ဒေဝဒတ္တဝတ္ထု
ယမကဝဂ်
၇။ ရှင်ဒေဝဒတ်ဝတ္ထု
အနိက္ကသာဝေါ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ရာဇဂြိုဟ်ပြည်၌ ဒေ၀ဒတ်၏ သင်္ကန်းရခြင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ဒကာ လေးမျိုး
အခါတစ်ပါး၌ နှစ်ပါးသော အဂ္ဂသာဝကတို့သည် မိမိ,မိမိ၏ ငါးရာ,ငါးရာကုန်သော အခြံအရံရဟန်းတို့ကို ခေါ်ဆောင်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျှောက်ထား ခွင့်ပန်ကြား၍ ဇေတဝန်ကျောင်းတော်မှ ရာဇဂြိုဟ်ပြည်သို့ သွားရောက်ကြလေကုန်၏။ ရာဇဂြိုဟ်ပြည်၌နေကုန်သော နှစ်ယောက်ကုန်သော သူတို့သည်လည်းကောင်း၊ သုံးယောက်ကုန်သော သူတို့သည်လည်းကောင်း၊ များစွာကုန်သော သူတို့သည်လည်းကောင်း တစ်ပေါင်းတည်း စုပေါင်း၍ အာဂန္တုကအလှူကို ပေးလှူကြလေကုန်၏။ ထိုအခါ တစ်နေ့သ၌ အရှင်သာရိပုတြာသည် အနုမောဒနာတရား ဟောကြားတော်မူလိုသည် ဖြစ်ရကား-
၁။ ဒါယကာတို့- ဒါယကာတစ်ယောက်သည် မိမိချည်းသာ ပေးလှူ၏၊ သူတစ်ပါးကို မတိုက်တွန်း,မနှိုးဆော်။ ထိုသူသည် ဖြစ်တိုင်း ဖြစ်တိုင်းသော ဘဝ၌ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံခြင်းကို ရ၏။ အခြံအရံနှင့် ပြည့်စုံခြင်းကိုကား မရ။
၂။ ဒါယကာတစ်ယောက်သည် မိမိသည်ကား မပေးမလှူ၊ သူတစ်ပါးကိုသာ တိုက်တွန်း နှိုးဆော်၏။ ထိုသူသည် ဖြစ်တိုင်း ဖြစ်တိုင်းသော ဘဝ၌ အခြံအရံနှင့်ပြည့်စုံ၏။ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံခြင်းကိုကား မရ။
၃။ ဒါယကာတစ်ယောက်သည် မိမိသည်လည်း မပေးမလှူ၊ သူတစ်ပါးကိုလည်း မတိုက်တွန်း မနှိုးဆော်၊ ထိုသူသည် ဖြစ်တိုင်း ဖြစ်တိုင်းသော ဘဝ၌ ပအုံးရည်ကိုမျှလည်း ဝမ်းပြည့်လောက်အောင် မရ၊ အားကိုးအားထားပြုစရာ အထောက်အပံ့ကိုလည်း မရ။
၄။ ဒါယကာတစ်ယောက်သည် မိမိလည်း ပေးလှူ၏၊ သူတစ်ပါးကိုလည်း တိုက်တွန်း နှိုးဆော်၏။ ထိုသူသည် ဖြစ်တိုင်း ဖြစ်တိုင်းသော ဘဝ၌ အရာ,အထောင်,အသိန်းသော ကိုယ်၏အဖြစ်၌ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံခြင်းကိုလည်းကောင်း၊ အခြံအရံနှင့် ပြည့်စုံခြင်းကိုလည်းကောင်း ရ၏။
ဤသို့သော တရားဒေသနာကို ဟောကြားတော်မူလေ၏။
ဒါယကာတစ်ဦး အလှူဝတ်စီမံခြင်း
