မဃဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၇ - မဃဝတ္ထု
၃၀။ အပ္ပမာဒေန မဃဝါ၊ ဒေဝါနံ သေဋ္ဌတံ ဂတော။
အပ္ပမာဒံ ပသံသန္တိ၊ ပမာဒေါ ဂရဟိတော သဒါ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဝေသာလီပြည်ကို အမှီပြု၍ အထွတ်တပ်သော ပြာသာဒ်ရှည်၌ သီတင်းသုံးနေတော်မူစဉ် သိကြားမင်းကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ သိကြားမင်း၏ အကြောင်းကို မေးလာသော မဟာလိမည်သော လိစ္ဆဝီမင်းနှင့် ပရိသတ်အများ သောတာပန်စသည် ဖြစ်ကြသည်။
အနက်
မဃဝါ၊ မဃလုလင်သည်။ အပ္ပမာဒေန၊ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ခြင်းကြောင့်။ ဒေဝါနံ၊ နတ်တို့၏။ သေဋ္ဌတံ၊ အထွတ်အထိပ်သို့။ ဂတော၊ ရောက်၏။ (ပဏ္ဍိတာ၊ ဘုရားအစရှိသော ပညာရှိတို့သည်)။ အပ္ပမာဒံ၊ မမေ့မလျော့ခြင်းကို။ ပသံသန္တိ၊ ချီးမွမ်းကြကုန်၏။ ပမာဒေါ၊ ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းကို။ သဒါ၊ အခါခပ်သိမ်း။ (အရိယေဟိ၊ အရိယာပုဂ္ဂိုလ်တို့သည်)။ ဂရဟိတော၊ ကဲ့ရဲ့အပ်၏။
စကားပြေ
မဃလုလင်သည် ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်းကြောင့် သိကြားမင်း ဖြစ်ရသည်၊ ဘုရားအစရှိသော အရိယာပုဂ္ဂိုလ်တို့သည် ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်းကို ချီးမွမ်း၍ ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းကို အမြဲ ကဲ့ရဲ့ကုန်၏။
ပသံသန္တိ— အလုံးစုံသော လောကီ လောကုတ္တရာ အကျိုးထူးကို ရခြင်း၏ အကြောင်းဖြစ်သောကြောင့် အပ္ပမာဒကို ပညာရှိတို့ ချီးမွမ်းကြသည်။
ပမာဒေါ ဂရဟိတော သဒါ— လူဆင်းရဲဖြစ်ရခြင်း, အပါယ်ရောက်ရခြင်း စသော အလုံးစုံပျက်စီးရခြင်း၏ အကြောင်းဖြစ်သောကြောင့် အပ္ပမာဒကို ပညာရှိများ ကဲ့ရဲ့ကြသည်။
သိကြားမင်း၏ နာမည်
၁။ လူဖြစ်စဉ်က မဃဟု အမည်ရခဲ့ဖူးသဖြင့် မဃဝါ၊
၂။ ရှေးဦးစွာ ပေးလှူခဲ့ဖူးသဖြင့် ပုရိန္ဒဒ၊
၃။ ရိုသေစွာ ပေးလှူခဲ့သဖြင့် သက္က၊
၄။ နေရာထိုင်ခင်းလှူခဲ့သဖြင့် ဝါသဝ၊
၅။ အနက်တထောင်ကို တခဏဖြင့် ကြံစည်သိမြင်နိုင်သဖြင့် သဟဿက္ခ၊
၆။ သုဇာ၏ ခင်ပွန်းဖြစ်သဖြင့် သုဇမ္ပတိ၊
