သမ္ဗဟုလအဓိမာနိကဘိက္ခုဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၁၁ - ဇရာဝဂ်
၄ - သမ္ဗဟုလအဓိမာနိကဘိက္ခုဝတ္ထု
၁၄၉။ ယာနိမာနိ အပတ္ထာနိ၊ အလာဗူနေဝ သာရဒေ။
ကာပေါတကာနိ အဋ္ဌိနိ၊ တာနိ ဒိသွာ ကာ ရတိ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းကိုယူ၍ တရားအားထုတ်ကြရာ ဈာန်ရ၍ ခေတ္တမျှ ကိလေသာမရှိခြင်းကို ရဟန်းကိစ္စပြီးပြီဟု ထင်မှတ်ပြီး သုသာန်သို့ သွား၍ တရက်နှစ်ရက် လွန်ပြီးသော စက်ဆုပ်ဖွယ်သူသေကောင်ကို မြင်သောအခါ မနှစ်သက်မှု ဒေါသဖြစ်၍ လတ်တလော ဖြစ်သော သူသေကောင်ကိုမြင်သောအခါ နှစ်သက်မှု လောဘဖြစ်နေကြသော ရဟန်းငါးရာတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ ရဟန်းငါးရာတို့ သုသာန်၌ပင် ရဟန္တာဖြစ်ကြသည်။
အနက်
သာရဒေ၊ တန်ဆောင်မုန်းလအခါ၌။ အပတ္ထာနိ၊ စွန့်ပစ်ထားကုန်သော။ အလာဗူနော၊ ဗူးသီးခြောက်တို့ကဲ့သို့။ အပတ္ထာနိ၊ စွန့်ပစ်အပ်ကုန်သော။ ကာပေါတကာနိ၊ ခိုအဆင်းကဲ့သို့ မွဲသောအရောင်ရှိကုန်သော။ အဋ္ဌိနိ၊ အရိုးတို့ကို။ ဒိသွာ၊ မြင်ရ၍။ ကာ ရတိ၊ အဘယ်မှာ မွေ့လျော်ဖွယ်ရှိနိုင်အံ့နည်း။
စကားပြေ
တန်ဆောင်မုန်းလအခါ စွန့်ပစ်ထားသော ဗူးသီးခြောက်တို့ကဲ့သို့ စွန့်ပစ်ထားအပ်သော ခိုအဆင်းကဲ့သို့ မဲသောအဆင်းရှိသော အရိုးတို့ကိုကြည့်၍ နှစ်သက်မှုပြုရန် မသင့်။
အထင်ကြီးနေသော ရဟန်းများ
ဘုရားရှင်ထံမှ တရားကိုယူပြီးလျှင် ရဟန်းငါးရာတို့ တရားအားထုတ်ကြရာ ဈာန်များရရှိသဖြင့် ကိလေသာ အညစ်အကြေး မဖြစ်ပေါ်ကြချေ၊ ထို့ကြောင့် ရဟန်းကိစ္စ ပြီးပြီဟု ထင်မှတ်ကာ ဘုရားရှင်အထံတော်သို့ မိမိတို့ရရှိသော ဂုဏ်ကျေးဇူးကို လျှောက်ထားရန် ကျောင်းသို့ ရောက်လာကြသည်။ ဘုရားရှင်၏ အမိန့်တော်အရ အရှင်အာနန္ဒာက သူသေကောင်စိမ်းထားရာ သုသာန်သို့ သွားပြီး အပြန်မှ အတွေ့ခံမည့်အကြောင်း ပြောပြလိုက်သည်။ သုသာန်သို့သွားကြရာတွင် အကောင်ပုပ်များကို မြင်သောအခါ နှလုံးမသာယာခြင်း စိုပြေသော ကိုယ်တို့ကို မြင်သောအခါ နှစ်သက်ခြင်းတို့ ဖြစ်ပေါ်သဖြင့် မိမိတို့၌ ကိလေသာအညစ်အကြေး ရှိမှန်း သိလာကြသည်။ ဂန္ဓကုဋိတိုက်တော်မှ အရိုးစုအပေါင်း၌ အထက်ပါအချင်းအရာဖြင့် ရှုခြင်းသည် မလျောက်ပတ်ဟု ဘုရားရှင်မိန့်တော်မူသဖြင့် အတွင်းခန္ဓာကိုယ်ကို ရှုမှတ်ကြရာ ရဟန္တာဖြစ်ကြသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၇၁။)
ပါဠိသဒ္ဒါခက်ဆစ်
အလာဗူနေဝ— အာလမ္ဗတိ အဝသံသတိတိ အလာဗု။ အာ + လမ္ဗ + ဥ (သံယောဂါဒိ လောပဒီဃရဿ၊ နကို အပြု၊ မ, ချေ)။
သာရဒေ— သရဒေ ဇာတော သာရဒေါ။ သရဒ + ဏ။
ကာပေါတကာနိ— ကပတီတိ ကာပေါတော။ ကပ် + ဩတ။ ကမ္ပတီတိ ကာပေါတော။ ကမ္မ + ဩတ (မ-ချေ)။ ကာပေါတ + ကဏ်။
သမ္ဗဟုလအဓိမာနိကဘိက္ခုဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၁၁-ဇရာဝဂ်
၄-သမ္ဗဟုလအဓိမာနိကဝတ္ထုပါဠိဂါထာ
ကာပေါတကာနိ အဋ္ဌီနိ, တာနိ ဒိသွာန ကာရတိ။
သာရဒေ၊ သရဒဥတု၌။၃ အပတ္ထာနိ၊ စွန့်ပစ်အပ်ကုန်သော။ [အပယသီယန္တေတိ အပတ္ထာနိ၊ အပ+အသ (ခေပအနက်) +တ။] အလာဗူနိ ဣဝ၊ ဘူးသီးတို့ကဲ့သို့။၁ အပတ္ထာနိ၊ စွန့်ပစ်အပ်ကုန်သော။ ကာပေါတကာနိ၊ ခိုငှက်၏ အဆင်းနှင့်တူသော အဆင်းရှိကုန် သော။၂ ယာနိ ဣမာနိ အဋ္ဌီနိ၊ အကြင်အရိုးတို့သည်။ (သန္တိ၊ ရှိကုန်၏။) တာနိ၊ ထိုအရိုး တို့ကို။ ဒိသွာန၊ မြင်ရ၍။ (တုမှာကံ၊ သင်တို့၏။) ကာ၊ အဘယ်သို့သော။ ရတိ၊ ကာမဂုဏ် တို့၌ မွေ့လျော်ခြင်းသည်။ ဝါ၊ ကိလေသာကာမဖြင့် မွေ့လျော်ခြင်းသည်။ (ဟောတိ၊ ဖြစ်သင့်တော့အံ့နည်း။) [“တုမှာကံ၊ တို့၏။ ဝါ၊ အား။ ရတိ၊ သည်။ ကာ၊ အဘယ်အကျိုးရှိအံ့နည်း” ဟုလည်း ပေးနိုင်သည်။] (ပါ-၁၄၈)
၃။ သာရဒေ။ ။ သရတိ ပီဠယတိ အသ္မိန္တိ သရဒေါ။ [သရ+တ၊ တကို ဒပြု၊] (တစ်နည်း) သာ သုနခါ ရမန္တိ ဧတ္ထာတိ သရဒေါ၊ [သ+ရမု+အ၊ မကို ဒပြု၊-ဓာန်-ဋီ-၇၉။] သရဒေါယေဝ သာရဒေါ၊ သွတ္ထ၌ ဏပစ္စည်းသက်၊ (တစ်နည်း) “သရဒေ”ဟု ဆိုလိုလျက် ဆန်းကြောင့် ဒီဃပြု။
သရဒဥတု။ ။ ဝိသုဒ္ဓိ၊ဋီ၊၂၊၄၀၉၌ သီတင်းကျွတ်လနှင့် တန်ဆောင်မုန်းလကို သရဒ ဥတုဟု ဆို၏၊ ဓာန်-၇၉၌ တော်သလင်းလပြည့်ကျော် ၁ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ အထိ ၂လကို သရဒဥတုဟု ဆို၏။
၁။ အလာဗူနိ။ ။ “တုမ္ဗျာလာဗု စ လာဗု သာ(ဓာန်-၅၉၆)”ဟူသော ဂါထာအရ ဣတ္ထိ လိင်ဖြစ်၍ လိင်္ဂဝိပလ္လာသကြံရဖွယ်ရှိ၏၊ သို့သော် ထောမနိဓိ၌ ဣတ္ထိလိင်, နပုံလိင်ဟု ဆိုသော ကြောင့် ထိုသို့ကြံဖွယ်မလို၊ “အာလမ္ဗန္တိ အဝသံသန္တီတိ(တွဲလျားဆွဲတတ်သောကြောင့်) အလာဗူနိ” ဟု ပြု။ [အာ+လမ္ဗ+ဥု၊ မကိုချေ, လ၌ ဒီဃပြု, အာကို ရဿပြု(မောဂ်-၇၊၄)၊ န+လမ္ဗ+ဥ၊ မ ကိုချေ, နကို အပြု၊-ဓာန်-ဋီ-၅၉၆။]
၂။ ကာပေါတကာနိ။ ။ “ကာပေါတကဝဏ္ဏာနိ”ဟူသော အဖွင့်ကို ရှု၍ “ကပတီတိ (ဖုံးလွှမ်းတတ်သောကြောင့်) ကပေါတော၊ [ကပ အစ္ဆာဒနေ+ဩတ၊-မောဂ်-၇၊၇၅။] ကပေါတော ယေဝ ကပေါတကော၊ ကပေါတကဿ+အယံ ကာပေါတကော(ခို၏ ဥစ္စာဖြစ်သောအဆင်း)၊ ကာပေါတကော ဝိယာတိ ကာပေါတကော(ခိုအဆင်းနှင့် တူသောအဆင်း)၊ ကာပေါတကော+ ယေသံ အတ္ထီတိ ကာပေါတကာနိ(ခိုအဆင်းနှင့် တူသောအဆင်းရှိသော အရိုးများ)”ဟု ပြု။
တစ်နည်း ။ ။ “ပါရေဝတပက္ခဝဏ္ဏနာနိ(ဒီ၊ဋ္ဌ၊၁၊၁၅၀)”ဟူသော အဖွင့်ကို ရှု၍ “ကပေါတဿ+ဣမာနိ, ကပေါတဿ အဝယဝါ ဝါ ကာပေါတာနိ(မောဂ်-၄, ၆၆)၊ ကာပေါတာနိယေဝ ကာပေါတကာနိ(ခို၏ဥစ္စာဖြစ်သော အတောင်တို့)၊ ကာပေါတကာနိ ဝိယာတိ ကာပေါတကာနိ(ခိုတောင်နှင့် တူသောအဆင်းတို့)၊ ကာပေါတာနိ+ယေသံ အတ္ထီတိ ကာပေါတကာနိ(ခို တောင်နှင့် တူသောအဆင်းရှိသော အရိုးများ)”ဟု ပြု။(သီဘာ၊၂၊၃၅၀)
သမ္ဗဟုလအဓိမာနိကဘိက္ခုဝတ္ထုဂါထာနိဿယပြီးပြီ။