မာတိကာသို့ ခုန်သွားရန်

မလ္လိကာဒေဝီဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၁၁ - ဇရာဝဂ်

၆ - မလ္လိကာဒေဝီဝတ္ထု

၁၅၁။ ဇီရန္တိ ဝေ ရာဇရထာ သုစိတ္တာ၊
အထော သရီရမ္ပိ ဇရံ ဥပေတိ။
သတဉ္စ ဓမ္မော န ဇရံ ဥပေတိ၊
သန္တော ဟဝေ သဗ္ဗိ ပဝေဒယန္တိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောသလမင်းကြီး၏ မိဖုရားကြီးဖြစ်သော ဘုရားရှင်အား အလွန်ကြည်ညိုသော နတ်ဌာလားသော မလ္လိကာကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

သုစိတ္တာ၊ ရတနာခုနစ်ပါးတို့ဖြင့် ကောင်းစွာဆန်းကြယ်သော။ ရာဇရထာ၊ မင်း၏ရထားတို့သည်။ ဝေ၊ စင်စစ်။ ဇီရန္တိ၊ ဆွေးမြေ့ကြကုန်၏။ အထော၊ ထိုမှတပါး။ သရီရမ္ပိ၊ ခန္ဓာကိုယ်သည်လည်း။ ဇရံ၊ ဆွေးမြေ့အိုမင်းခြင်းသို့။ ဥပေတိ၊ ရောက်ရ၏။ သတံ၊ ဘုရားစသော သူတော်ကောင်းတို့၏။ ဓမ္မော စ၊ ကိုးပါးသော တရားတော်သည်ကား။ ဇရံ၊ ဆွေးမြေ့အိုမင်းခြင်းသို့။ န ဥပေတိ၊ မရောက်နိုင်။ ဧဝံ၊ ဤသို့။ ပဝေဒယန္တိ၊ ဟောကြားသိစေကုန်၏။ သန္တော၊ ဘုရားစသော သူတော်ကောင်းတို့သည်။ သဗ္ဗိ၊ သူတော်ကောင်းတို့နှင့်။ သဒ္ဓိံ၊ တကွ။ ပဝေဒယန္တိ၊ ဟောကြားသိစေကုန်၏။

စကားပြေ

ရတနာခုနစ်ပါးတို့ဖြင့် ကောင်းစွာခြယ်လှယ်၍ ဆန်းကျယ်သော မင်း၏ရထားတို့သည်လည်းကောင်း၊ ခန္ဓာကိုယ်သည်လည်းကောင်း ဆွေးမြေ့အိုမင်းသော်လည်း သူတော်ကောင်းတို့၏ လောကုတ္တရာတရား ကိုးပါးသည်ကား ဆွေးမြေ့အိုမင်းခြင်းသို့ မရောက်ဟု သူတော်ကောင်းများနှင့်တကွ ဘုရားရှင်တို့ ဟောကြားသိစေကုန်၏။

ဓမ္မ— လောကုတ္တရာတရား ကိုးပါးရ၏။
သေခါနီးအရေးကြီး— မလ္လိကာသည် သေခါနီးအခါ၌ တသက်လုံး ကြီးကျယ်စွာလှူခဲ့သော အလှူကို အမှတ်မရပဲ ကောသလမင်း၏အပေါ် လိမ်ညာခဲ့သော အကုသိုလ်ကို အမှတ်ရသွားသဖြင့် အဝီစိငရဲ၌ ၇-ရက် ရောက်သွားသည်။ အဝီစိမှလွတ်ပြီးသောအခါ တုသိတာသို့ ရောက်ရသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၇၆။)
မအိုသောအရာ အိုသောအရာ— သူတော်ကောင်းတရားသည် အိုသည်မရှိ၊ သတ္တဝါမှန်သမျှသည်သာ အိုသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၇၇။)

ပါဠိသဒ္ဒါခက်ဆစ်

ရာဇရထာ— ရာဇာနံ ရထာ ရာဇရထော။ ရာဇ + ရထ။

မလ္လိကာဒေဝီဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၁၁-ဇရာဝဂ်

၆-မလ္လိကာဒေဝီဝတ္ထုပါဠိဂါထာ

၃၂၁။ ဇီရန္တိ ဝေ ရာဇရထာ သုစိတ္တာ, အထော သရီရမ္ပိ ဇရံ ဥပေတိ၊
သတဉ္စ ဓမ္မော န ဇရံ ဥပေတိ, သန္တော ဟေဝ သဗ္ဘိ ပဝေဒယန္တိ။

သုစိတ္တာ၊ အလွန်ဆန်းကြယ်ကုန်သော။ ရာဇရထာ၊ မင်းတို့၏ ရထားတို့သည်။ ဝေ၊ စင်စစ်။ ဇီရန္တိ၊ ဆွေးမြေ့ရကုန်၏။ အထော၊ ထို့ပြင်။ သရီရမ္ပိ၊ ခန္ဓာကိုယ်သည်လည်း။ ဇရံ၊ ဆွေးမြေ့အိုမင်းခြင်းသို့။ ဥပေတိ၊ ရောက်ရ၏။ သတံ၊ ဘုရားအစရှိသော သူတော် ကောင်းတို့၏။ ဓမ္မော စ၊ လောကုတ္တရာတရားကိုးပါးသည်ကား။ ဇရံ၊ သို့။ န ဥပေတိ၊ မရောက်။ (ဧဝံ၊ ဤသို့။) သန္တော၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည်။ သဗ္ဘိ၊ သူတော်ကောင်းတို့နှင့်။ (သဒ္ဓိံ၊ အတူ။) ဟဝေ၊ စင်စစ်။ ပဝေဒယန္တိ၊ ပြောဆိုတော်မူကုန် ၏။ (ပါ-၁၅၁)

၁။သဗ္ဘိ။ ။ ဓမ္မ.ဋ္ဌအလို သန္တနောင် ဟိဝိဘတ်ကို ဘိပြု, သန္တကို သပြု, ဗဒွေဘော်လာ၊ သံ၊ဋ္ဌ၊၁၊၁၂၇၌ ဓမ္မောအရ နိဗ္ဗာန်, သဗ္ဘိသဒ္ဒါ “သူတော်ကောင်း, နိဗ္ဗာန်, သုန္ဒရ”ဟူသော အနက်၃မျိုးကို ယူ၏၊ ထိုတွင် သူတော်ကောင်းကို ဟောရာ၌ “သီဒနသဘာေဝ ကိလေသေ ဘိန္ဒန္တီတိ သဗ္ဘီ၊ [သဒ+ဘိဒိ+ကွိ၊-နီတိဓာတု-၃၆၉။]”ဟု ပြု၊ ဟိဝိဘတ်ချေ၊ (တစ်နည်း) သန္တပုဒ်, ဟိဝိဘတ်၊ သျာဒီသု သဗ္ဘိ(နီတိ-၃၈၀)သုတ် (ဝိဗောအလို သန္တသဒ္ဒဿ-စသောသုတ်၌ စသဒ္ဒါ)ဖြင့် သန္တကို သဗ္ဘိပြု, ဟိဝိဘတ်ချေ၊ “သမ္မန္တိ, ကိလေသေ သမေန္တိ ဝူပသမေန္တီတိ ဝါ သဗ္ဘီ”ဟု ကြံ၊ ပုံလိင်, ရတ္တာဒိ, ဣကာရန္တတည်း၊ အထက်အတိုင်း အနက်ပေး။

နိဗ္ဗာန်အနက်။ ။ ဤအနက်ကို ဟောရာ၌ “သတံ-တို့၏၊ ဓမ္မော-နိဗ္ဗာန်တရားသည်၊ ဇရံ-သို့၊ န ဥပေတိ၊ (တသ္မာ-ကြောင့်၊) သန္တော-တို့သည်၊ သဗ္ဘိံ-နိဗ္ဗာန်ကို၊ (သတံ-တို့၏၊ ဓမ္မောတိ- ဟူ၍၊) ပဝေဒယန္တိ-ကုန်၏”ဟု ပေး၊ “သဗ္ဘိံ”ဟု ဆိုလိုလျက် ဆန်းကြောင့် နိဂ္ဂဟိတ်ချေ၊ “သီဒနသဘာဝါ ကိလေသာ ဘိဇ္ဇန္တိ ဧတ္ထာတိ သဗ္ဘိ(နီတိဓာတု-၃၆၉)”ဟု ပြု၊ ရတ္တိကဲ့သို့ စဉ်ပါ။

သုန္ဒရအနက်။ ။ ဤအနက်ကို ဟောရာ၌ “သဗ္ဘိံ-ကောင်းသော၊ (ယံ-အကြင်နိဗ္ဗာန် တရားကို၊) သန္တော-တို့သည်၊ ပဝေဒယန္တိ၊ သတံ-တို့၏၊ (သော) ဓမ္မော-ထိုနိဗ္ဗာန်တရားသည်၊ ဇရံ-သို့၊ န ဥပေတိ”ဟု ပေး၊ “ကိလေသေ သမေတိ ဝူပသမေတီတိ သဗ္ဘိ”ဟု ကြံ၊ သန္တကို သဗ္ဘိ ပြု, ဟိဝိဘတ်ချေ၊ အရအားလျော်စွာ အဂ္ဂိ ရတ္တိ အဋ္ဌိတို့ကဲ့သို့ စဉ်ရမည်ဖြစ်ရကား ဤ၌ ဓမ္မ ကို ရသောကြောင့် အဂ္ဂိကဲ့သို့ စဉ်ပါ။ (နီတိပဒ-၂၃၃)

မလ္လိကာဒေဝီဝတ္ထုဂါထာနိဿယပြီးပြီ။