၇။ တာဝတိံသာနတ်တို့၏ အရှင်သခင်ဖြစ်သဖြင့် ဒေဝါနမိန္ဒ - ဟု အမည်အမျိုးမျိုး ရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၆၈။)
သိကြားမင်းဖြစ်ကြောင်း အကျင့်
၁။ တသက်လုံး မိဘကို လုပ်ကျွေးခြင်း၊
၂။ အမျိုးထဲ၌ ကြီးသူကို ရိုသေခြင်း၊
၃။ သိမ်မွေ့စွာ ပြောဆိုခြင်း၊
၄။ အကျိုးမဲ့စကား မပြောခြင်း၊
၅။ တသက်လုံး နှမြောဝန်တိုမှု ကင်းပြီး လွတ်လွတ်ကျွတ်ကျွတ် ဝေဖန် ပိုင်းခြား၍ လှူဒါန်းခြင်း၊
၆။ မှန်ကန်စွာ ပြောဆိုခြင်း၊
၇။ စိတ်ဆိုးမှု ကင်းခြင်း - ဤ ၇-ပါးသော အကျင့်ကို ကျင့်လျှင် သိကြားမင်း ဖြစ်နိုင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၆၇။)
မဃလုလင်၏ ဩဝါဒ— ရွာသူကြီးသည် တောထဲမှ အမဲသားငါးရှာ၍ အရက်သောက်ရန် တိုက်တွန်းမရသော မဃလုလင်နှင့် အဖွဲ့အား သူခိုးအဖွဲ့ဟု ဘုရင့်ထံ ကုန်းတိုက်သည်၊ ဘုရင်က မမေးမြန်းမစစ်ဆေးပဲ မဃလုလင်အဖွဲ့ကို ဆင်ဖြင့် နင်းသတ်စေသည်။ မဃလုလင်က မေတ္တာမှတစ်ပါး ကိုးကွယ်ရာ မရှိ၊ ဘုရင် ရွာသူကြီး နင်းမည့် ဆင်တို့ကို အမျက် မထွက်ပဲ မိမိနှင့် ထပ်တူထပ်မျှ မေတ္တာစိတ် ထားရမည်ဟု ဩဝါဒပေးသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၇၁။)
မေတ္တာတန်ခိုး
သိကြားမင်းအလောင်း မဃံအမှူးပြုသော သုံးကျိပ်သုံးယောက်တို့ကို ရွာစား၏ စကားကို နားထောင်မိသော ရှင်ဘုရင်က ဆင်ဖြင့် နင်းသတ်ခိုင်းရာ မေတ္တာ၏ အစွမ်းကြောင့် ဆင်က မနင်းပဲ ရှောင်သွားသည်ဟု သိသောအခါ ရှင်ဘုရင်သည် ဝန်ချတောင်းပန်ပြီး ဆုလာဘ်များ ပေးရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၇၀-၁။)
တာဝတိံသာနတ်မြို့တော်
တာဝတိံသာ နတ်မြို့တော်သည် ယူဇနာ တသောင်း ကျယ်ဝန်းသည်။ အရှေ့တံခါးနှင့် အနောက်တံခါး အကြား ယူဇနာ တသောင်း, တောင်တံခါးနှင့် မြောက်တံခါး အကြား ယူဇနာ တသောင်း ရှိသည်။ တံခါး ပေါင်း တထောင် ရှိပြီး ပန်းဥယျာဉ် ရေကန်တို့ဖြင့် တင့်တယ်နေသည်။ ပြာသာဒ်ဆောက် လှူခဲ့သော ကောင်းမှုကြောင့် နတ်ပြည် အလယ်တည့်တည့်မှာ ယူဇနာ သုံးရာ မြင့်သော တံခွန်အလံ စိုက်ထူထားသော ရတနာ ၇-ပါးဖြင့် တန်ဆာဆင်သော