ထိုအခါ ပညာရှိသော ယောက်ျားတစ်ယောက်သည် ထိုတရားကို ကြားနာရ၍ “အိုအချင်းတို့- တရားဟောတော်မူခြင်းသည် အံ့ဖွယ်ရှိလှ၏တကား၊ မဖြစ်ဖူးမြဲ ဖြစ်ပေစွတကား၊ ချမ်းသာခြင်း၏ အကြောင်းကို ကောင်းစွာ ဟောကြားတော်မူအပ်ပေ၏။ ငါသည် ဤနှစ်ပါးသော စည်းစိမ်ချမ်းသာတို့ကို ပြီးစေတတ်သော ကုသိုလ်ကံကို ပြုခြင်းငှာ သင့်၏”ဟု ကြံပြီးလျှင် “အရှင်ဘုရား- နက်ဖြန် တပည့်တော်၏ဆွမ်းကို ခံယူတော်မူပါဘုရား”ဟု အရှင်သာရိပုတြာမထေရ်ကို ပင့်ဖိတ်လေ၏။ ထိုအခါ မထေရ်သည် “ဒါယကာ- အဘယ်မျှလောက်သော ရဟန်းတို့ဖြင့် အလိုရှိသနည်း”ဟု မိန့်တော်မူလတ်သော် “အရှင်ဘုရား- အရှင်ဘုရားတို့၏ အခြံအရံ ရဟန်းတို့ကား အဘယ်မျှ ရှိပါသနည်း”ဟု မေးလျှောက်လေ၏။ “ဒါယကာ- တစ်ထောင်ရှိ၏”ဟု မိန့်တော်မူလတ်သော် “အရှင်ဘုရား- အလုံးစုံသော ရဟန်းတို့နှင့်တကွ နက်ဖြန် တပည့်တော်တို့ဆွမ်းကို ခံယူတော်မူပါဘုရား”ဟု လျှောက်လေ၏။ မထေရ်မြတ်သည်လည်း သည်းခံတော်မူလိုက်လေ၏။
ထိုဒါယကာသည် ရာဇဂြိုဟ်ပြည်ခရီး၌ လှည့်လည် သွားလာလျက် “အို..မိခင်ဖခင်တို့- အကျွန်ုပ်သည် နက်ဖြန် ရဟန်းတစ်ထောင်ကို ပင့်ဖိတ်အပ်ပြီ၊ သင်တို့သည် အဘယ်မျှလောက်သော ရဟန်းတို့အား ဆွမ်းကို လှူဒါန်းခြင်းငှာ တတ်နိုင်ကုန်အံ့နည်း၊ သင်တို့သည် အဘယ်မျှလောက်သော ရဟန်းတို့အား ဆွမ်းကိုလှူဒါန်းခြင်းငှာ တတ်နိုင်ကုန်အံ့နည်း”ဟု တိုက်တွန်း နှိုးဆော်လေ၏။ လူတို့သည် မိမိ,မိမိတို့၏ စွမ်းနိုင်လောက်သော အမှတ်ဖြင့်သာလျှင် “ငါတို့သည် တစ်ကျိပ်သော ရဟန်းသံဃာတို့အား လှူဒါန်းကုန်အံ့၊ ငါတို့သည် နှစ်ကျိပ်သော ရဟန်းသံဃာတို့အား၊ ငါတို့သည် သုံးကျိပ်သော ရဟန်းသံဃာတို့အား၊ ငါတို့သည် လေးကျိပ်သော ရဟန်းသံဃာတို့အား၊ ငါတို့သည် ငါးကျိပ်သော ရဟန်းသံဃာတို့အား၊ ငါတို့သည် တစ်ရာသော ရဟန်းသံဃာတို့အား လှူဒါန်းကုန်အံ့”ဟု ဆိုကုန်၏။ နှိုးဆော်သော ဒါယကာသည်လည်း “ထိုသို့ဖြစ်မူ တစ်ခုတည်းသောအရပ်၌ အညီအညွတ်ပြု၍ တစ်ပေါင်းတည်း လုပ်ကျွေးကုန်အံ့၊ အလုံးစုံသော နှမ်း, ဆန်, ထောပတ်, ပျား, တင်လဲ စသည်တို့ကို ကောင်းစွာ ဆောင်ခဲ့ကြပါလော့”ဟု တိုက်တွန်းလျက် တစ်ခုတည်းသော အရပ်သို့ ကောင်းစွာ ဆောင်ယူခဲ့စေ၏။ ထိုအခါ နှိုးဆော်သော ဒါယကာအား သူကြွယ်တစ်ယောက်သည် အဖိုးတစ်သိန်းထိုက်သော နံ့သာဖြင့်ထုံအပ်သော သင်္ကန်းလျာပုဆိုးကို ပေး၍ “သင်၏အလူဝတ်သည် အကယ်၍ မပြည့်စုံခဲ့သည်ဖြစ်အံ့၊ ဤအဖိုးတစ်သိန်းထိုက်သော ပုဆိုးကိုရောင်း၍ ယုတ်လျော့သော အလှူဝတ္ထုကို ဖြည့်ပါလေလော့၊ အကယ်၍ ပြည့်စုံလုံလောက်သည်ဖြစ်အံ့၊ လှူခြင်းငှာ အလိုရှိသော ရဟန်းအား ပေးလှူပါလော့”ဟု ဆိုလေ၏။
