ဇနပဒကလျာဏီ ရူပနန္ဒာထေရီဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၁၁ - ဇရာဝဂ်
၅ - ဇနပဒကလျာဏီ ရူပနန္ဒာထေရီဝတ္ထု
၁၅၀။ အဋ္ဌိနံ နဂရံ ကတံ၊ မံသလောဟိတလေပနံ။
ယတ္ထ ဇရာ စ မစ္စု စ၊ မာနော မက္ခော စ ဩဟိတော။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် နောင်တော် သိဒ္ဓတ္ထမင်းသား တူတော်ရာဟုလာ မောင်တော်နန္ဒမင်းသား၊ မယ်တော်ဂေါတမီတို့ ရဟန်းပြုကြသဖြင့် သဒ္ဓါတရားမရှိပဲ ဘိက္ခုနီမ ပြုလျက် မိမိရုပ်ဆင်းကို အပြစ်ပြောမည်ကို ကြောက်ရွံ့သဖြင့် ဘုရားရှင်ထံတော်သို့ မသွားပဲနေရာ အများပုဂ္ဂိုလ်တို့ ချီးမွမ်းစကားဖြင့် နောက်ကွယ်၌ နေ၍ တရားနာစဉ် တန်ခိုးဖြင့်ဖန်ဆင်းသော အလွန်လှပချောမောသော အမျိုးသမီးကို တဖြည်းဖြည်း ရင့်ရော်သွားဟန်ကို ဖန်ဆင်းချွတ်ရသော ရူပနန္ဒာထေရီမကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်၏ အဆုံး၌ ရူပနန္ဒာထေရီမ ရဟန္တာဖြစ်သွားသည်။
အနက်
အဋ္ဌီနံ၊ အရိုးတို့ကို။ ဥဿာပေတွာ၊ စိုက်ထူ၍။ မံသလောဟိတလေပနံ၊ အသားအသွေးတို့ဖြင့် လိမ်းကျံအပ်သော။ နဂရံ၊ အတ္တဘောတည်းဟူသော မြို့ကို။ ကတံ၊ ဆောက်တည်အပ်၏။ ယတ္ထ၊ အကြင်မြို့၌။ ဇရာ စ၊ အိုခြင်းသည်လည်းကောင်း။ မစ္စု စ၊ သေခြင်းသည်လည်းကောင်း။ မာနော စ၊ မာနထောင်လွှားခြင်းသည်လည်းကောင်း။ မက္ခော စ၊ သူ့ကျေးဇူးကို ချေဖျက်ခြင်းသည်လည်းကောင်း။ ဩဟိတော၊ တည်ရှိ၏။
စကားပြေ
ဇရာ မစ္စု မာန မက္ခတို့ကိုထည့်ထားရန် အရိုးသုံးရာတို့ကို စိုက်ထူ၍ ကြေးဖြင့် ဖွဲ့ယှက်ကာ အသားအသွေးတို့ဖြင့် လိမ်းကျံလျက် အရေဖြင့် ဖုံးလွှမ်းပြီး အတ္တဘောတည်းဟူသောမြို့ကို ဆောက်လုပ်ထားသည်။ ယင်းမြို့၌ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုတို့သာ တည်ရှိကြသည်။ တခြားကောက်ယူစရာ ဘာတခုမျှမရှိ။
