မာတိကာသို့ ခုန်သွားရန်

မဟာမောဂ္ဂလ္လာနတ္ထေရပဉှဝတ္ထု

ဝီကီရင်းမြစ် မှ
2674ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၄။ မဟာမောဂ္ဂလ္လာနတ္ထေရပဉှဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ကောဓဝဂ်

၄။ မဟာမောဂ္ဂလာနတ္ထေရပဉှာဝတ္ထု

သစ္စံ ဘဏေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ရှင်မောဂ္ဂလာန်မထေရ်၏ မေးလျှောက်အပ်သော ပြဿနာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မှန်သောစကားမျှဖြင့် နတ်ပြည်ရောက်ခြင်း

တစ်နေ့သ၌ ရှင်မောဂ္ဂလာန်မထေရ်သည် နတ်ပြည်သို့ ဒေသစာရီ ကြွချီခြင်းကို ကြွသွားတော်မူပြီးလျှင် တန်ခိုးကြီးသော နတ်တစ်ဦး၏ ဗိမာန်တံခါးဝ၌ ရပ်တော်မူလျက် မိမိ၏အထံသို့လာ၍ ရှိခိုးလျက် ရပ်တည်လာသော ထိုနတ်ကို ဤသို့ မိန့်တော်မူလေ၏။ “နတ်- သင်နတ်၏ စည်းစိမ်ချမ်းသာသည် ကြီးကျယ်လှ၏၊ အဘယ်ကောင်းမှုကို ပြုခဲ့၍ ဤနတ်စည်းစိမ်ကို ရဘိသနည်း”ဟု မိန့်တော်မူလျှင် “အရှင်ဘုရား- တပည့်တော်ကို မေးတော်မမူကြပါနှင့်ဘုရား”ဟု လျှောက်ကြား တောင်းပန်လေ၏။

ရှင်မောဂ္ဂလာန် မထေရ်သည် “မလျှောက်ဘဲ မရှိစေရ၊ လျှောက်ဆိုရမည်သာတည်း”ဟု မိန့်ဆိုအပ်သည်ရှိသော် ထိုနတ်သည် “အရှင်ဘုရား- တပည့်တော်သည် အလှူကိုလည်း မပေးလှူစဖူးပါ၊ ပူဇော်ခြင်းကိုလည်း မပြုစဖူးပါ၊ သူတော်ကောင်းတရားကိုလည်း မကြာနာစဖူးပါ၊ သက်သက် မှန်သောစကားမျှကို ကောင်းစွာ စောင့်ရှောက်ဖူးပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။

လင်ဆိုး၏ မယားလိမ္မာ နတ်ပြည်ရောက်ခြင်း

ရှင်မောဂ္ဂလာန်မထေရ်သည် တစ်ပါးသော ဗိမာန်တံခါးဝတို့သို့လည်း ကြွသွားတော်မူ၍ တစ်ပါးသော နတ်သမီးတို့ကိုလည်း မေးမြန်းတော်မူလေ၏။ ထိုနတ်သမီးတို့သည်လည်း ထိုရှေးနည်းအတူသာလျှင် လျှို့ဝှက်ကြသဖြင့် ရှင်မောဂ္ဂလာန်မထေရ်ကို တားမြစ်ခြင်းငှာ မတတ်နိုင်ကြကုန်သည်ရှိသော် တစ်ယောက်သော နတ်သမီးသည် ရှေးဦးစွာ လျှောက်ထားပုံကား “အရှင်ဘုရား- တပည့်တော်မသည် အလှူဒါန အစရှိသော ကောင်းမှုတို့တွင် ပြုဖူးသော ကောင်းမှုမည်သည် မရှိပါဘုရား၊ တပည့်တော်မသည်ကား ကဿပ မြတ်စွာဘုရား ထင်ရှားပွင့်တော်မူသောကာလ၌ သူတစ်ပါးကျွန်မ ဖြစ်ခဲ့ရဖူးပါသည်ဘုရား၊ ထိုတပည့်တော်မ၏ လင်ယောက်ျားသည် အလွန်လျှင် ရက်စက်ကြမ်းကြုတ်လှပါသည်။ ဆွဲကိုင်မိတိုင်းဖြစ်သော သစ်သား ထင်းချောင်းဖြင့်သော်လည်းကောင်း၊ သစ်သားထင်းတုံးဖြင့်သော်လည်းကောင်း ဦးခေါင်းကို အပေါက်အပြဲ ရိုက်ခွဲတတ်ပါသည်ဘုရား၊ ထိုတပည့်တော်မသည် အမျက်ဒေါသ ဖြစ်လတ်သည်ရှိသော် “ဤယောက်ျားကား နင့်-အရှင်သခင်ဖြစ်သည်၊ သံပူကပ်၍ တံဆိပ်ခတ်ခြင်းကို ပြုခြင်းငှာလည်းကောင်း၊ နှာခေါင်း စသည်တို့ကို ဖြတ်ခြင်းငှာလည်းကောင်း အစိုးရပေ၏။ အမျက်မထွက်နှင့်”ဟု မိမိကိုယ်ကိုသာ အနည်းနည်းအဖုံဖုံ ဖျောင်းဖျောင်းဖျဖျ ပြောဆိုဆုံးမလျက် အမျက်ထွက်ခြင်းမည်သည် မပြုရစဖူးပါဘုရား၊ ထိုသို့ အမျက်မထွက်ဖူးသောကြောင့် တပည့်တော်မသည် ဤနတ်၏ စည်းစိမ်ချမ်းသာကို ရပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။