ရှင်ဒေ၀ဒတ် တစ်သိန်းတန်သင်္ကန်း ရခြင်း
ထိုအလှူနှိုးဆော်သော ဒါယကာအားလည်း အလုံးစုံသော အလှူဝတ်သည် လုံလောက်ပြည့်စုံလေ၏။ တစ်စုံတစ်ခုသော ဝတ္ထုကိုမျှလည်း ယုတ်လျော့ခြင်းမည်သည် မရှိလေပြီ။ ထိုနှိုးဆော်သောသူသည် လူတို့ကို “အမောင်တို့ အမိတို့- ဤသင်္ကန်းလျာပုဆိုးကို သူကြွယ်တစ်ယောက်သည် ဤသို့သော စကားကိုဆို၍ ပေးလိုက်၏။ ထိုအဝတ်သင်္ကန်းသည် အပိုအလွန်ဖြစ်ခဲ့ပြီ၊ အဘယ်ရဟန်းအား ထိုသင်္ကန်းလျာပုဆိုးကို လှူကြကုန်အံ့နည်း”ဟု မေး၏။ ထိုအခါ အချို့ကုန်သောသူတို့သည် “အရှင်သာရိပုတြာမထေရ်အား လှူကုန်အံ့”ဟု ဆိုကုန်၏။ အချို့ကုန်သော သူတို့သည် “အရှင်သာရိပုတ္တာ မထေရ်သည် စပါးမှည့်သောအခါ၌သာ လာ၍ ကြွသွားတော်မူတတ်သော အလေ့ရှိ၏။ ရှင်ဒေဝဒတ်သည်ကား ငါတို့၏ မင်္ဂလာကြီးငယ်တို့၌ ကြည့်ရှုစောင်မသဖြင့် အဖော်သဟဲ ဖြစ်ပေ၏။ ရေအိုးစရည်းကြီးသဖွယ် အမြဲမပြတ် ငါတို့၏ အရပ်ဒေသ၌သာ သီတင်းသုံး တည်နေတော်မူ၏။ ထိုအရှင်ဒေဝဒတ်အား ထိုသင်္ကန်းလျာပုဆိုးကို လှူကုန်အံ့”ဟုဆိုကုန်၏။ များစွာသော လူအပေါင်းတို့၏ အညီအညွတ် တိုင်ပင်ပြောဆိုသောစကားဖြင့်လည်း “ရှင်ဒေဝဒတ်အား ပေးလှူအပ်၏”ဟု ပြောဆိုသောသူတို့ကား အလွန်တရာ များကုန်၏။ ထိုအခါ ပုဆိုးကို ရှင်ဒေဝဒတ်အား လှူကြကုန်၏။ ထိုရှင်ဒေဝဒတ်သည် သင်္ကန်းလျာပုဆိုးကိုဖြတ်၍ စီရင်ပြီးလျှင် ဆိုးရည်တို့ဖြင့်ဆိုး၍ ဝတ်ရုံသုံးဆောင်ကာ လှည့်လည်သွားလာ၏။ ထိုသို့ လှည့်လည်သွားလာသည်ကို လူအများတို့မြင်လျှင် “ဤသင်္ကန်းကား ရှင်ဒေဝဒတ်အား မလျောက်ပတ် မထိုက်တန်၊ အရှင်သာရိပုတြာ မထေရ်အားသာ လျောက်ပတ် ထိုက်တန်၏၊ ရှင်ဒေဝဒတ်သည် မိမိအား မထိုက်တန်သော သင်္ကန်းကို ဝတ်ရုံ၍ လှည့်လည်ခဲ့၏”ဟု ဆိုကုန်၏။