ဇနပဒကလျာဏီ
ဇနပဒကလျာဏီသည် သုဒ္ဓေါဓနမင်းကြီးနှင့် ဂေါတမီတို့မှ မွေးဖွားသော သမီးရတနာဖြစ်လေသည်။ နန္ဒမင်းသားနှင့် မောင်နှမအရင်းဖြစ်သည့်အပြင် လက်ဆက်မည့်ဆဲဆဲ ကျန်ရစ်သော မင်းသမီးဖြစ်သည်။ ဇနပဒကလျာဏီမင်းသမီး ဘိက္ခုနီမပြုလုပ်ခြင်းသည် သဒ္ဓါပဗ္ဗဇိတမဟုတ် ဆွေမျိုးတို့ကို ချစ်ခင်၍ ရဟန်းပြုခြင်းသည် အကိုကြီးသိဒ္ဓတ္ထမင်းသားလည်း တောထွက်ပြီး ဘုရားရှင်ဖြစ်ပြီ၊ တူတော်ရာဟုလာ မယ်တော်ဂေါတမီ မောင်တော်နန္ဒမင်းသားတို့လည်း ရဟန်းပြုကြသဖြင့် အတုလိုက်၍ ရဟန်းပြုခြင်းဖြစ်သည်။ ရဟန်းပြုပြီးသော်လည်း ရုပ်၌အပြစ်ပြောမည်စိုး၍ ဘုရားရှင်ထံတော်သို့ တရားနာမသွားချေ။ ဘိက္ခုနီမများ ဥပါသိကာမများ ချီးမွမ်းသံကြောင့် ဘုရားရှင်၏ လေးပါးသော ပမာဏိကတို့တွင် ရူပပမာဏိက၌ ဇနပဒကလျာဏီသည် အထူးစိတ်ဝင်စားလာသည်။ ထို့ကြောင့် ဘုရားရှင် မမြင်အောင် ဘိက္ခုနီမများအကွယ်တွင် ထိုင်လျက် ဘုရားရှင်၏ ရူပကာယတော်ကို ခြေဖျားမှစ၍ ဦးခေါင်းတော်အထိ ကြည့်ရှုသည်။ ဘုရားရှင်သည် ၁၆-နှစ်အရွယ် အလှအပဆုံး အမျိုးသမီးကို ဘုရားရှင်အနီး ယပ်ခတ်နေဟန် ဖန်တီးထားသည်။ ယင်းအမျိုးသမီးကို ပို၍ အာရုံစိုက်လာသောအခါ တဖြည်းဖြည်း ရင့်ရော်အိုမင်းကာ သေပြီး၍ ပုပ်ပွသည်အထိ ဖန်ဆင်းပြသည်။ တရားအာရုံရောက်သောအခါ ဘုရားရှင်က ဆက်လက် တရားဟောသဖြင့် ဇနပဒကလျာဏီရူပနန္ဒာထေရီမ ရဟန္တာဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၇၂-၃။)
ပမာဏိက (၄) ပါး
၁. ရူပပ္ပမာဏိက— ရုပ်လျှင် နှိုင်းယှဉ်ကြောင်းရှိသူ။
၂. ဃောတပ္ပမာဏိက— အသံလျှင် နှိုင်းယှဉ်ကြောင်းရှိသူ။
၃. လူခပ္ပမာဏိက— ခေါင်ပါးခြင်းလျှင် နှိုင်းယှဉ်ကြောင်းရှိသူ။
