မာတိကာသို့ ခုန်သွားရန်

မဟာမောဂ္ဂလ္လာနတ္ထေရပဉှဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ
2675ဓမ္မပဒဂါထာနိဿယ၄။ မဟာမောဂ္ဂလ္လာနတ္ထေရပဉှဝတ္ထုဂါထာ (ဝတ္ထုတော်သို့)အရှင်သုဇနာဘိဝံသ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၁၇-ကောဓဝဂ်

၄-မဟာမောဂ္ဂလ္လာနတ္ထေရပဉှဝတ္ထု

၂၂၄။ သစ္စံ ဘဏေ န ကုဇ္ဈေယျ၊ ဒဇ္ဇာ အပ္ပမ္ပိ ယာစိတော။
ဧတေဟိ တီဟိ ဌာနေဟိ၊ ဂစ္ဆေ ဒေဝါန သန္တိကေ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်မဟာမောဂ္ဂလ္လာန်၏ အမေးပြဿနာကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

သစ္စံ၊ မှန်သောစကားကို။ ဘဏေ၊ ပြောဆိုရာ၏။ န ကုဇ္ဈေယျ၊ အမျက်မထွက်ရာ။ ယာစိတော၊ တောင်းလာသည်ရှိသော်။ အပ္ပမ္ပိ၊ အနည်းငယ်မျှသော်လည်း။ ဒဇ္ဇာ၊ ပေးလှူရာ၏။ ဧတေဟိ တီဟိ ဌာနေဟိ၊ ဤအကြောင်းသုံးပါးတို့ကြောင့်။ ဒေဝါနံ၊ နတ်တို့၏။ သန္တိကေ၊ အထံသို့။ ဂစ္ဆေ၊ ရောက်ရာ၏။

စကားပြေ

မှန်သောစကားပြောသူ၊ အမျက်မထွက်သူ၊ တောင်းလာသူမှန်သမျှအား အနည်းအများကို ပေးလှူသူတို့သည် နတ်ပြည်သို့ ရောက်ကုန်၏။
ယာစိတော— ၌ ယာစကပုဂ္ဂိုလ်ဟူသည် သီလရှိသော ရဟန်းများတည်း။ ထိုသီလရှိသော ရဟန်းများသည် ပေးလှူကြပါဟု မတောင်းသော်လည်း အိမ်တံခါး၌ ရပ်တည်ခြင်းသည် သဘောအဓိပ္ပာယ်အားဖြင့် တောင်းသည်မည်သောကြောင့် သီလရှိသော ရဟန်းများကို ယာစကဟု ခေါ်သည်။

နတ်ပြည်ရောက်ကြောင်း တရားသုံးပါး

၁။ မှန်သောစကားကို ပြောခြင်း။
၂။ သူတပါးကို အမျက်မထွက်ခြင်း။
၃။ သီလရှိသော ရဟန်းများ အိမ်တံခါး၌ ရပ်လာသော် လှူဖွယ်ပစ္စည်းများကို အနည်းငယ်မျှပင်ဖြစ်စေ လှူဒါန်းခြင်း။

မဟာမောဂ္ဂလ္လာနတ္ထေရပဉှဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၁၇-ကောဓဝဂ်

၄-မဟာမောဂ္ဂလာနတ္ထေရပဥှဝတ္ထုပါဠိဂါထာ

၄၄၂။ သစ္စံ ဘဏေ န ကုဇ္ဈေယျ, ဒဇ္ဇာ အပ္ပမ္ပိ ယာစိတော၊
ဧတေဟိ တီဟိ ဌာနေဟိ, ဂစ္ဆေ ဒေဝါန သန္တိကေ။

သစ္စံ၊ မှန်သောစကားကို။ ဘဏေ၊ ပြောဆိုရာ၏။ န ကုဇ္ဈေယျ၊ သူတပါးအား အမျက်မထွက်ရာ။ ယာစိတော၊ သီလရှိသူတို့က တောင်းခံအပ်သည်။ (သမာနော ဖြစ်လသော်။) အပ္ပမ္ပိ၊ အနည်းငယ်မျှကိုသော်လည်း။ ဒဇ္ဇာ၊ ပေးလှူရာ၏။ တီဟိ၊ သုံး ပါးကုန်သော။ ဧတေဟိ ဌာနေဟိ၊ ဤအကြောင်းတို့ကြောင့်။ ဒေဝါနံ၊ နတ်တို့၏။ သန္တိကေ၊ အထံသို့။ ဂစ္ဆေ၊ ရောက်နိုင်၏။ (ပါ-၂၂၃)

၁။ သန္တိကေ။ ။ အမနံ နိဋ္ဌာနဂမနန္တိ အန္တော, ဩသာနံ(ဒီ၊ဋီ၊၃, ၁၉၃)၊ အမတိ ယာတီတိ အန္တော၊[အမ+တ၊-မောဂ်-၇၊၈၂။] သဟ+အန္တေန ယံ ဝတ္တတီတိ သန္တံ၊ သန္တံယေဝ သန္တိကံ၊ “ဒေဝလောကံ”ဟု ဖွင့်သဖြင့် ကံအနက်၌ သ္မိံသက်၊ (တစ်နည်း)တေသုဝုဒ္ဓိဖြင့် အံဝိဘတ်ကို ဧ ပြု၊ (တစ်နည်း)ဒုတိယာဝိဘတ်မှ သတ္တမီသို့ ပြန်နေသော ဝိဘတ္တိဝိပလ္လာသ၊ (တစ်နည်း)ဒုတိယာ ဧကဝုစ်မှ ဗဟုဝုစ်သို့ ပြန်နေသော ဝစနဝိပလ္လာသ၊ (တစ်နည်း)ဗဟုမှိ ဝိယ ဧကမှိပိ(နီတိ-၆၇၇) သုတ်ဖြင့် ဒုတိယာဧကဝုစ်အနက်၌ ဗဟုဝုစ်ယောဝိဘတ်သက်-ဟုကြံ။

ဥတ္တရာဥပါသိကာဝတ္ထုဂါထာနိဿယပြီးပြီ။