မာတိကာသို့ ခုန်သွားရန်

ဥတ္တရာထေရီဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၁၁ - ဇရာဝဂ်

၃ - ဥတ္တရာထေရီဝတ္ထု

၁၄၈။ ပရိဇိဏ္ဏမိဒံ ရူပံ၊ ရောဂနီဠံ ပဘင်္ဂုရံ။
ဘိဇ္ဇတိ ပူတိသ‌န္ဒေဟော၊ မရဏန္တံ ဟိ ဇီဝိတံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆွမ်းခံ၍ ရသမျှဆွမ်းကို သုံးရက်တိုင်တိုင် ဆွမ်းခံရဟန်းတပါးအား လှူဒါန်း၍ အစာပြတ်လျက် လေးရက်မြောက် ဆွမ်းခံစဉ် သင်္ကန်းကိုနင်းမိ၍ လဲကျသွားသော အသက် ၁၂၀-ရှိသော ဥတ္တရာထေရီမကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ ဥတ္တရာထေရီမ သောတာပန်ဖြစ်သည်။

အနက်

ဣဒံ ရူပံ၊ ဤရူပကာယသည်။ ပရိဇိဏ္ဏံ၊ ဆွေးမြေ့အိုမင်းတတ်၏။ ရောဂနီဠံ၊ အနာရောဂါတို့၏ တည်ရာဖြစ်၏။ ပဘင်္ဂုရံ၊ ယိုယွင်းပျက်စီးတတ်၏။ ဇီဝိတံ၊ အသက်ရှင်နေခြင်းသည်။ မရဏန္တံ ဟိ၊ သေခြင်းလျှင်အဆုံးရှိ၏။ သော ပူတိသန္ဒေဟော၊ ထိုကိုယ်သည် ပုပ်သည်ဖြစ်၍။ ဘိဇ္ဇတိ၊ ပျက်စီးလတ္တံ့။

စကားပြေ

ဆွေးမြေ့အိုမင်းတတ်၍ အနာရောဂါတို့၏ တည်ရာဖြစ်ပြီးလျှင် ယိုယွင်းပျက်စီးတတ်သော ခန္ဓာကိုယ်၏ အသက်ရှင်နေရခြင်းသည် သေခြင်းလျှင် နောက်ဆုံးရှိ၏။ ဤခန္ဓာကိုယ်ကြီးသည် ပုပ်၍ ပျက်စီးရမည်။

ပဘင်္ဂုရံ— ငယ်သောမြေခွေးပင်ဖြစ်သော်လည်း မြေခွေးအိုကို (ဇရသိင်္ဂါလ) ဟုခေါ်သကဲ့သို့လည်းကောင်း နုသောဆင်သမနွယ်ပင်ဖြစ်သော်လည်း (ပူတိလတာ) နွယ်ဆွေးဟုခေါ်သကဲ့သို့လည်းကောင်း ယနေ့မွေးဖွားကာ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော်လည်း အမြဲအပုပ်ယိုစီးတတ်သော အနက်သဘောကြောင့် ပုပ်ခြင်းသဘောရှိသည်ဖြစ်၍ ခန္ဓာကိုယ်ကို “ပဘင်္ဂုရံ” ဟု ဆိုသည်။

ပါဠိသဒ္ဒါခက်ဆစ်

ရောဂနီဠံ— ရောဂါနံ နီဠံ ရောဂနီဠံ။ ရောဂ + နီဠ။
ပူတိသန္ဓေဟော— ပူတိ သန္ဒေဟော ပူတိသန္ဒေဟော။ ပူတိ + သန္ဒေဟ။
မရဏန္တံ— မရဏဿ အန္တံ မရဏန္တံ။ မရဏ + အန္တ။

ဥတ္တရာထေရီဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၁၁-ဇရာဝဂ်

၃-ဥတ္တရာထေရီဝတ္ထုပါဠိဂါထာ

၃၁၆။ ပရိဇိဏ္ဏမိဒံ ရူပံ, ရောဂနီဠံ ပဘင်္ဂုရံ၊
ဘိဇ္ဇတိ ပူတိသန္ဒေဟော, မရဏန္တံ ဟိ ဇီဝိတံ။