၄. ဓမ္မပ္ပမာဏိက— တရားလျှင် နှိုင်းယှဉ်ကြောင်းရှိသူ။
ပါဠိသဒ္ဒါခက်ဆစ်
မံသလောဟိတလေပနံ— မံသလောဟိတေဟိ လေပနံ မံသလောဟိတလေပနံ။ မံသလောဟိတ + လေပနံ။
ဩဟိတော— ဩဟိယိတ္ထာတိ ဩဟိတော။ အဝ + ဓာ + တ။
ဇနပဒကလျာဏီ ရူပနန္ဒာထေရီဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၁၁-ဇရာဝဂ်
၅-ဇနပဒကလျာဏီ ရူပနန္ဒာထေရီဝတ္ထု အဋ္ဌကထာဂါထာ
ဥဂ္ဃရန္တံ ပဂ္ဃရန္တံ, ဗာလာနံ အဘိပတ္ထိတံ။
နန္ဒေ၊ ရူပနန္ဒာ။ အာတုရံ၊ ကိုးဆယ့်ခြောက်ဖြာ, ဘေးရောဂါတို့, လွန်စွာခံခက်, နှိပ်စက်အပ်ထသော။ အသုစိံ၊ အမြဲနေ့စဉ်, ဆေးသုတ်သင်လည်း, မစင်မကြယ်, ရွံ ဖွယ်ကောင်းထသော။ ပူတိံ၊ ဆေးကြောသုတ်သင်, တန်ဆာဆင်လည်း, အမြင်သာ ဟုတ်, အတွင်းပုပ်၍ နေထသော။ ဥဂ္ဃရန္တံ၊ မျက်စိနားနှာ, အင်္ဂါရှိတိုင်း, အထက်ပိုင်း ဝယ်, ရွံဖွယ်သိုးပုပ်, အန်ထုတ်၍နေထသော။ ပဂ္ဃရန္တံ၊ ကျင်ကြီးကျင်ငယ်, အသွယ် သွယ်ဟု, မဖွယ်မရာ, အဖြာဖြာကို, မှန်စွာနေ့ည, ယိုချ၍နေထသော။ ဗာလာနံ၊ ဘဝါ ဘဝ, သံသာရက, ရာဂစရိုက်ပွား, ငမိုက်သားတို့သည်။ အဘိပတ္ထိတံ၊ ရှိရင်ပြောင်းပြန်, မမှန်ကန်အောင်, ကြံဖန်လေးမြတ်, တောင်းတအပ်သော။၁ သမုဿယံ၊ သုံးဆယ့်နှစ်ဝ, ကောဋ္ဌာသတို့, လုံးဝခိုမှီး, ဤကိုယ်ကြီးကို။ ပဿ၊ ဉာဏ်ရောင်လင်းသလောက်, အတွင်းရောက်အောင်, ထွင်းဖောက်စေ့ငု, ကြည့်ရှုစမ်းပါလော့။ (ဋ္ဌ-၁၆၁)
၁။အဘိပတ္ထိတံ။ ။ ခု၊၂၊၂၈၄၌ “အဘိနန္ဒိတံ”ဟု ရှိ၍ “ဗာလေဟိ အန္ဓပုထုဇ္ဇနေဟိ ဒိဋ္ဌိတဏှာဘိနန္ဒနာဟိ “အဟံ မမ”န္တိ အဘိနိဝိဿ နန္ဒိတံ(ထေရ၊ဋ္ဌ၊၂၊၉၂)”ဟု ဖွင့်သည်၊ အနက်အရကောက်ကား အတူတူပင်တည်း။
ဓာတုတော သုညတော ပဿ, မာလောကံ ပုန ရာဂမိ၊
ဘေဝ ဆန္ဒံ ဝိရာဇေတွာ, ဥပသန္တော စရိဿတိ။