ယူဇနာ ၇၀၀-မြင့်သော ဝေဇယန္တာပြာသာဒ် တည်ရှိသည်။ ရွှေရိုးဖြင့် ပတ္တမြား တံခွန်, ပတ္တမြား ပိုးဖြင့် ရွှေတံခွန်, သန္တာရိုးဖြင့် ပုလဲတံခွန် ရတနာ ၇-ပါးရိုးဖြင့် ရတနာ ၇-ပါး တံခွန်များ စိုက်ထူရာ အလယ်မှ အမြင့်ဆုံး တံခွန်သည် ယူဇနာ ၃၀၀-မြင့်သဖြင့် ပြာသာဒ် အမြင့် ယူဇနာ ၇၀၀-ဖြင့် ပေါင်းသော် ဝေဇယန္တာပြာသာဒ်သည် အမြင့် ယူဇနာ တထောင် ရှိသည်။ ပင်လယ်ကသစ်ပင် စိုက်ခဲ့မှုကြောင့် အဝန်းယူဇနာ သုံးရာ ရှိသော ပင်လယ်ကသစ်ပင်နှင့် ကျောက်ဖျာ လှူခဲ့မှုကြောင့် ပင်လယ်ကသစ်ပင်ရှင်း၌ အလျား ယူဇနာ (၆၀), အနံ ယူဇနာ (၅၀), အထု (၁၅) ယူဇနာ ရှိပြီး လယ်ခေါင်ရမ်းအသွေး ကဲ့သို့ နီတွေးသော ပဏ္ဍုကမ္ဗလာ ခေါ်သော မြကျောက်ဖျာ တည်ရှိသည်။ ယင်းကျောက်ဖျာသည် ထိုင်လိုက်သောအခါ ကိုယ်တဝက်မျှ နိမ့်ဝင်သွားပြီး ထလိုက်သောအခါ ပကတိအတိုင်း ညီညွတ်လျက်ပင် ရှိသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၇၃။)
ဧရာဝဏ်ဆင်
ဧရာဝဏ်ဆင်ဟူသည် နတ်ပြည်မှာ တိရစ္ဆာန်မရှိနိုင်သဖြင့် သိကြားမင်းနှင့် အပေါင်းပါ (၃၃) ယောက်တို့ ဥယျာဉ်ထွက်သောအခါ စီးနင်းရန် ဧရာဝဏမည်သော နတ်သားသည် ဦးကင်း (၃၃) ခု ပါပြီး ယူဇနာ (၁၅၀) ရှိသော ဆင်အဖြစ် ဖန်ဆင်းပေးရသည်။ ဦးကင်း (၃၃) ခုတို့၏ အလယ်သည် သုံးဂါဝုတ်နှင့် ယူဇနာ (၅၀) ရှိသည်။ ထိုအလယ်မှာ သိကြားမင်းအတွက် ယူဇနာ သုံးဆယ် ရှိသော သုဒဿနမည်သော ဦးကင်းအသက်၌ ၁၂-ယူဇနာ ရှိသော ရတနာမဏ္ဍပ် ရှိသည်။ ယင်းမဏ္ဍပ် အကြားအကြား၌ ရတနာ ခုနစ်ပါးဖြင့် ပြီးသော တယူဇနာ စီ မြင့်သော တံခွန်များနှင့် အပြင်ဘက် အစွန်း၌ လေတိုက်သောအခါ နတ်ဂီတသံ ကဲ့သို့ သာယာသော အသံများ မြည်နေသော ခြူးပန်း ခြူးနွယ်တို့ တည်ရှိသည်။ မဏ္ဍပ် အလယ်၌ သိကြားမင်းထိုင်ရန် ပတ္တမြား ပလ္လင်ကို ခင်းထားသည်။ သုံးကျိပ် သုံးယောက်သော နတ်သားတို့လည်း မိမိဆိုင်ရာ ဦးကင်းပေါ်ရှိ ရတနာမဏ္ဍပ်၌ ထိုင်ကြသည်။ ဦးကင်း တစ်ခု တစ်ခုမှာ အစွယ် ခုနစ်ချောင်း ပါရှိသည်။ တချောင်း တချောင်းသည် ယူဇနာ (၅၀) စီ ရှိသည်။ အစွယ် တချောင်း တချောင်း၌ ရေကန် (၇) ခု စီ ပါရှိသည်။ ရေကန် တစ်ခု တစ်ခု၌ ပဒုမ္မာကြာ (၇) ပင် စီ ပါရှိသည်။ တပင် တပင်၌ (၇) ပွင့် စီ ပါပြီး တပွင့် တပွင့်၌ ရွက်ချပ် ပေါင်း (၇) ချပ် စီ ပါရှိသည်။ ရွက်ချပ် တစ်ခု စီ၌ နတ်မင်းသမီး (၇) ယောက် စီ ကနေကြသည်။ ပတ်ဝန်းကျင် ယူဇနာ (၅၀) စီ ရှိသော ဆင်စွယ်တို့ အပေါ်၌လည်း နတ်ကချေသည်များ ကနေကြသည်။ သိကြားမင်းသည် ဤမျှ ကြီးကျယ်သော စည်းစိမ်များကို ခံစား လှည့်လည်ရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၇၃-၄။)
သုဓမ္မာဇရပ် နန္ဒာရေကန် စိတ္တလတာဥယျာဉ်
တာဝတိံသာ နတ်ပြည်၌ ရှိသော သုဓမ္မာဇရပ်သည် ယူဇနာ (၉၀၀) ကျယ်ဝန်းပြီး အလွန်တရာ ကြည်နူးဖွယ် ရှိသည်။ လစဉ် (၈) ရက်တိုင်း တရားပွဲ ရှိသည်။ နန္ဒာရေကန်နှင့် စိတ္တလတာဥယျာဉ်သည် ယူဇနာ ငါးရာ စီ ရှိသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၇၄။)
သုဇာ
မဃ၏ ဇနီးလေးယောက်တွင် သုဓမ္မာ နန္ဒာနှင့် စိတ္တာတို့သည် မိမိတို့ ပြုလုပ်ခဲ့သော ကံအားလျော်စွာ တာဝတိံသာရောက်ကြသော်လည်း မဃနှင့် မောင်နှမ ဝမ်းကွဲတော်သော သုဇာသည် မဃ ပြုသမျှ ကုသိုလ် သူရသည် ထင်ပြီး မည်သည့် ကုသိုလ်မျှ မပြုပဲ ခန္ဓာကိုယ်ကိုသာ ပြုပြင်ရုံဖြင့် အချိန် ကုန်လွန်ခဲ့သော ကြောင့် ဗျိုင်းမဘဝ ရောက်သွားရသည်။ သိကြားမင်း၏ တိုက်တွန်းချက်အရ သီလ စောင့်ထိန်းသဖြင့် ဗျိုင်းဘဝမှ ဗာရာဏသီပြည်၌ အိုးထိန်းသည် သမီးဖြစ်သည်။ ယင်းမှ တဆင့် အသုရာပြည်၌ ဝေပစိတ္တိ အသုရာ၏ သမီးဖြစ်ပြီး တဖန် သိကြားမင်း သွားရာ ခေါ်ဆောင်ခြင်း ခံရသော သိကြားမင်း၏ ဇနီး ဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၇၁-၇။)
ပါဠိသဒ္ဒါခက်ဆစ်
မဃဝါ = မဟိတဗ္ဗော တိ မဃဝါ။ မဟ + အ။ (ဟကို ဃ ဝပြု)
မဃဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၂-အပ္ပမာဒဝဂ်
၇-မဃဝတ္ထုအဋ္ဌကထာဂါထာ
သဏှံ သခိလသမ္ဘာသံ, ပေသုဏေယျပ္ပဟာယိနံ။
တံ ဝေ ဒေဝါ တာဝတိံသာ, အာဟု သပ္ပုရိသော ဣတိ။