ထိုအခါ အရပ်မျက်နှာ၌နေသော ရဟန်းတစ်ပါးသည် ရာဇဂြိုဟ်ပြည်မှ သာဝတ္ထိပြည်သို့ သွား၍ ဘုရားရှင်ကို ရှိခိုးပြီးလျှင် ပဋိသန္ဓာရစကားဖြင့် အစေ့အစပ် ပြုပြီးသည်ရှိသော် မြတ်စွာဘုရားသည် နှစ်ပါးသော အဂ္ဂသာဝကတို့၏ ချမ်းသာစွာနေခြင်းကို မေးတော်မူအပ်သည်ဖြစ်၍ အစမှစ၍ အလုံးစုံသော ထိုအကြောင်းကို လျှောက်ကြားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “ချစ်သားရဟန်း- ထိုဒေဝဒတ်သည် ယခုအခါ၌သာ မိမိအား မလျောက်ပတ် မထိုက်တန်သော အဝတ်သင်္ကန်းကိုဝတ်၍ သုံးဆောင်သည် မဟုတ်သေး၊ ရှေး၌လည်း ဝတ်ရုံ သုံးဆောင်ဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလေ၏။
ရှင်ဒေ၀ဒတ်အလောင်း၏ အတိတ်
လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဗာရာဏသီပြည်၌နေသော တစ်ယောက်သော ဆင်သတ်ယောက်ျားသည် ဆင်ကိုသတ်၍,သတ်၍ အစွယ်, ခြေသည်း, လက်သည်း, အူသိမ်, အူမ, တစ်ခဲနက်ရှိသော အသားစိုင်တို့ကို ဆောင်ယူကာ ရောင်းချလျက် အသက်မွေးမြူလေ၏။ ထိုအခါ တစ်ခုသောတော၌ အထောင်မက များစွာကုန်သော ဆင်တို့သည် အစာရှာလိုသောကြောင့် စားကျက်ယူ၍ သွားကုန်သည်ရှိသော် အရှင်ပစ္စေကဗုဒ္ဓါတို့ကိုမြင်၍ ထိုမြင်သည်မှစ၍ သွားသောကာလ ပြန်သောကာလ၌ ပုဆစ်ဒူးတို့ဖြင့် တုပ်ဝပ်ရှိခိုးပြီးမှ ဖဲသွားကြကုန်၏။ တစ်နေ့သ၌ ဆင်သတ်ယောက်ျားသည် ထိုဆင်များ ရှိခိုးသော အခြင်းအရာကိုမြင်လျှင် “ငါကား ဤဆင်တို့ကို ဆင်းရဲ ငြိုငြင်စွာ သတ်ရ၏။ ဤဆင်တို့သည်လည်း သွားတိုင်း လာတိုင်းသော ကာလ၌ အရှင်ပစ္စေကဗုဒ္ဓါတို့ကို ရှိခိုးကြကုန်၏။ အဘယ်ကိုမြင်၍ ရှိခိုးကုန်သနည်း”ဟု ဆင်ခြင်သည်ရှိသော် “သင်္ကန်းကိုမြင်၍ ရှိခိုးကုန်၏”ဟု မှတ်သားပြီးလျှင် “ငါသည်လည်း ယခုအခါ သင်္ကန်းကို ရခြင်းငှာ သင့်၏”ဟု ကြံပြီး၍ အရှင်ပစ္စေကဗုဒ္ဓါတစ်ဆူ ဇာတဿရအိုင်သို့ သက်ဆင်း၍ ရေချိုးစဉ် ကမ်းနား၌ ထားအပ်ကုန်သော သင်္ကန်းတို့တွင် တစ်ထည်သောသင်္ကန်းကို ခိုးယူ၍ ထိုဆင်တို့ သွားရာ,လာရာဖြစ်သော လမ်းခရီး၌ လှံကို စွဲကိုင်လျက် ဦးခေါင်းနှင့်တကွ ကိုယ်ကိုခြံရုံ၍ နေလေ၏။ ဆင်တို့သည် ထိုသင်္ကန်း ခြံရုံ၍နေသော ဆင်သတ်မုဆိုး ယောက်ျားကိုမြင်လျှင် အရှင်ပစ္စေကဗုဒ္ဓါ ဟူသော အမှတ်ဖြင့် ရှိခိုးပြီးမှ ဖဲသွားကြကုန်၏။ ထိုဆင်သတ်မုဆိုးသည် အလုံးစုံသော ဆင်တို့နောက်မှ သွားသော ဆင်ကို လှံဖြင့် ထိုးသတ်ပြီးလျှင် အစွယ်စသည်တို့ကိုယူ၍ အကြွင်းကို မြေ၌မြှုပ်ထားခဲ့၍ သွားလေ၏။