ဣဒံ ရူပံ၊ ဤသင်၏ ရုပ်သည်။ ပရိဇိဏ္ဏံ၊ အိုပြီ။ ရောဂနီဠံ၊ ရောဂါတို့၏ အသိုက် တည်း။ [ရောဂါနံ+နီဠံ ရောဂနီဠံ။ ဣတိ၊ဋ္ဌ၊၁၅၆။] ပဘင်္ဂုရံ၊ သူ့အလိုလို ဖျက်လေ့ရှိ၏။ ဝါ၊ မိမိကိုယ်ကို ဖျက်လေ့ရှိ၏။၃ [သူများက မဖျက်ဆီးအပ်၊ ဟူလို။] ပူတိသန္ဒေဟော၊ ပုပ်သော သင့်ကိုယ်သည်။၁ ဘိဇ္ဇတိ၊ မကြာမီ ပျက်တော့မည်။၂ (ကသ္မာ၊ အဘယ်ကြောင့် နည်း။) ဟိ (ယသ္မာ)၊ အကြင်ကြောင့်။ ဇီဝိတံ၊ အသက်သည်။ ဝါ၊ ရှင်ခြင်းသည်။ မရဏန္တံ၊ သေခြင်းအဆုံးရှိ၏။ (တသ္မာ၊ ထိုကြောင့်တည်း။) (ပါ-၁၄၈)

၁။ ပူတိသန္ဒေဟော။ ။ ပူတိကို “ပူတိကော” သန္ဒေဟောကို “ဒေဟော”ဟု ဝိဘတ်တူ ဖွင့်သောကြောင့် “ပူတိ စ+သာ+သန္ဒေဟော စာတိ ပူတိသန္ဒေဟော”ဟု ပြု၊ သံကား အနက်မဲ့ တည်း၊ သန္ဒေဟသဒ္ဒါသည် ကိုယ်ဟူသောအနက်ကို ဟော၏၊ ဒေဟောကဲ့သို့ “သန္ဒိဟတိ ဝဍ္ဎတိ ဧတ္ထ ကုသလာကုသလန္တိ သန္ဒေဟော(ဓာန်-ဋီ-၁၅၁)၊ သန္ဒေဟတိ ဝဍ္ဎတိ, သန္ဒေဟီယတိ ဝါ ဥပစီယတိ ကမ္မကိလေသေဟီတိ သန္ဒေဟော(ဓာတွတ္ထ)”ဟုပြု။ [သန္ဒေဟောတိ ကာယဿေတံ အဓိဝစနံ၊-မဟာနိ-၁၈။]

တစ်နည်း။ ။ “ပူတိ+သံ+ဒေဟော”ဟု ၃ပုဒ်ကြံ၍ “ပူတိ-ပုပ်သည်၊ သံ (သန္တော)- ဖြစ်လျက်၊ ဒေဟော-သင့်ကိုယ်သည်၊ ဘိဇ္ဇတိ”ဟုလည်းကောင်း “ပူတိ+သန္ဒေဟော”ဟု ၂ပုဒ်ကြံ၍ “ပူတိ-ပုပ်၏၊ သန္ဒေဟော-မိမိ၏ကိုယ်သည်၊ [သဿ+ဒေဟော သန္ဒေဟော၊] ဘိဇ္ဇတိ”ဟုလည်း ကောင်း ပေးကြသေး၏။

၂။ ဘိဇ္ဇတိ ။ ။ “န စိရဿေဝ ဘိဇ္ဇတိ” ဟု ဖွင့်သောကြောင့် ယာဝ ပုရာစသည်တို့နှင့် မယှဉ်သော်လည်း ဝတ္တမာနာ ပစ္စုပန္နေသုတ်၌ “ဝတ္တမာနာ”ဟူသော ယောဂဝိဘာဂဖြင့် အနာဂတ် အနက်၌ ဝတ္တမာန်ဝိဘတ်သက်နိုင်သည်။(ဝိဗော၊၂၀၉)

တစ်နည်း။ ။ မောဂ်-၆, ၁သုတ်၌ သမီပဝတ္တမာန်ဟု ဆို၏၊ ထိုအလို သုတ်ရင်းဖြင့် သက်၊ ဤ၌ အိုခြင်းကြိယာသည် မုချပစ္စုပ္ပန်တည်း၊ ပျက်ခြင်းကြိယာကား အိုခြင်းကြိယာ၏ အနီး၌ ဖြစ်သောကြောင့် သမီပဝတ္တမာန်တည်း၊ “သင့်ရုပ်သည် အိုနေပြီ၊ ပျက်ဖို့ နီးနေပြီ”ဟူလို၊ တံကာလာပေက္ခဝတ္တမာန်, ကာလဝိပလ္လာသဟုလည်း မောဂ်-၆, ၁သုတ်၌ ဆိုသေး၏၊ အကျယ်ကို မောဂ်နိ- ၂, ၂၉၇-၈ ရှု။

ဥတ္တရာထေရီဝတ္ထုဂါထာနိဿယပြီးပြီ။