အတ္တနောပုဗ္ဗကမ္မဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၂၁-ပကိဏ္ဏကဝဂ်
၁-အတ္တနောပုဗ္ဗကမ္မဝတ္ထု
၂၉၀။ မတ္တာသုခပရိစ္စာဂါ၊ ပဿေ စေ ဝိပုလံ သုခံ။
စဇေ မတ္တာသုခံ ဓီရော၊ သမ္ပဿံ ဝိပုလံ သုခံ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရှေးလွန်လေပြီးသောဘဝက သားဖြစ်သူ တုသီမပစ္စေကဗုဒ္ဓါ၏ စေတီတော်၌ မြက်နုတ်ခြင်း သဲခင်းခြင်း ရေဖျန်းခြင်း တောပန်းတို့ဖြင့် ပူဇော်ခြင်း မိမိဆောင်းသောထီးကို စေတီတော်အထက်၌ ချည်၍လှူခြင်း၊ မိမိပုဆိုးကို တံခွန်ပြုခြင်းတို့ကို ပြုသော သင်္ခပုဏ္ဏား ဖြစ်စဉ်က ပြုခဲ့သော ဘုရားရှင်၏ ရှေးကုသိုလ်တို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။
အနက်
မတ္တာသုခပရိစ္စာဂါ၊ အနည်းငယ်သော ချမ်းသာကို စွန့်လွှတ်ခြင်းကြောင့်။ ဝိပုလံ၊ ကြီးကျယ်ပြန့်ပြောသော။ သုခံ၊ နိဗ္ဗာန်ချမ်းသာသည်။ နိဗ္ဗတ္တတိ၊ ဖြစ်ပေါ်၏။ ဣတိ၊ ဤသို့။ စေ ပဿေ၊ အကယ် မြင်ငြားအံ့။ ဝိပုလံ၊ ကြီးကျယ်ပြန့်ပြောသော။ သုခံ၊ နိဗ္ဗာန်ချမ်းသာကို။ သမ္ပဿံ-သမ္ပဿန္တော၊ မြင်သော။ ဓီရော၊ ပညာရှိသည်။ မတ္တာသုခံ၊ အနည်းငယ်သော ချမ်းသာကို။ စဇေ၊ စွန့်လွှတ်ရာ၏။
စကားပြေ
အနည်းငယ်သော ချမ်းသာကို စွန့်လွှတ်ခြင်းကြောင့် ကြီးကျယ်ပြန့်ပြောသော နိဗ္ဗာန်ချမ်းသာ ဖြစ်၏ဟု မြင်သော ပညာရှိသည် အနည်းငယ်သော ချမ်းသာကို စွန့်လွှတ်ရာ၏။
မတ္တာသုခ ပရိစ္စာဂါ— ထမင်းတစ်ပွဲကို စီရင်ပြီး စားသုံးသော ပုဂ္ဂိုလ်အား အနည်းငယ်မျှသော ချမ်းသာ ဖြစ်သည်မှန်သော်လည်း ထိုအနည်းငယ်သော ချမ်းသာမှုကို စွန့်လွှတ်ပြီး ဥပုသ်ဆောက်တည်ခြင်း အလှူပေးခြင်းကို ပြုခဲ့သော် များပြားလှစွာသော နိဗ္ဗာန်ချမ်းသာသည် ဖြစ်နိုင်ပေသည်။ ထို့ကြောင့် အနည်းငယ် ချမ်းသာကို စွန့်ပြီး များစွာသော ချမ်းသာကို ကောင်းစွာ မြင်သော ပညာရှိသည် အနည်းငယ်သော ချမ်းသာကို စွန့်ရာ၏။