ဣဒံ၊ ဤသင်၏ ခန္ဓာကိုယ်သည်။ (အသုစိအာဒိသဘာဝဉ္စေဝ၊ မစင်ကြယ်ခြင်း အစရှိသော သဘောရှိသည်လည်းကောင်း။ အနိစ္စာဒိသဘာဝဉ္စ၊ မမြဲခြင်းအစရှိသော သဘောရှိသည်လည်းကောင်း။ ဟောတိ) ယထာ၊ ဖြစ်သကဲ့သို့။ တထာ၊ ထို့အတူ။ ဧတံ၊ ဤသူသေကောင်သည်။ (အသုစိအာဒိသဘာဝဉ္စေဝ၊ ကောင်း။ အနိစ္စာဒိသဘာဝဉ္စ၊ ကောင်း။ ဟောတိ၊ ၏။) ဧတံ၊ ဤသူသေကောင်သည်။ (အသုစိအာဒိသဘာဝဉ္စေဝ၊ ကောင်း။ အနိစ္စာဒိသဘာဝဉ္စ၊ ကောင်း။ ဟောတိ) ယထာ၊ သို့။၂ တထာ၊ တူ။ ဣဒံ၊ ဤ သင်၏ ခန္ဓာကိုယ်သည်။ (အသုစိအာဒိသဘာဝဉ္စေဝ၊ ကောင်း။ အနိစ္စာဒိသဘာဝဉ္စ၊ ကောင်း။ ဟောတိ၊ ၏) ဓာတုတော၊ မိမိသဘောကို ဆောင်တတ်သည်၏ အဖြစ်အား ဖြင့်လည်းကောင်း။ သုညတော၊ အတ္တမှကင်းဆိတ်သည်၏ အဖြစ်အားဖြင့်လည်းကောင်း။ ပဿ၊ ရှုလော။ လောကံ၊ ခန္ဓာငါးပါးဟူသော လောကသို့။ ပုန၊ တစ်ဖန်။ မာ အာဂမိ၊ မလာနှင့်။ ဘဝေ၊ ဘဝ၌။ ဆန္ဒံ၊ တပ်နှစ်သက်တတ်သော တဏှာကို။ ဝိရာဇေတွာ၊ တပ်မက်ခြင်း ကင်းစေ၍။ ဝါ၊ တပ်မက်ခြင်း ကင်းစေလသော်။ ဥပသန္တော၊ ကိလေသာအပူဝေး၍ ငြိမ်းအေးသည်။ (ဟုတွာ၊ ၍။) စရိဿတိ၊ လှည့်လည်နေထိုင် ရလတ္တံ့။ (ဋ္ဌ-၁၆၂)
၂။ ယထာ ဣဒံ တထာ ဧတံ။ ။ ထေရ၊ဋ္ဌ၊၂၊၉၃၌ ၄နည်းဖွင့်ရာ ကျက်မှတ်ရ လွယ်ကူစေရန် နောက်ဆုံးနည်းအတိုင်း ပေးထားသည်၊ အခြားနည်းများကိုလည်း ပေးပြပါဥုးမည်။
ပထမနည်း။ ။ ဣဒံ-ဤသင်၏ ခန္ဓာကိုယ်သည်၊ (အာယုဥသ္မာဝိညာဏာနံ-အသက် အငွေ့ ဝိညာဏ်တို့၏၊ အနပဂမာ-မကင်းသေးခြင်းကြောင့်၊ နာနာဝိဓံ-အမျိုးမျိုးအပြားပြားသော၊ မာယောပမံ-မျက်လှည့်ဟူသော ဥပမာရှိသော၊(မျက်လှည့်နှင့်တူသော)၊ ကိရိယံ-အပြုအမူကို၊ ဒဿေတိ) ယထာ-ပြသကဲ့သို့၊ တထာ-တူ၊ ဧတံ-ဤသူသေကောင်သည်၊ (ပုဗ္ဗေ-ရှေး၌၊ အာယုဥသ္မာဝိညာဏာနံ-တို့၏၊ အနပဂမာ-ကြောင့်၊ အဟောသိ-ဖြစ်ခဲ့ပြီ၊) ဧတံ-ဤသူသေကောင်သည်၊ (ဧတရဟိ-ယခုအခါ၌၊ အာယုဥသ္မာဝိညာဏာနံ-တို့၏၊ အပဂမာ-ကင်းခြင်းကြောင့်၊ ကိဉ္စိ-တစ်စုံ တစ်ခုသော၊ ကိရိယံ-ကို၊ န ဒဿေတိ) ယထာ-မပြသကဲ့သို့၊ တထာ-တူ၊ ဣဒံ-ဤသင်၏ ခန္ဓာ ကိုယ်သည်၊ အာယုဥသ္မာဝိညာဏာနံ-တို့၏၊ အပဂမာ-ကြောင့်၊ နဿတေဝ-ပျက်စီးရမည်သာ။)