နောက်အဖို့၌ ဘုရားလောင်းသည် ဆင်အမျိုး၌ ပဋိသန္ဓေကိုယူ၍ ဖွားမြင်သောအခါ ဆင်တို့၏အကြီးအမှူး ဆင်မင်း ဖြစ်လေ၏။ ထိုအခါ၌လည်း ဆင်သတ်မုဆိုးသည် ထိုရှေးအတူသာလျှင် ပြု၏။ ဘုရားလောင်း ဆင်မင်းသည် မိမိပရိသတ်၏ ဆုတ်ယုတ်ခြင်းကိုသိ၍ “ဤဆင်အပေါင်းတို့သည် အဘယ်အရပ်သို့သွား၍ နည်းပါးကုန်သနည်း”ဟု မေးသဖြင့် “အရှင်ဆင်မင်း- အကျွန်ုပ်တို့ မသိပါကုန်”ဟု ဆိုလတ်သည်ရှိသော် “တစ်စုံတစ်ခုသောအရပ်သို့ သွားသော် ငါ့ကိုမပန်ကြားဘဲ မသွားကုန်လတ္တံ့၊ ဘေးရန်အန္တရာယ်ရှိသည် ဖြစ်တန်ရာ၏”ဟုဆို၍ “တစ်ခုသော အရပ်၌ သင်္ကန်းကိုရုံ၍ နေသောသူ၏အထံမှ ဘေးရန်ရှိသည် ဖြစ်တန်ရာ၏”ဟု ယုံမှားတွေးတောခြင်းဖြစ်၍ “ထိုသူကို စုံစမ်းခြင်းငှာ သင့်၏”ဟု အလုံးစုံသော ဆင်တို့ကို ရှေ့မှစေလွှတ်၍ မိမိသည်ကား နောက်မှ ဆွဲဆွဲဆိုင်းငံ့လျက် လာလေ၏။ ဆင်သတ်မုဆိုးသည် ကြွင်းသောဆင်တို့သည် ရှိခိုး၍ သွားကုန်သည်ရှိသော် နောက်ဆုံးမှလာသော ဘုရားလောင်း ဆင်မင်းကိုမြင်သဖြင့် သင်္ကန်းကိုဖယ်၍ လှံကို လွှတ်လိုက်လေ၏။ ထိုအခါ ဘုရားလောင်း ဆင်မင်းသည် သတိကိုဖြစ်စေလျက် လာသည်ဖြစ်ရကား နောက်သို့ဆုတ်၍ လှံကိုချွတ်ချော်စေပြီးလျှင် “ဤသူသည် ဆင်တို့ကို သတ်ဖြတ်ဖျက်ဆီး၏”ဟု ထိုသူကို ဖမ်းယူခြင်းငှာ ပြေးဝင်လာလေ၏။ ဆင်သတ်မုဆိုးသည် သစ်ပင်တစ်ခုကို ရှေ့ထား၍ ပုန်းကွယ်နေလေ၏။
ထိုအခါ ဆင်သတ်မုဆိုးကို သစ်ပင်နှင့်တကွ နှာမောင်းဖြင့် ရစ်ပတ်၍ ကိုင်ယူကာ “မြေ၌ ပုတ်ခတ် ရိုက်သတ်အံ့”ဟု ပြုသည်ရှိသော် ထိုဆင်သတ်မုဆိုးက ထုတ်၍ပြအပ်သော သင်္ကန်းကိုမြင်လျှင် “ငါကား ဤဆင်သတ်မုဆိုးကို အကယ်၍ ပြစ်မှား သတ်ဖြတ်သည် ဖြစ်အံ့၊ အထောင်မက များစွာကုန်သော ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာအရှင်မြတ်တို့၌ အရှက်ကွဲခြင်းသည် ဖြစ်လတ္တံ့”ဟု ဆင်ခြင်သည်းခံ၍ “သင်သည် ဤမျှလောက်သော ငါ၏ဆွေမျိုးတို့ကို သတ်ဖြတ်ဖျက်ဆီးအပ်သည် မဟုတ်တုံလော”ဟု မေးလေ၏။ “အရှင်- ဖျက်ဆီးသည် မှန်ပေ၏”ဟု ဝန်ခံသည်ရှိသော် “အဘယ့်ကြောင့် ဤသို့ ဝန်လေးသောအမှုကို ပြုဘိသနည်း၊ မိမိအား မလျောက်ပတ် မထိုက်တန်၊ ရဟန္တာ ပုဂ္ဂိုလ်တို့အားသာ လျောက်ပတ် ထိုက်တန်သော အဝတ်သင်္ကန်းကို ဝတ်ရုံ၍ ဤသို့သဘောရှိသော အမှုကိုပြုခြင်းဖြင့် ဝန်လေးသောအမှုကို သင်သည် ပြုဘိ၏တကား”ဟု ဆို၏။ ဤသို့သောစကားကို ဆိုပြီးလျှင် အလွန်နှိပ်ကွပ် ဆုံးမလိုသောကြောင့် “အနိက္ကသာဝေါ ကာသာဝံ ။လ။ သ ဝေ ကာသာမရဟတိ”ဟူသော ဂါထာကိုဆို၍ မသင့်သော အမှု၊ ဝန်လေးသော အမှုကို သင်ပြုဘိ၏တကားဟု ပြောဆိုဆုံးမလေ၏။