ဝိပုလသုခ— ဟူသည် နိဗ္ဗာန်ချမ်းသာကို ဆိုလိုပါသည်။
ပါဠိသဒ္ဒါခက်ဆစ်
မတ္တာသုခပရိစ္စာဂါ = မတ္တာ သုခံ မတ္တာသုခံ။ မတ္တာ + သုခ။ မတ္တာ = မာ + တ။ မတ္တာသုခဿ ပရိစ္စာဂေါ မတ္တာသုခပရိစ္စာဂေါ။
အတ္တနောပုဗ္ဗကမ္မဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၂၁-ပကိဏ္ဏကဝဂ်
၁-အတ္တနောပုဗ္ဗကမ္မဝတ္ထုပါဠိဂါထာ
စဇေ မတ္တာသုခံ ဓီရော, သမ္ပဿံ ဝိပုလံ သုခံ။
မတ္တာသုခပရိစ္စာဂါ၊ အတိုင်းအရှည်ရှိစွာ, ချမ်းသာအငယ်စား, စွန့်ပယ်ရှား ခြင်းကြောင့်။၁ ဝိပုလံ၊ ကြီးကျယ်မွန်မြတ်သော။ သုခံ၊ နိဗ္ဗာန်ချမ်းသာကို။ စေ ပဿေ (စေ ပဿေယျ)၊ အကယ်၍ မြင်အံ့။ (ဧဝံ သတိ၊ ဤသို့ မြင်လသော်။) ဝိပုလံ၊ ကြီးကျယ် မွန်မြတ်သော။ သုခံ၊ နိဗ္ဗာန်ချမ်းသာကို။ သမ္ပဿံ (သမ္ပဿန္တော)၊ ကောင်းစွာမြင်သော။ ဓီရော၊ ပညာရှိသည်။ မတ္တာသုခံ၊ အတိုင်းအရှည်ရှိ, သေးငယ်သည့်ချမ်းသာကို။ စဇေ (စဇေယျ)၊ စွန့်လွှတ်ရာ၏။၁ (ပါ-၂၉၀)
၁။မတ္တာသုခပရိစ္စာဂါ။ ။ “ပမာဏယုတ္တကံ”ဟူသော အဖွင့်အရ မတ္တသဒ္ဒါ ပမာဏ အနက်ဟောတည်း၊ “မီယတေတိ မတ္တာ(သီ၊ဋီ၊သစ်၊၁၊၂၃၁)၊ မီယတေ ဧတာယာတိ မတ္တာ၊ [မာ '+တ၊-ထောမ၊ သီဘာ၊၁၊၃၅၃။] မာနံ(နှိုင်းယှဉ်ခြင်း) မတ္တာ၊ [မာ+အတ္တ၊-မောဂ်-၇၊၈၁။] မတ္တာ+ ဧတဿ အတ္ထီတိ မတ္တံ(ဒီ၊ဋီ၊၃, ၅)၊ မတ္တဉ္စ+တံ+သုခဉ္စာတိ မတ္တာသုခံ၊ ဆန်းကြောင့် တ္တ၌ ဒီဃပြု၊ (တစ်နည်း) မတ္တာယ+ယုတ္တံ+သုခံ မတ္တာသုခံ(အတိုင်းအရှည်နှင့် ယှဉ်သောချမ်းသာ)၊ ပရိစ္စဇနံ ပရိစ္စာဂေါ၊ မတ္တာသုခဿ+ပရိစ္စာဂေါ မတ္တာသုခပရိစ္စာဂေါ”ဟု ပြု။
တစ်နည်း။ ။ “ပရိတ္တသုခံ”ဟူသော အဖွင့်အရ မတ္တာသဒ္ဒါ အပ္ပကအနက်ဟု တစ်နည်း ကြံ၍ “မတ္တာ စ+သာ+သုခဉ္စာတိ မတ္တာသုခံ(အနည်းငယ်သော ချမ်းသာ)”ဟု ပြုကာ ရှေ့နည်း အတိုင်း ဆက်တွဲပါ။