ဒုတိယနည်း။ ။ ဣဒံ-သည်၊ (သုသာနေ-သုသာန်၌၊ န မတံ) ယထာ-မသေသကဲ့သို့၊ (န သယိတံ) ယထာ-မကိန်းသကဲ့သို့၊ (ဥဒ္ဓုမာတကာဒိဘာဝံ-ဥဒ္ဓုမာတကအစရှိသော အလောင်း ကောင်၏အဖြစ်သို့၊ န ဥပဂတံ)ယထာ-မရောက်သကဲ့သို့၊ တထာ-တူ၊ ဧတံ-သည်၊ (ပုဗ္ဗေ-၌၊ အဟောသိ-ပြီ၊) ဧတံ-သည်၊ (သုသာနေ-၌၊ သယိတံ) ယထာ-ကိန်းရသကဲ့သို့၊ (ဥဒ္ဓုမာတကာဒိဘာဝံ-သို့၊ ဥပဂတံ)ယထာ-ရောက်သကဲ့သို့၊ တထာ-တူ၊ ဣဒံ-သည်၊ (ဘဝိဿတိ-ဖြစ်ရလတံ့။)
တတိယနည်း။ ။ ဣဒံ-သည်၊ (အသုစိ-မစင်ကြယ်သည်၊ ဒုဂ္ဂန္ဓံ-မကောင်းသောအနံ့ရှိ သည်၊ ဇေဂုစ္ဆံ-စက်ဆုတ်ဖွယ်သည်၊ ပဋိက္ကူလံ-ရွံရှာဖွယ်သည်၊ အနိစ္စံ-မမြဲသည်၊ ဒုက္ခံ-ဆင်းရဲသည်၊ အနတ္တာ-အတ္တမဟုတ်သည်၊ ဝါ-အတ္တမရှိသည်၊ ဟောတိ) ယထာ-သို့၊ တထာ-တူ၊ ဧတံ-သည်၊ (ဟောတိ-၏၊)-စသည်ဖြင့် ပေးပါ၊ သုတ္တနိ၊ဋ္ဌ၊၁၊၂၄၂၌လည်း အလားတူဖွင့်၏။
ဇနပဒကလျာဏီ ရူပနန္ဒာထေရီဝတ္ထုပါဠိဂါထာ
ယတ္ထ ဇရာ စ မစ္စု စ, မာနော မက္ခော စ ဩဟိတော။
အဋ္ဌီနံ၊ သုံးရာသော အရိုးတို့ကို။၁ (ဥဿာပေတွာ၊ စိုက်ထူစေ၍။ နှာရုဝိနဒ္ဓံ၊ ကိုးရာသော အကြောတို့ဖြင့် ဖွဲ့တုပ်အပ်သော။ ဝါ၊ ဖွဲ့တုပ်လျက်။) မံသလောဟိတလေပနံ၊ အသားအသွေးတို့ဖြင့် လိမ်းကျံအပ်သော။ ဝါ၊ လိမ်းကျံလျက်။ [မံသလောဟိတေ၊ ဟိ+လေပနံ, မံသလောဟိတံ+လေပနံ ယဿာတိ ဝါ မံသလောဟိတလေပနံ၊ အသားအသွေး ဟူသော လိမ်းကျံကြောင်းရှိသော။] (တစပဋိစ္ဆန္နံ၊ အရေတို့ဖြင့် ဖုံးလွှမ်းအပ်သော။ ဝါ၊ ဖုံး လွှမ်းလျက်။) နဂရံ၊ အတွင်းခန္ဓာ, မြို့အိမ်ရာကို။ ကတံ၊ (တဏှာယောကျ်ား, လက်သမား သည်) , ပြုထားအပ်ပြီ။ ယတ္ထ၊ ယင်းအတွင်းခန္ဓာ, မြို့အိမ်ရာ၌။ ဇရာ စ၊ အိုခြင်းကို လည်းကောင်း။ မစ္စု စ၊ သေခြင်းကိုလည်းကောင်း။ မာနော စ၊ မာနကိုလည်းကောင်း။ မက္ခော စ၊ ကျေးဇူးချေဖျက်, အမျက်ဒေါသစိတ်ကိုလည်းကောင်း။၁ ဩဟိတော၊ ထား အပ်ပြီ။ (ပါ-၁၅၀)
