ပေါဋ္ဌိလတ္ထေရဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၂၀-မဂ္ဂဝဂ်။ ၇-ပေါဋ္ဌိလတ္ထေရဝတ္ထု
၂၈၂။ ယောဂါ ဝေ ဇာယတီ ဘူရိ၊ အယောဂါ ဘူရိသင်္ခယော။
ဧတံ ဒွေဓာပထံ ဉတွာ၊ ဘဝါယ ဝိဘဝါယ စ။
တထာတ္တနံ နိဝေသေယျ၊ ယထာ ဘူရိ ပဝဍ္ဎတိ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တိပိဋကဓရ ဖြစ်သော်လည်း ဒုက္ခမှ လွတ်မြောက်ရာကို ပြုကျင့်မည်ဟု စိတ်အကြံမဖြစ်ပဲ မာန်မာနကြီးသော ပေါဋ္ဌိလထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ပေါဋ္ဌိလထေရ် ရဟန္တာဖြစ်သည်။
အနက်
ယောဂါ၊ ကမ္မဋ္ဌာန်းအာရုံ၌ သင့်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့်။ ဘူရိ၊ မြေကြီးနှင့်တူစွာ ကျယ်ပြန့်သော ပညာသည်။ ဝေ၊ စင်စစ်။ ဇာယတေ၊ ဖြစ်ပွား၏။ အယောဂါ၊ ကမ္မဋ္ဌာန်းအာရုံ၌ မသင့်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့်။ ဘူရိသင်္ခယော၊ ပညာကုန်ခန်းသည်။ ဟောတိ၊ ဖြစ်၏။ ဘဝါယ စ၊ ပညာတိုးပွားခြင်း၏ လည်းကောင်း။ ဝိဘဝါယ စ၊ ပညာဆုတ်ယုတ်ခြင်း၏ လည်းကောင်း။ ဧတံ ဒွေဓာပထံ၊ ဤလမ်းနှစ်သွယ်ကို။ ဉတွာ၊ သိ၍။ ဘူရိ၊ ပညာသည်။ ပဝဍ္ဎတိ ယထာ၊ တိုးပွားသကဲ့သို့။ တထာ၊ ထို့အတူ။ အတ္တနံ၊ မိမိကိုယ်ကို။ နိဝေသေယျ၊ သိမ်းသွင်းရာ၏။
စကားပြေ
ကမ္မဋ္ဌာန်းအာရုံ၌ သင့်သော နှလုံးသွင်းမှုကြောင့် ပညာတိုးပွား၍ မသင့်သောအားဖြင့် နှလုံးသွင်းမှုကြောင့် ပညာဆုတ်ယုတ်၏ဟူသော လမ်းနှစ်သွယ်ကို သိ၍ ပညာတိုးပွားသကဲ့သို့ မိမိကိုယ်ကို သိမ်းသွင်းရာ၏။
ယောဂါ ဝေ ဇာယတေ ဘူရိ— ၌ ယောဂါ အရ (၃၈) ပါးသော အာရုံတို့၌ သင့်သောအားဖြင့် နှလုံးသွင်းခြင်း ရ၏။ ဘူရိ—အရ မြေကြီးနှင့် တူသော ကျယ်ပြန့်သော ပညာ ရ၏။
ဒွေဓာပထံ—ဟူသည် ယောနိသောမနသီကာရဟူသော ယောဂ, အယောနိသောမနသီကာရဟူသော အယောဂ ရ၏။
မောဃပုရိသ—ပိဋကသုံးပုံကို သင်အံချပို့နေသော်လည်း ဈာန် မဂ် ဖိုလ် မရသေးလျှင် အချည်းနှီး ပုဂ္ဂိုလ်ပင်ဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၆၂)။
ပါဠိသဒ္ဒါခက်ဆစ်
ဘူရိ = ဘူ သတ္တာယံ ရိ၊ နဒါဒိ။ ဘူ= သင်္ခါတေ အတ္ထေ ရေီတိ ဘူရိ။ ဘူ + ရီ + ဤ။ ဘူ + ရမု + ကွိ + ဤ။
ဘူရိသင်္ခယော = ဘူရိယာ။ သင်္ခယော ဘူရိသင်္ခယော။ ဘူရိ + သင်္ခယ။
ဒွေဓာပထံ = ဒွေဓာ ပထော ဒွေဓာပထော။ ဒွေဓာ + ပထ။
ဒွေဓာ = ဒွိ + ဓာ။
ဝိဘဝါယ = ဝိဂတော ဘဝေါ ဝိဘဝေါ။ ဝိ + ဘဝ။
ပေါဋ္ဌိလတ္ထေရဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၂၀-မဂ္ဂဝဂ်
၇-ပေါဋ္ဌိလတ္ထေရဝတ္ထုပါဠိဂါထာ
ဧတံ ဒွေဓာပထံ ဉတွာ, ဘဝါယ ဝိဘဝါယ စ၊
တထာ’တ္တာနံ နိဝေသေယျ, ယထာ ဘူရိ ပဝဍ္ဎုတိ။
