ပဋာစာရာဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၂၀-မဂ္ဂဝဂ်။ ၁၂-ပဋာစာရာဝတ္ထု
၂၈၈။ န သန္တိ ပုတ္တာ တာဏာယ၊ ပိတာ နာပိ ဗန္ဓဝါ။
အန္တကေနာဓိပန္နဿ၊ နတ္ထိ ဉာတီသု တာဏတာ။
၂၈၉။ ဧတမတ္ထဝသံ ဉတွာ၊ ပဏ္ဍိတော သီလသံဝုတော။
နိဗ္ဗာနဂမနံ မဂ္ဂံ၊ ခိပ္ပမေဝ ဝိသောဓယေ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သားနှစ်ယောက် ခင်ပွန်း မိဘ မောင်တို့ သေဆုံးသဖြင့် သောကနှင့်တွေ့၍ အရူးဘဝသို့ ရောက်သော ပဋာစာရာကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ပဋာစာရာ သောတာပန်ဖြစ်သည်။
အနက်
အန္တကေန၊ သေမင်းသည်။ အဓိပန္နဿ၊ အနှိပ်စက်ခံရသူအား။ တာဏာယ၊ သေမင်းမှ စောင့်ရှောက်ရန်။ ပုတ္တာ၊ သားသမီးတို့သည်။ န သန္တိ၊ မရှိကုန်။ ပိတာ၊ မိဘသည်။ န အတ္ထိ၊ မရှိ။ ဗန္ဓဝါ၊ အဆွေခင်ပွန်းတို့သည်။ န သန္တိ၊ မရှိကုန်။ ဉာတီသု၊ ဆွေမျိုးတို့တွင်။ တာဏတာ၊ စောင့်ရှောက်နိုင်မည့်သူသည်။ နတ္ထိ၊ မရှိ။
ဧတံ အတ္ထဝသံ၊ ဤအကြောင်းထူးကို။ ဉတွာ၊ သိ၍။ ပဏ္ဍိတော၊ ပညာရှိသည်။ သီလသံဝုတော၊ သီလကို စောင့်စည်းလျက်။ နိဗ္ဗာနဂမနံ၊ နိဗ္ဗာန်ရောက်ကြောင်းဖြစ်သော။ မဂ္ဂံ၊ အဋ္ဌင်္ဂိကမဂ်ကို။ ခိပ္ပမေဝ၊ လျင်စွာသာလျှင်။ ဝိသောဓယေ၊ သန့်စင်စေရာ၏။
စကားပြေ
သေမင်းအနှိပ်စက်ခံနေရသူအား သေမင်းမှ စောင့်ရှောက်ရန် သားသမီး မိဘ အဆွေခင်ပွန်းတို့တွင် တယောက်မျှ စောင့်ရှောက်နိုင်မည့်သူ မရှိ။ ဤအကြောင်းထူးကို သိသော ပညာရှိသည် သီလကို စောင့်စည်းလျက် နိဗ္ဗာန်သို့ ရောက်ကြောင်း အဋ္ဌင်္ဂိကမဂ်ကို လျင်မြန်စွာ သန့်စင်စေရာ၏။
ဗန္ဓဝါ—သားသမီး မိဘတို့မှတပါး ကြွင်းသော ဆွေမျိုး ချစ်ကျွမ်းဝင်သူ ရ၏။
နတ္ထိ ဉာတိသု တာဏတာ—ယခုပစ္စုပ္ပန်၌ သားသမီးစသည်တို့သည် ထမင်း အဖျော်ယမကာ ပေးခြင်း ဖြစ်ပေါ်သော ကိစ္စကို ဆောင်ရွက်ခြင်းဖြင့် စောင့်ရှောက်နိုင်သော်လည်း သေခါနီးအခါ ဘယ်နည်းနှင့်မျှ သေခြင်းကို မတားနိုင် မစောင့်ရှောက်နိုင်သည့် အဖြစ်ကြောင့် နတ္ထိ ဉာတိသု တာဏတာ ဟု ဆိုပါသည်။
သီလသံဝုတော၌ သီလ—စတုပါရိသုဒ္ဓိ သီလ။
နိဗ္ဗာနဂမနမဂ္ဂံ၌ မဂ္ဂ—အဋ္ဌင်္ဂိကမဂ်။
ပဋာစာရာဝတ္ထု ပြီး၏။
