ဗုဒ္ဓပိတုဗြာဟ္မဏဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၁၇-ကောဓဝဂ်
၅-ဗုဒ္ဓပိတုဗြဟ္မဏဝတ္ထု
၂၂၅။ အဟိံသကာ ယေ မုနယော၊ နိစ္စံ ကာယေန သံဝုတာ။
တေ ယန္တိ အစ္စုတံ ဌာနံ၊ ယတ္ထ ဂန္တွာ န သောစရေ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာကေတမြို့အနီး အဉ္ဇနတောအုပ်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်၏ ရှေးလွန်လေပြီးသော ဘဝငါးရာက အဘတော်ခဲ့ဖူးသော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။
အနက်
အဟိံသကာ၊ သူတပါးကို မညှဉ်းဆဲတတ်ကုန်သော။ နိစ္စံ၊ အမြဲ။ ကာယေန၊ ကာယဒွါရစသည်ဖြင့်။ သံဝုတာ၊ စောင့်စည်းတတ်ကုန်သော။ ယေ မုနယော၊ အကြင် အသေက္ခခေါ်တွင် ရဟန္တာအရှင်တို့သည်။ သန္တိ၊ ရှိကုန်၏။ တေ၊ ထိုအသေက္ခခေါ်တွင် ရဟန္တာအရှင်တို့သည်။ ယတ္ထ၊ အကြင်နိဗ္ဗာန်အရပ်သို့။ ဂန္တွာ၊ သွား၍။ န သောစရေ၊ မစိုးရိမ်ကုန်။ အစ္စုတံ ဌာနံ၊ သေခြင်းကင်းရာ နိဗ္ဗာန်အရပ်သို့။ ယန္တိ၊ ရောက်ရကုန်၏။
စကားပြေ
သူတပါးကို မညှဉ်းဆဲတတ်သည့်အပြင် ကာယဒွါရစသည်ဖြင့် အမြဲစောင့်စည်းတတ်သော ရဟန္တာအရှင်မြတ်တို့သည် စိုးရိမ်ခြင်းနှင့် သေခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ကြကုန်၏။
မုနယော—မေစနေယျအကျင့်ဖြင့် မဂ်ဖိုလ်သို့ ရောက်ကုန်သော အသေက္ခမုနိရ၏။
ကာယေန—ကာယဒွါရဖြင့်သာ စောင့်စည်းသည်မဟုတ်။ ကာယ၊ ဝစီ၊ မနောဒွါရသုံးပါးတို့ဖြင့် စောင့်စည်းသည်ကို ဆိုလိုသည်။
အစ္စုတံ ဌာန—နိဗ္ဗာန်။
ပါဠိသဒ္ဒါခက်ဆစ်
အဟိံသကာ = န ဟိံသန္တီတိ အဟိံသကာ။ န + ဟိံသ + ဏွု။
မုနယော = သဗ္ဗဓမ္မေ မုနတိ ဇာနာတီတိ မုနိ။ မုနိ + ဣ။
ဗုဒ္ဓပိတုဗြဟ္မဏဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၁၇-ကောဓဝဂ်
၅-ဗုဒ္ဓပိတုဗြာဟ္မဏဝတ္ထုအဋ္ဌကထာဂါထာ
အဒိဋ္ဌပုဗ္ဗကေ ပေါသေ, ကာမံ တသ္မိမ္ပိ ဝိဿသေ။
ယသ္မိံ၊ အကြင်ပုဂ္ဂိုလ်ကို။ (ဒိဋ္ဌမတ္တေယေဝ၊ မြင်အပ်ကာမျှဖြစ်သော်သာ။ ဝါ၊ မြင်လျှင်မြင်ချင်း။) မနော၊ စိတ်သည်။ နိဝိသတိ၊ သက်ဝင်၍ တည်၏။ ဝါ၊ မနော နိဝိသတိ၊ စိတ်ဝင်စား၏။ စိတ္တဉ္စာပိ၊ စိတ်သည်လည်း။ ပသီဒတိ၊ ကြည်လင်နူးညံ့၏။ အဒိဋ္ဌပုဗ္ဗကေ၊ ရှေး၌ မမြင်အပ်ဖူးသော။ တသ္မိံ ပေါသေပိ၊ ထိုပုဂ္ဂိုလ်၌လည်း။ ကာမံ၊ စင်စစ်။ ဝိဿသေ၊ အကျွမ်းဝင်တတ်၏။ [ကာမံ တသ္မိမ္ပိ ဝိဿသေတိ... ဧကံသေန ဝိဿသေ၊ ဝိဿာသံ အာပဇ္ဇတိယေဝ။ ဇာ၊ဋ္ဌ၊၁၊၃၂၈။] (ဋ္ဌ-၂၁၁)