ယောဂါ၊ သုံးဆယ့်ရှစ်ဖြာ, ဘာဝနာအလုပ်, အားထုတ်ခြင်းကြောင့်။ ဝါ၊ အား ထုတ်အပ်သည့်, သမာဓိကြောင့်။၁ ဘူရိ၊ မြေကြီးသဖွယ်, ထုထယ်ကြီးမား, ပညာတရား သည်။၂ ဝေ၊ စင်စစ်။ ဇာယတိ၊ ဖြစ်၏။ အယောဂါ၊ သုံးဆယ့်ရှစ်ဖြာ, ဘာဝနာအလုပ်, အားမထုတ်ခြင်းကြောင့်။ ဘူရိသင်္ခယော၊ မြေကြီးသဖွယ်, ထုထည်ကြီးစွာ, ပညာတရား, ကုန်ပျက်ပြားခြင်းသည်။ (ဟောတိ၊ ၏။) ဘဝါယ၊ ပညာတိုးပွားခြင်း၏လည်းကောင်း။ ဝါ၊ ငှာလည်းကောင်း။ ဝိဘဝါယ စ၊ ပညာမတိုးပွားခြင်း၏လည်းကောင်း။ ဝါ၊ ငှာလည်းကောင်း။၁ ဧတံ ဒွေဓာပထံ၊ ဘာဝနာပွားမှု, ပြုမပြုဟု, နှစ်ခုခွဲခြမ်း, ဤနည်းလမ်းကို။ ဉတွာ၊ သိ၍။ ယထာ၊ အကြင်အခြင်းအရာအားဖြင့် သွင်းထားအပ်သော်။ ဘူရိ၊ သည်။ ပဝဍ္ဎုတိ၊ တိုးပွား၏။ တထာ၊ ထိုအခြင်းအရာအားဖြင့်။ အတ္တာနံ၊ မိမိကိုယ်ကို။ နိဝေသေယျ၊ ဘာဝနာအလုပ်တွင်, အဟုတ်ဝင်စေ, သွင်းထားလေရာ၏။ (ပါ-၂၈၂)
၁။ယောဂါ။ ။ ယုဉ္ဇနံ ယောဂေါ(ရူ-၃၅၉)၊ အဝဿံ ကာတုံ ယုဇ္ဇတိ ဥပပဇ္ဇတီတိမချွတ်ဧကန်ပြုသင့်သောကြောင့်) ယောဂေါ(နီတိဓာတု-၂၂၄)၊ ယုဇ္ဇတေ ယောဂိနာတိ ယောဂေါ (မဏိဋီ၊၁၊၂၉၃)၊ “ယောဂါတိ ဘာဝနာဘိယောဂါ သမာဓိတော(မူလဋီ၊၁၊၇၀)”ဟူသော အဖွင့် အရ နောက်နည်းပေးသည်။
၂။ဘူရိ။ ။ “ဘူရီ, ဘူရိ”ဟု ၂မျိုးတွေ့ရ၏၊ ထိုတွင် ပဟူတ(အများ)အနက်ဟော လျှင် ဘူရိ, ရတ္တာဒိ, ဣကာရန္တ, ပညာအနက်ဟောလျှင် “ဘူရီ, နဒါဒိ, ဤကာရန္တတည်း(မောဂ်-၇၊၁၇၆၊ ဓာန်-ဋီ-၇၀၃)၊ ဤ၌ ပညာကို ဟောသောကြောင့် ဒီဃဖြင့် “ဘူရီ”ဟု ရှိရမည်၊ နီတိပဒ၊၁၁၀ ၌လည်း ဒီဃဖြင့် “ဘူရီ”ဟုပင် ရှိ၏၊ ဤ၌ ရဿဖြင့် “ဘူရိ”ဟုရှိခြင်းမှာ သုခုစ္စာရဏ အကျိုးငှာ ရဿပြုသည်ဟုယူ။
ဘူရိဝိဂြိုဟ်။ ။ ဘဝန္တိ ဧတ္ထာတိ ဘူရီ၊ ဘဝတိ ဝါ ပညာယတိ ဝဍ္ဎတိ စာတိ ဘူရီ၊ [ဘူ '+ရိ+ဤ၊] အထ ဝါ ဘူတာဘူတာ(နတ်လူဖြစ်ကုန်သော) တန္နိဿိတာ (ထိုမြေ၌ မှီကုန်သော) သတ္တာ ရမန္တိ ဧတ္ထာတိ ဘူရီ၊ [ဘူ+ရမု+ကွိ+ဤ၊] ဘူရီ ဝိယာတိ ဘူရီ, (ပညာ)၊ (တစ်နည်း) ဘူတေ အတ္ထေ ရမတီတိ ဘူရီ, (ပညာ)၊ [ဘူတ+ရမု+ကွိ+ဤ၊ “ဘူတရီ”ဟု ဆိုလိုလျက် တ-ကို ချေ၊-နီ ဘာ၊၂၊၃၉၅။] (တစ်နည်း)ဘဝတိ အဘိဘဝတိ အရိန္တိ ဘူရီ(အံ၊ဋီ၊၁၊၂၈၃)၊ ရာဂါဒိအရယော အဘိဘဝတီတိ ဘူရီ(နီတိပဒ-၁၁၀-၁)၊ [အရိ+ဘူ+ကွိ+ဤ၊ “အရိဘူ”ဟု ဆိုလိုလျက် အရိနှင့် ဘူကို ရှေ့နောက်ပြန်၊ (ဘူ+အရိ)၊ နောက်အ-ကိုချေ။]
၁။ဘဝါယ, ဝိဘဝါယ။ ။ သိလာဃသုတ်၌ ဝါသဒ္ဒါဖြင့် ဆဋ္ဌျတ္ထသမ္ပဒါန်မှည့်၊ သမ္ပဒါနေ စတုတ္ထီဖြင့် စတုတ္ထီသက်(ကစ္စည်း-၁၄၉)၊ (တစ်နည်း) “စတုတ္ထီ”ဟူသော ယောဂဝိဘာဂဖြင့် ဆဋ္ဌီ အနက်၌ စတုတ္ထီသက်(ဝဏ္ဏနာ၊ ဝိဗော)၊ (တစ်နည်း)တဒတ္ထသမ္ပဒါန်အနက်၌ စတုတ္ထီသက်။
ပေါဋ္ဌိလတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။