မြတ်စွာဘုရားသည် ဤတရားဒေသနာကို ဆောင်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ ထိုအခါ ဆင်သတ်ယောက်ျားသည် ဒေ၀ဒတ် ဖြစ်လာ၏။ ထိုဆင်သတ်ယောက်ျားကို နှိပ်ကွပ်ဆုံးမတတ်သော ဆင်မင်းသည်ကား ငါဘုရား ဖြစ်လာ၏ဟု ဇာတ်ကို ပေါင်းတော်မူပြီးလျှင် “ချစ်သား ရဟန်းတို့- ယခုအခါ၌သာလျှင် ဒေဝဒတ်သည် မိမိအား မလျောက်ပတ် မထိုက်တန်သော အဝတ်သင်္ကန်းကို ဝတ်ရုံသည်မဟုတ်သေး၊ ရှေး၌လည်း ဝတ်ရုံဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောတော်မူလေ၏။
ဟောဖော်ညွှန်ပြ
အပေတော ဒမသစ္စေန န သော ကာသာဝမရဟတိ။
ဥပေတော ဒမသစ္စေန သ ဝေ ကာသာဝမရဟတိ။
အနိက္ကသာဝေါ၊ ရာဂစသော ကိလေသာဟူသော ဖန်ရည်တို့မှ မကင်းသော။ ဒမသစ္စေန၊ စက္ခုစသော ဣန္ဒြေကိုဆုံးမခြင်း, မှန်ကန်စွာ ပြောဆိုခြင်းမှ။ အပေတော၊ ကင်းသော။ ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ကာသာဝံ၊ ဖန်ရည်စွန်းသော။ ဝတ္ထံ၊ အဝတ်သင်္ကန်းကို။ ပရိဒဟိဿတိ၊ သုံးဆောင်မှီဝဲအံ့။ သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ကာသာဝံ၊ သင်္ကန်းကို။ န အရဟတိ၊ မထိုက်။
ယော စ ပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်ကား။ ဝန္တကသာဝေါ၊ လေးပါးသော မဂ်ဉာဏ်ဖြင့် ပျို့အန်ပြီး စွန့်ပြီးဖြစ်သော ကိလေသာဟူသော ဖန်ရည်ရှိသည်။ အဿ-ဟောတိ၊ ဖြစ်၏။ သီလေသု၊ စတုပါရိသုဒ္ဓိ သီလတို့၌။ သုသမာဟိတော စ၊ ကောင်းစွာ ဆောက်တည်သည်လည်း။ ဒမသစ္စေန၊ စက္ခုစသော ဣန္ဒြေကိုဆုံးမခြင်း, မှန်ကန်စွာ ပြောဆိုခြင်းနှင့်။ ဥပေတော စ၊ ပြည့်စုံသည်လည်း။ အဿ-ဟောတိ၊ ဖြစ်၏။ သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ဝေ-ဧကန္တေန၊ စင်စစ်သဖြင့်။ ကာသာဝံ၊ သင်္ကန်းကို။ အရဟတိ၊ ထိုက်၏။
(ဤအနက်ကို ဆဒ္ဒန်ဆင်မင်း ဇာတ်တော်ဖြင့်လည်း ပြအပ်၏။)
ဒေသနာတော်၏ အကျိုး
ဂါထာ၏အဆုံး၌ အရပ်မျက်နှာ၌ နေလေ့ရှိသော အာဂန္တုရဟန်းသည် သောတာပန် ဖြစ်လေ၏။ ထိုရဟန်းမှတစ်ပါး များစွာသော ရဟန်းတို့သည်လည်း သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ လူများအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။