၁။အဋ္ဌီနံ။ ။ “အဋ္ဌိသတာနိ ဥဿာပေတွာ”ဟူသော အဖွင့်အရ ကံအနက်ပေးသည်၊ အဋ္ဌီနံကို သာမီအနက်, နောက်၂ပါဒကို အနိယမဝါကျယူ၍ “ယတ္ထ-အကြင်အတွင်းခန္ဓာ, မြို့အိမ်ရာ၌၊ ဇရာ စ-ကိုလည်းကောင်း၊ ပေ ၊ မက္ခော စ-ကောင်း၊ ဩဟိတော-၏၊ မံသလောဟိတလေပနံ-သော၊ အဋ္ဌီနံ-တို့၏၊ (တံ)နဂရံ-ထိုအတွင်းခန္ဓာ, မြို့အိမ်ရာကို၊ ကတံ-ပြီ”ဟုလည်း ပေးကြ၏။[အသန္တိ ခေပေန္တိ အဒ္ဓါနန္တိ အဋ္ဌီနိ၊ (အသု+ဣ)၊ အာ ဘုသော တိဋ္ဌတိ ဧတေဟီတိ အဋ္ဌီနိ၊ (အာ+ဌာ+ဣ၊-ဓာန်-ဋီ-၁၅၇)၊ အသီယန္တိ ခိပီယန္တိ ဆဍ္ဍီယန္တီတိ ဝါ အဋ္ဌီနိ(ပါစိယော-၈၁)။]
ဥပမာနထည့်ပုံ ။ ။ “(ပုဗ္ဗဏ္ဏာပရဏ္ဏာဒီနံ-ကောက်ပဲအစရှိသည်တို့ကို၊ ဩဒဟနတ္ထာယ- ထားခြင်းငှာ၊ ကဋ္ဌာနိ-သစ်သားတို့ကို၊ ဥဿာပေတွာ-၍၊ ဝလီ’ဟိ-နွယ်တို့ဖြင့်၊ ဗန္ဓိတွာ-ဖွဲ့တုပ်၍၊ မတ္တိကာယ-မြေညက်ဖြင့်၊ ဝိလိမ္ပေတွာ-လိမ်းကျံ၍၊ နဂရံ-အပြင်ပအိမ်ကို၊ ကရောန္တိ ယထာပြုလုပ်ကုန်သကဲ့သို့၊ ဧဝံ-တူ၊ ဇရာမစ္စုမာနမက္ခာနံ-တို့ကို၊ ဩဒဟနတ္ထာယ-ငှာ၊) အဋ္ဌီနံ-တို့ကို၊ (ဥဿာပေတွာ နှာရုဝိနဒ္ဓံ မံသလောဟိတလေပနံ တစပဋိစ္ဆန္နံ) နဂရံ-အတွင်းခန္ဓာ, မြို့အိမ်ရာကို၊ ကတံ-ပြီ”ဟု အဋ္ဌကထာဖွင့်အတိုင်း ဥပမာနဝါကျထည့်၍လည်း ပေးနိုင်သည်။
၁။ မက္ခော။ ။ ပရေသံ ဂုဏေ မက္ခေတိ ပုဉ္ဆတိ ဝိနာသေတီတိ မက္ခော၊ (တစ်နည်း) မဟန္တေ ကာရေ ခေပေတီတိ မက္ခော၊[ မဟန္တ+ကာရ+ခ၊ ဟန္တ, ကာရတို့ကိုချေ၊] တရားကိုယ်မှာ ဒေါသမူစိတ္တုပ္ပါဒ်တည်း။(ဣတိ၊ဋ္ဌ၊၄၇)
ဇနပဒကလျာဏီ ရူပနန္ဒာထေရီဝတ္ထုဂါထာနိဿယပြီးပြီ။