မဂ္ဂဝဂ် ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၂၀-မဂ္ဂဝဂ်
၁၂-ပဋာစာရာဝတ္ထုအဋ္ဌကထာဂါထာ
ဧကာဟံ ဇီဝိတံ သေယျော, ပဿတော ဥဒယဗ္ဗယံ။
ယော စ၊ အကြင်သူသည်ကား။ ဥဒယဗ္ဗယံ၊ ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်းပျက်ခြင်း ကို။ အပဿံ (အပဿန္တော)၊ မမြင်သည်။ (ဟုတွာ၊ ၍။) ဝဿသတံ၊ နှစ်တစ်ရာပတ်လုံး။ ဇီဝေ၊ အသက်ရှင်ရာ၏။ (တဿ၊ ထိုခန္ဓာငါးပါးအဖြစ်အပျက်ကို မမြင်သူ၏။ ဇီဝနတော၊ အသက်ရှင်ခြင်းထက်။) ဥဒယဗ္ဗယံ၊ ကို။ ပဿတော၊ မြင်သူ၏။ ဧကာဟံ၊ တစ် ရက်ပတ်လုံးလည်း။ ဝါ၊ တစ်ရက်မျှလည်း။ ဇီဝိတံ၊ အသက်ရှင်ရခြင်းသည်။ သေယျော၊ မြတ်၏။ (ဋ္ဌ-၂၂၈)
ပဋာစာရာဝတ္ထုပါဠိဂါထာ
အန္တကေနာဓိပန္နဿ, နတ္ထိ ဉာတီသု တာဏတာ။
အန္တကေန၊ တစ်ဘဝအဆုံးကို ပြုတတ်သော သေမင်းသည်။ အဓိပန္နဿ၊ လွှမ်းမိုးနှိပ်စက်အပ်သူ၏။ ဝါ၊ ကို။ တာဏာယ၊ သေခြင်းမှ စောင့်ရှောက်ခြင်းငှာ။ ပုတ္တာ၊ သားသမီးတို့သည်။ န သန္တိ၊ မရှိကုန်။ ပိတာ၊ မိဘတို့သည်။ န သန္တိ၊ ကုန်။ [(တစ်နည်း) ပိတာ၊ အဖေသည်။ န အတ္ထိ၊ မရှိ၊] ဗန္ဓဝါပိ၊ (သားသမီးမိဘတို့မှ ကြွင်းသော) ဆွေမျိုးမိတ် ဆွေတို့သည်လည်း။ န သန္တိ၊ ကုန်။ ဉာတီသု၊ ဆွေမျိုးတို့၌။ ဝါ၊ တို့၏။ တာဏတာ၊ သေခြင်းမှ စောင့်ရှောက်နိုင်သူတို့၏ အဖြစ်သည်။ နတ္ထိ၊ မရှိ။ (ပါ-၂၈၈) [“ပဝတ္တိယံ ဟိ” စသော အဖွင့်အတိုင်း ပေးသည်။ “တာဏာယ၊ ငှာ။ ပုတ္တာ၊ တို့သည်။ ...ဗန္ဓဝါပိ န သန္တိ၊ အန္တကေန အဓိပန္နဿ ဉာတီသု တာဏတာ နတ္ထိ” ဟုလည်း အစဉ်အတိုင်း ပေးကြ၏။]
နိဗ္ဗာနဂမနံ မဂ္ဂံ, ခိပ္ပမေဝ ဝိသောဓယေ။
ဧတံ အတ္ထဝသံ၊ ဤအကြောင်းကို။ ဉတွာ၊ သိ၍။ ပဏ္ဍိတော၊ ပညာရှိသည်။ သီလသံဝုတော၊ စတုပါရိသုဒ္ဓိသီလဖြင့် စောင့်စည်းအပ်သော ကာယဒွါရ ဝစီဒွါရရှိ သည်။ ဝါ၊ စတုပါရိသုဒ္ဓိသီလဖြင့် စောင့်စည်းသည်။ (ဟုတွာ၊ ၍။) နိဗ္ဗာနဂမနံ၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော။ မဂ္ဂံ၊ အင်္ဂါရှစ်ပါးရှိသောမဂ်ကို။ ခိပ္ပမေဝ၊ လျှင်မြန်စွာသာလျှင်။ ဝိသောဓယေ၊ စင်ကြယ်စေရာ၏။ ဝါ၊ ရှင်းလင်းသုတ်သင်ရာ၏။ (ပါ-၂၈၉) [ရေးသင့်သမျှကို သဟဿဝဂ်၌ ရေးခဲ့ပြီ။]
ပဋာစာရာဝတ္ထုဂါထာနိဿယပြီးပြီ။
မဂ္ဂဝဂ်ဂါထာနိဿယပြီးပြီ။