ဝိဘတ်, အနက်။ ။ “ပရိစ္စာဂေန”ဟု ဖွင့်သဖြင့် မတ္တာသုခပရိစ္စာဂါ၌ ပဉ္စမီဝိဘတ် သည် တတိယာ(ဟိတ်)အနက်တည်း၊ (တစ်နည်း)ကာရဏအနက်တည်း၊ (တစ်နည်း) “နာ အာ”ဟူသော ဝိနာဓိကာရယောဂဝိဘာဂဖြင့် နာဝိဘတ်ကို အာပြု။
နီတိသုတ္တ-၁၂၅။ ။ ထို၌ “မတ္တာ+သုခပရိစ္စာဂါ”ဟု ဝါကျယူ၍ မတ္တာ၌ သ္မာဝိဘတ် ဟု ဆို၏၊ ထိုအလို “မတ္တာ+ဧတဿ အတ္ထီတိ မတ္တော”ဟု ပြု၍ “မတ္တာ-အတိုင်းအရှည်ရှိသော၊ သုခပရိစ္စာဂါ-ချမ်းသာကို စွန့်လွှတ်ခြင်းကြောင့်”ဟု ပေး၊ သို့သော် “စဇေ မတ္တာသုခံ ဓီရော”၌ မတ္တာသုခံကို ထောက်လျှင် “မတ္တာသုခပရိစ္စာဂါ”ဟု သမာသ်ပုဒ်ယူခြင်းက ကောင်း၏။
၁။အနက်ကျယ်။ ။ မတ္တာသုခပရိစ္စာဂါ-ပမာတိုင်းလစ်, ရေတွက်စစ်က, မဖြစ်လောက် ဖွယ်, မကြီးကျယ်သည့်, သေးငယ်သုခ, ဟူသမျှကို, မုချမယွင်း, စွန့်လွှတ်ခြင်းကြောင့်၊ ဝိပုလံ သုခံ-ချမ်းသာအမျိုးမျိုး, စံချိန်ထိုးလည်း, တုနိုးမရ, မွန်မြတ်လှသည့်, သုခထိပ်သီး, နိဗ္ဗာန်ချမ်းသာ ကြီးကို၊ စေ ပဿေ (ပဿေယျ)-ကံပြုတိုင်းပင်, ကသိုဏ်းထင်အောင်, နှိုင်းယှဉ်သိမှု, သတိပြုလျက်, ကြည့်ရှုတွင်တွင်, တကယ်ပင် အမြင်သန်ငြားအံ့၊ (ဧဝံ သတိ-ကံပြုတိုင်းပင်, ကသိုဏ်းထင်အောင်, နှိုင်းယှဉ်သိမှု, သတိပြုလျက်, ကြည့်ရှုတွင်တွင်, ဆင်ခြင်မှန်မှန်, အမြင်သန်ခဲ့သည်ရှိသော်၊) ဝိပုလံ သုခံ-ချမ်းသာအမျိုးမျိုး, စံချိန်ထိုးလည်း, တုနိုးမရ, မွန်မြတ်လှသည့်, သုခထိပ်သီး, နိဗ္ဗာန်ချမ်းသာ ကြီးကို၊ သမ္ပဿံ (သမ္ပဿန္တော)-ချမ်းသာနှစ်ပိုင်းတွင်, ကသိုဏ်းထင်အောင်, နှိုင်းယှဉ်သိမှု, သတိ ပြုလျက်, ကြည့်ရှုတွင်တွင်, ကောင်းစွာမြင်သော၊ ဓီရော-စဉ်းစားဆင်ခြင်, အရှည်ထင်လျက်, ဉာဏ်မြင်ကြီးဘိ, ပညာရှိသည်၊ မတ္တာသုခံ-ပမာတိုင်းလစ်, ရေတွက်စစ်က, မဖြစ်လောက်ဖွယ်, မကြီးကျယ်သည့်, သေးငယ်သုခ, ဟူသမျှကို၊ စဇေ (စဇေယျ)-မငဲ့မကွက်, ထည့်မတွက်ဘဲ, စိတ် စက်ကြည်သာ, စွန့်လိုက်ရာသတည်း။
အတ္တနောပုဗ္ဗကမ္မဝတ္ထုဂါထာနိဿယပြီးပြီ။