အနည်းငယ် ကုသိုလ်မျှဖြင့် နတ်ပြည်ရောက်ခြင်း

တစ်ယောက်သော နတ်သမီး လျှောက်ထားပုံကား “အရှင်ဘုရား- တပည့်တော်မသည် ကြံခင်းကို စောင့်ရှောက်၍နေစဉ် ရဟန်းတော်တစ်ပါးအား ကြံချောင်းကို လှူခဲ့ပါသည်ဘုရား၊” တစ်ယောက်သော နတ်သမီးသည်ကား “တစ်လုံးသော တည်သီးကို လှူခဲ့ဖူးပါသည်ဘုရား၊” တစ်ယောက်သော နတ်သမီးသည်ကား “တစ်လုံးသော သခွားသီးကို လှူခဲ့ဖူးပါသည်ဘုရား၊” တစ်ယောက်သော နတ်သမီးသည်ကား “တစ်လုံးသော ဖက်သက်တရော်သီးကို လှူခဲ့ဖူးပါသည်ဘုရား၊” တစ်ယောက်သော နတ်သမီးသည် သစ်မြစ်တစ်ဆုပ်ကို လှူခဲ့ဖူးပါသည်ဘုရား၊” တစ်ယောက်သော နတ်သမီးသည်ကား “တမာရွက်တစ်ဆုပ်ကို လှူခဲ့ဖူးပါသည်ဘုရား၊” ဤသို့ အစရှိသောနည်းဖြင့် မိမိတို့ ပြုခဲ့ဖူးသော အနည်းငယ်မျှသော အလှူကို လျှောက်ကြားပြီးလျှင် “ဤသို့သော အကြောင်းကြောင့် တပည့်တော်မတို့သည် ဤနတ်၏ စည်းစိမ်ချမ်းသာကို ရအပ်ပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။

ရှင်မောဂ္ဂလာန်မထေရ်သည် ထိုနတ်သမီးတို့ ပြုအပ်သော ကောင်းမှုကံကို ကြားသိတော်မူရ၍ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- မှန်သောစကားကို ဆိုကာမျှဖြင့်လည်းကောင်း၊ အမျက်ထွက်ခြင်းကို ငြိမ်းအေးစေကာမျှဖြင့်လည်းကောင်း၊ အလွန်နည်းပါးသော တည်သီးအစရှိသည်ကို လှူကာမျှဖြင့်လည်းကောင်း နတ်စည်းစိမ်ချမ်းသာကို ရခြင်းငှာ တတ်နိုင်ကောင်းပါမည်လောဘုရား”ဟု နားတော်လျှောက်လေ၏။ “ချစ်သားမောဂ္ဂလာန်- အဘယ့်ကြောင့် ငါဘုရားကို မေးလျှောက်ဘိသနည်း၊ သင့်အား နတ်တို့သည် ဤအကြောင်းအရာကို ဆိုအပ်ပေပြီ မဟုတ်တုံလော”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- ဟုတ်မှန်လှပါသည်ဘုရား၊ ဤမျှလောက်သော အနည်းငယ်သော ကောင်းမှုဖြင့် နတ်စည်းစိမ်ကို ရသင့်ရထိုက်သည်ဟူ၍ မှတ်ထင်ရပါသည်ဘုရား”ဟု နားတော်လျှောက်လေ၏။ ထိုအခါ ရှင်မောဂ္ဂလာန်ကို မြတ်စွာဘုရားသည် “ချစ်သား မောဂ္ဂလာန်- မှန်သောစကားမျှကို ဆိုသောကြောင့်လည်းကောင်း၊ အမျက်ထွက်ခြင်းမျှကို ပယ်စွန့်သောကြောင့်လည်းကောင်း၊ အနည်းငယ်မျှသော အလှူကို ပေးလှူရသောကြောင့်လည်းကောင်း နတ်ပြည်သို့ ရောက်နိုင်ပေသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၂၂၄] သစ္စံ ဘဏေ န ကုဇ္ဈေယျ၊ ဒဇ္ဇာ အပ္ပမ္ပိ ယာစိတော။
ဧတေဟိ တီဟိ ဌာနေဟိ၊ ဂစ္ဆေ ဒေဝါန သန္တိကေ။

သစ္စံ၊ မှန်သောစကားကို။ ဘဏေ၊ ဆိုရာ၏။ န ကုဇ္ဈေယျ၊ သူတစ်ပါးအား အမျက်မထွက်ရာ။ ယာစိတော၊ တောင်းအပ်သည်ရှိသော်။ အပ္ပမ္ပိ၊ အနည်းငယ်ကိုသော်လည်း။ ဒဇ္ဇာ-ဒဒေယျ၊ ပေးလှူရာ၏။ ဧတေဟိ တီဟိ ဌာနေဟိ၊ ဤသုံးပါးသော အကြောင်းတို့ဖြင့်။ ဒေဝါနံ၊ နတ်တို့၏။ သန္တိကေ၊ အထံသို့။ ဂစ္ဆေ၊ ရောက်ရာ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

မဟာမောဂ္ဂလာနတ္ထုရပဉှာ ဝတ္ထုပြီး၏။