ဧဝံ တံ ဇာယတေ ပေမံ, ဥပ္ပလံဝ ယထောဒကေ။
ဥပ္ပလံ ဝါ၊ ပန်းကြာမျိုးသည်လည်းကောင်း။ (အညံ ဝါ၊ ရေ၌ပေါက်ရိုး, အခြား သော ပန်းမျိုးသည်လည်းကောင်း။) (တစ်နည်း) ဥပ္ပလံ ဝါ၊ ကြာညိုကြာဖြူကြာနီသည် လည်းကောင်း။ (အညံ ဝါ၊ အခြားသော ပဒုမ္မာစသော ကြာသည်လည်းကောင်း။) ဥဒကေ၊ ရေ၌။ (ဇာယမာနံ၊ ပွင့်ထွန်းပေါ်ပေါက်လာသည်ရှိသော်။ ဒွီဟိ ကာရဏေဟိ၊ ရေနှင့်ကြာဟူသော နှစ်ပါးသော အကြောင်းတို့ကြောင့်။) ဇာယတေ ယထာ၊ ဖြစ်ပေါ် လာသကဲ့သို့။ (တထာ၊ တူ။) တံ ပေမံ၊ ထိုချစ်ခြင်းသည်။ ပုဗ္ဗေ၊ ရှေးဘဝ၌။ သန္နိဝါသေန ဝါ၊ အတူတကွ နေထိုင်ခဲ့ခြင်းကြောင့်သော်လည်းကောင်း။ ပစ္စုပ္ပန္နဟိတေန ဝါ၊ ပစ္စုပ္ပန် ဘဝ၌ အစီးအပွားကို ပြုခြင်းကြောင့်သော်လည်းကောင်း။ ဧဝံ၊ ဤနှစ်ပါးသော အကြောင်းတို့ကြောင့်။ ဇာယတေ၊ ဖြစ်၏။ (ဋ္ဌ-၂၁၂)
ယော စေပိ အတိစ္စ ဇီဝတိ, အထ သော ဇရသာပိ မိယျတိ။
(မနုဿာနံ၊ လူတို့၏။) ဇီဝိတံ၊ အသက်ရှင်ရခြင်းသည်။ ဝတ၊ စင်စစ်။ အပ္ပံ၊ တိုတောင်းလှ၏။ ဝဿသတာ၊ အနှစ်တစ်ရာမှ။ ဩရံပိ၊ ဤဘက်၌လည်း။ မိယျတိ၊ သေရ၏။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ အတိစ္စ၊ အနှစ်တစ်ရာကို ကျော်လွန်၍။ [အတိစ္စာတိ ဝဿသတံ အတိက္ကမိတွာ။ မဟာနိ၊ဋ္ဌ၊၂၁၃။ သုတ္တနိ၊ဋ္ဌ၊၂၊၄၂၈။] စေပိ ဇီဝတိ၊ အကယ် ၍မူလည်း အသက်ရှင်အံ့။ အထ၊ ထိုသို့အသက်ရှင်ပါသော်လည်း။ သော၊ ထိုပုဂ္ဂိုလ် သည်။ ဇရသာပိ၊ ဇရာကြောင့်လည်း။ မိယျတိ၊ သေရ၏။ [မဟာနိ၊ဋ္ဌ၊၂၂၆အလို “ဇရသာသည်။ (အဘိဘူတော၊ လွှမ်းမိုးအပ်သည်။ ဟုတွာ) ပိ၊ ဖြစ်၍လည်း။ မိယျတိ၊ ၏”ဟု ပေး။] (ဋ္ဌ-၂၁၃)
ဗုဒ္ဓပိတုဗြာဟ္မဏဝတ္ထုပါဠိဂါထာ
တေ ယန္တိ အစ္စုတံ ဌာနံ, ယတ္ထ ဂန္တွာ န သောစရေ။
အဟိံသကာ၊ သူတပါးကို မညှင်းဆဲတတ်ကုန်သော။ ကာယေန၊ ကာယဒွါရ ဖြင့်။ ဝါ၊ ကာယကိုမှတ်, သုံးရပ်သောဒွါရဖြင့်။ နိစ္စံ၊ အမြဲ။ သံဝုတာ၊ စောင့်စည်းတတ်ကုန် သော။ ယေ မုနယော၊ အကြင်အသေခမုနိတို့သည်။ (သန္တိ၊ ရှိကုန်၏။) တေ၊ ထိုအသေခ မုနိတို့သည်။ ယတ္ထ၊ အကြင်နိဗ္ဗာန်၌။ ဝါ၊ သို့။ ဂန္တွာ၊ ရောက်၍။ ဝါ၊ ရောက်လသော်။ န သောစရေ၊ ဝမ်းမနည်းရတော့ကုန်။ အစ္စုတံ၊ စုတေရွေ့လျော, သေရခြင်းသဘောမရှိ သော။ (တံ) ဌာနံ၊ ထိုနိဗ္ဗာန်အရပ်သို့။ ယန္တိ၊ ရောက်ကြရကုန်၏။ (ပါ-၂၂၅)
ဗုဒ္ဓပိတုဗြာဟ္မဏဝတ္ထုဂါထာနိဿယပြီးပြီ။