတိ၊ ဆိုအပ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဆဗ္ဗဂ္ဂီရဟန်းတို့ဝတ္ထု ပြီး၏။