မာတာပေတ္တိဘရံ၊ မိဘ၂-ပါး, အရေးထားလျက်, လေးစား သမှု, ပြုစုလုပ်ကျွေးတတ်ထသော။ ကုလေ၊ မိဘက်ဖဘက်, အဘက်ဘက်က, အဆက်အသွယ်, အမျိုးအနွယ်၌။ ဇေဋ္ဌာပစာယိနံ၊ ကိုယ့်ထက်ကြီးရင့်, ဂုဏ်ဝါမြင့်မှု, အသင့်စိတ်ထား, ရိုသေ လေးစားလေ့ရှိထသော။ သဏှံ၊ စိတ်ရင်းပြကတေ့, လွန်သိမ်မွေ့ သည်ဖြစ်၍။ သခိလသမ္ဘာသံ၊ ပြေပြစ်ညက်ညော, အားလုံးချော အောင်, ပြောတတ်ဆိုတတ်, သုံးနှုန်းတတ်သော။ ပေသုဏေယျပ္ပဟာယိနံ၊ ချစ်သူ၂ယောက်, ကွဲပြားလောက်အောင်, ကောက် ကျစ်စိတ်ထား, ကုန်းချောစကားကိုလည်း ပယ်ထသော။ မစ္ဆေရဝိနယေ၊ မပေးရက်ချေ, ဝန်တိုစေသည့်, မစ္ဆေရတရား, ဖယ်ရှား ခြင်း၌။ ယုတ္တံ၊ လှူရေးစွန့်ရေး, ပေးကမ်းရေးဝယ်, လေးလေးပင်ပင်, အမြဲယှဉ်ထသော။ [ဇာ-ဋီ-သစ်၊၁၊၂၃၃အလို “မစ္ဆေရဝိနယေ၊ နှင့်”ဟု တတိယာအနက်ပေး။] သစ္စံ၊ မိမိနှုတ်မှာ, ကျက်သရေဖြာအောင်, မေတ္တာပြည့်ပြည့်, သစ္စာလည်းရှိထသော။ ကောဓာဘိဘုံ၊ ရံခါ ဒေါသ, ဖြစ်ပေါ်ကလည်း, ထကြွမတိုး, လွှမ်းမိုးနိုင်ထသော။ ဇန္တုံ၊ ရှေးကောင်းမှုကံ, ပြုစီမံသဖြင့်, လူ့ထံရောက်လာ, သတ္တဝါတစ် ယောက်ဖြစ်သော။ တံ နရံ၊ တော်ရုံမက, ကောင်းမွန်လှသဖြင့်, လောကထင်ပေါ်, ထိုလူတော်လူကောင်းကို။ ဒေဝါ တာဝတိံသာ၊ ဝတိံစံစား, နတ်အများတို့သည်။ သပ္ပုရိသော ဣတိ၊ ချီးမွမ်းဖွယ် တောင်း, ကောင်းထက်ကောင်းမည့်, အလျောင်းလျာဝင်, သူတော် စင်ဟူ၍။ ဝေ၊ စင်စစ်ဧကန်, အမှန်အားဖြင့်။ အာဟု၊ တအံ့တဩ, တသောသောဖြင့်, ပြော၍မပြီး, ချီးမွမ်းကြလေကုန်သတည်း။ (ဋ္ဌ-၉၂၊ ၉၃)
မဃဝတ္ထုပါဠိဂါထာ
အပ္ပမာဒံ ပသံသန္တိ, ပမာဒေါ ဂရဟိတော သဒါ။
မဃဝါ၊ လူ့ဘဝတုန်းက, မဃအမည်ရှိသော လုလင်သည်။ အပ္ပမာဒေန၊ ကျင့်ဝတ်၇-ပါး, ကျင့်သောအားဖြင့်, အမှားမရှိ, ကောင်းမြတ်သော သတိကြောင့်။ ဒေဝါနံ၊ စတုမဟာ, ဝတိံသာ ဟု, နတ်ရွာပျော်အောင်း, နတ်အပေါင်းတို့ထက်။ သေဋ္ဌတံ၊ အမြတ် ဆုံး၏အဖြစ်သို့။ ဂတော၊ ရှေးကံအလျောက်, ရောက်ရပေပြီ။ အပ္ပမာဒံ၊ မမေ့မလျော့, မပေါ့မဆ, နေထိုင်ကြကြောင်း ကောင်းသောသတိကို။ ပသံသန္တိ၊ ဘုရားစသား, ပုဂ္ဂိုလ်များတို့, လေးစားကြည်ဖြူ, ချီးမွမ်းတော်မူကြကုန်၏။ ပမာဒေါ၊ မေ့မေ့လျော့လျော့, ပေါ့ပေါ့ ဆဆ, နေထိုင်ကြကြောင်း, မကောင်းသောအကုသိုလ်တရားကို။ သဒါ ဂရဟိတော၊ ပညာရှိဝင်, သူတော်စင်တို့, အစဉ်မပြတ်, ကဲ့ရဲ့ အပ်လေသတည်း။ (ပါ-၃၀)
မဃဝတ္ထုဂါထာနိဿယပြီးပြီ။