တူရာသီ သီတင်းကျွတ်လဘွဲ့ လူးတား
(ရာသီနာရီ၊ တူတညီမျှ၊
ဓာတ်ကဝါယော၊ မာမောစုံလင်၊
ငါးအင်ပဒုမ္မာ၊ ပွင့်ဝါဖြူနီ၊
လှိုင်ကြူရနံ့ သင်းပျံ့လေ။ ။
စက်နေသည်ခွင်၊ သုံးသိန်းတွင်၌၊
သောင်းလျှင်ပဉ္စ၊ တူမာသနှင့်၊
စရရာသီ)[၁]၊ နာရီနှစ်ပါး၊
နေ့ကားသုံးဆယ်၊ ညဝယ်ညီမျှ၊
ထပ်တူရလျက်၊ အဿဝဏီ၊
ရောင်လျှံချီ၍၊ ပြည့်ညီထွန်းလာ၊
ဂြိုဟ်စန္ဒာနှင့်၊ တူသာတကွ၊
ကာကတာရာ၊ ရံဝန်းပါသား၊
နေ့မှာစိတြ၊ နေနှင့်မျှ၍၊
လှည့်ကြလျဉ်လျား[၂]၊ သုံးဘဝါးဟု၊
ပန်းများဖူးစီ၊ ကြာနီကြာညို၊
ပင်တိုင်းစိုသား၊ ရွှေလိုဝတ်ဆံ၊
ညှာတံနွဲ့ယိမ်း၊ မြောက်လေသိမ်းက၊
ညွှတ်တိမ်းပြောင်း၏၊ ပွင့်ဘိငုံအာ၊
ငါးမည်ကြာတို့၊ လေညာလေအောက်၊
ရနံ့ရောက်၍၊ ထွန်းတောက်ရဲရဲ၊
ပုလဲရွှေစင်၊ မျက်ရှင်နဝရတ်[၃]၊
စီခတ်ဆောင်ဆောင်၊ နန်းရွှေတောင်ထက်၊
ဘုန်းခေါင်ရာဇာ၊ စကြာမန္ဓာတ်၊
စဉ်မှတ်ဆက်မြဲ၊ ကန်တော့ပွဲဟု[၄]၊
ကျော်သဲအုတ်အော်၊ ပူဇော်ဆီမီး၊
ညီးညီးဝင်းဝင်း၊ ထွန်းလင်းရောင်ထိန်၊
အာလိမ်ငါးဆင့်၊ ရွှန်းရွှန်းတင့်သား၊
နတ်မင့်းစံရာ၊ ၀တိံသာသို့၊
လေးရောင်ဖြာစို၊ မြင့်မိုရ်ပွဲကြီး၊
ယှဉ်မှီးမာသ၊ မြောက်လေစ၍[၅]၊
သက်မျှကြင်သူ၊ မွတ်ရွအူနှင့်၊
အတူတကွ၊ မောင်ကတိုင်မျှောက်၊
မယ်ကဖောက်၍၊ နှစ်ယောက်စုံလင်၊
စွယ်တော်စင်တွင်၊ ပန်းတင်ရေသွန်း၊
ဆုယူညွှန်းသည်။ ။
ပြောင်ရွှန်းဆီမီးတိုင်နှင့်လေ။
ကြာခိုင်သည့်ဝေညွှတ် သီတင်းကျွတ်[၆]။ ။
ချောမွတ်လှကြန်ညီ[၇]။
ဟန်ချီလို့ကုန်ပျောင်း ရှုတိုင်းကောင်း။ ။
ဖရောင်းပုံမမှီ။
သိင်္ဂီတည့်ရောင်လျှမ်း ရည်ရွှမ်းရွှမ်း[၈]။ ။
မှတ်ချက်
[ပြင်ဆင်ရန်]- ↑ (ချင့်တွက်နာရီ၊ တူညီအမျှ၊ ဖူးစငုံအာ၊ ရွှေကြာဝတ်ပန်းဆန်းလှလေ။ ဝါယောဓာတ်ညီ) (မ) (ဟ)
- ↑ နေ့မှာစိတြ၊ နေနှင့်မျှ၍၊ ထွန်းပရဲရဲ၊ ပုလဲရွှေစင်၊ မျက်ရှင်နဝရတ်၊ လှည့်ပတ်လျင်လျား (မ) (ဟ)
- ↑ ထွန်းတောက်လျှံလျှံ၊ ဝတ်ဆံရွှေစင်၊ မျက်ရှင်နဝရတ် (မ) (ဟ)
- ↑ စကြာမန္ဓာတ်၊ သောင်းလုံးနတ်တို့၊ မပြတ်နှစ်စဉ်၊ စီလျဉ်ဆက်မြဲ၊ ကန်တော့ပွဲဟု (ဘ)။ စကြာမန္ဓာတ်၊ သောင်းလုံးနတ်ကို၊ မပြတ်နှစ်စဉ်၊ စီးဆင်ဆက်မြဲ၊ ကန်တော့ပွဲဟု (မ) (ဟ)။
- ↑ ယှဉ်မှီးတဝ၊ မြောက်လေသ၍ (မ) (ဟ)
- ↑ ကြာခိုင်တည့်လျှံလင်း ကျွတ်သီတင်း (မ) (ဟ)
- ↑ ပြာဝင်းလှကြန်ညီ (မ) (ဟ)
- ↑ သိင်္ဂီတည့်ရောင်ထွန်း ပြောင်ပြောင်ရွှန်း (မ) (ဟ)
- မူရင်း - ရေနံချောင်း တွင်းစားကြီးဦးဘိုးဂုဏ် လက်ရေးမူ
- [ဟ] - ဟံသာဝတီပုံနှိပ်တိုက်၊ ရန်ကုန်မြို့၊ ၁၉၀၇-ခုနှစ်ထုတ် စာအုပ်မူ
- [မ] - မြန်မာစာညွန့်ပေါင်းကျမ်း၊ တတိယတွဲမူ
- [ဘ] - ဘားနတ်ပိဋကတ်တိုက်ပေမူ၊ ရန်ကုန်မြို့
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |