မာတိကာသို့ ခုန်သွားရန်

ဗုဒ္ဓပိတုဗြာဟ္မဏဝတ္ထု

ဝီကီရင်းမြစ် မှ
2290ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၅။ ဗုဒ္ဓပိတုဗြာဟ္မဏဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ကောဓဝဂ်

၅။ ဘုရားခမည်းတော် ပုဏ္ဏား ဝတ္ထု

အဟိံသကာယာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာကေတမြို့ကို အမှီပြု၍ အဉ္စနမည်သော တောအုပ်၌ နေတော်မူစဉ် ရဟန်းတို့ မေးလျှောက်အပ်သော ပြဿနာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဘုရားရှင် မိဟောင်း,ဖဟောင်းနှင့် တွေ့ခြင်း

မြတ်စွာဘုရားသည် ရဟန်းသံဃာအပေါင်း ခြံရံတော်မူလျက် သာကေတမြို့သို့ ဆွမ်းအလို့ငှာ ကြွဝင်တော်မူသောအခါ သာကေတမြို့၌ နေလေ့ရှိသော အသက်အရွယ်အားဖြင့် ကြီးရင့်သော ပုဏ္ဏားကြီးတစ်ယောက်သည် သာကေတမြို့မှ ထွက်လတ်သည်ရှိသော် မြို့တံခါးအတွင်း၌ မြတ်စွာဘုရားကို ဖူးမြင်ရလျှင် ခြေတို့၌ဝပ်၍ ဖမျက်တို့၌ မြဲစွာဖက်လျက် “ချစ်သား- သားသမီးတို့မည်သည် အိုမင်းသောကာလတို့၌ မိခင်ဖခင်တို့ကို စောင့်ရှောက်လုပ်ကျွေးအပ်သည် မဟုတ်ပါလော၊ အဘယ့်ကြောင့် ဤမျှလောက်သော ကာလပတ်လုံး ခမည်းတော် မယ်တော်ဖြစ်သော တပည့်တော်တို့အား ကိုယ်တော်ကိုမျှ မပြလေဘိသနည်း၊ ခမည်းတော်ကား ရှေးဦးစွာ ဖူးမြင်အပ်သည်ဖြစ်ပြီ၊ မယ်တော်ကြီးကိုလည်း တွေ့ရမြင်ရလေအောင် ကြွတော်မူပါဦး”ဟု မြတ်စွာဘုရားကိုပင့်၍ မိမိ၏အိမ်သို့ သွားလေသတတ်။ မြတ်စွာဘုရားသည် ထိုအိမ်သို့ ကြွသွားတော်မူ၍ ခင်းထားအပ်သောနေရာ၌ ရဟန်းသံဃာအပေါင်းနှင့်တကွ နေတော်မူလေ၏။ ပုဏ္ဏေးမကြီးသည်လည်း လာလတ်၍ ဘုရားရှင်၏ ခြေတော်တို့၌ဝပ်၍ “ချစ်သား- ဤမျှလောက်သော ကာလပတ်လုံး အဘယ်အရပ်သို့ ကြွသွားနေဘိသနည်း၊ အိုမင်းသောကာလ၌ မိခင်ဖခင်တို့ကို လုပ်ကျွေး မွေးမြူအပ်ကုန်သည် မဟုတ်ပါလော”ဟု ဆိုပြီးလျှင် သားသမီးတို့ကို “လာကြကုန်လော့၊ နောင်တော်ကြီးကို ရှိခိုးကြကုန်လော့”ဟု ဆို၍ ရှိခိုးစေလေ၏။

ထိုနှစ်ယောက်ကုန်သော သူတို့သည်လည်း နှစ်သက်သော စိတ်ရှိကုန်သည်ဖြစ်၍ ဘုရားအမှူးရှိသော ရဟန်းသံဃာကို ဆွမ်းလုပ်ကျွေးပြီးလျှင် “ဘုန်းတော်ကြီးမား သားတော်ဘုရား- ဤအိမ်၌သာလျှင် အမြဲမပြတ် ဆွမ်းခံတော်မူကြပါဘုရား”ဟု လျှောက်ကြားလေသောကြောင့် “ဘုရားရှင်တို့မည်သည် တစ်ခုသောအရပ်၌သာလျှင် အမြဲမပြတ် ဆွမ်းမရပ်မခံကြကုန်”ဟု မိန့်တော်မူလတ်သည်ရှိသော် “ထိုသို့ဖြစ်မူ မြတ်စွာဘုရား- အကြင်သူတို့သည် ရှင်တော်ဘုရားတို့ကို ဆွမ်းပင့်ဖိတ်ခြင်းငှာ လာကြကုန်၏။ ထိုသူတို့ကို တပည့်တော်တို့၏အထံသို့ စေလွှတ်တော်မူပါဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုနေ့မှစ၍ ပင့်ဖိတ်ခြင်းငှာ လာကုန်သော သူတို့ကို “သွား၍ ပုဏ္ဏားကြီးအား ပြောကြားကြကုန်လော့”ဟု စေလွှတ်တော်မူလေ၏။

ထိုသူတို့သည် သွား၍ “ကျွန်တော်တို့သည် နက်ဖြန် ကောင်းမှုအလို့ငှာ မြတ်စွာဘုရားကို ပင့်ဖိတ်ကြပါကုန်၏”ဟု ပုဏ္ဏားကြီးကို ပြောဆိုကြကုန်၏။ ပုဏ္ဏားကြီးသည် တစ်ဖန် မိုးသောက်သောနေ့၌ မိမိ၏အိမ်မှ ထမင်းခွက် ဟင်းခွက်တို့ကိုယူ၍ မြတ်စွာဘုရား နေတော်မူရာ အရပ်သို့သွား၏၊ တစ်ပါးသောအရပ်၌ ပင့်ဖိတ်ခြင်း မရှိလျှင် ဘုရားရှင်သည် ပုဏ္ဏားကြီး၏ အိမ်၌သာလျှင် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုတော်မူ၏။ ထိုနှစ်ယောက်သော သူတို့သည်လည်း မိမိ၏ လှူဖွယ်ဝတ္ထုကို အမြဲမပြတ် မြတ်စွာဘုရားအား လှူဒါန်းကြကုန်လျက် တရားစကားကို နာကြားကြရကုန်သောကြောင့် အနာဂါမိဖိုလ်သို့ ရောက်ကြရလေကုန်၏။

အတိတ်အကြောင်း ပြန်ပြောင်း၍ ဟောခြင်း

ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်တို့- ပုဏ္ဏားကြီးသည် မြတ်စွာဘုရား၏ ခမည်းတော်ကား သုဒ္ဓေါဒနမင်းကြီး ဖြစ်၏၊ မယ်တော်ကား မဟာမာယာမိဖုရားကြီး ဖြစ်၏ဟု သိ၏၊ ဤသို့ သိလျက်သာလျှင် ပုဏ္ဏေးမကြီးနှင့်တကွ မြတ်စွာဘုရားကို “ငါတို့၏သား”ဟု ဆို၏။ မြတ်စွာဘုရားသည်လည်း ထိုသူတို့ ဆိုတိုင်းသာလျှင် သည်းခံတော်မူလေ၏၊ အကြောင်းကား အဘယ်သို့နည်း”ဟု စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ စကားကို ကြားတော်မူရလျှင် “ချစ်သားရဟန်းတို့- နှစ်ဦးစလုံးဖြစ်ကုန်သော ထိုသူတို့သည် မိမိ၏သားကိုသာလျှင် သားဟူ၍ ဆိုကြကုန်၏”ဟု မိန့်တော်မူ၍ လွန်လေပြီးသော အတိတ်အကြောင်းကို ဆောင်တော်မူလေ၏။

“ချစ်သား ရဟန်းတို့- လွန်လေပြီးသောအခါ ဤပုဏ္ဏားကြီးသည် အကြားအပြတ်မရှိ ဘဝငါးရာတို့ ကာလပတ်လုံး ငါဘုရား၏ ဖခင်ဖြစ်ခဲ့ဖူး၏၊ ဘဝငါးရာတို့ ကာလပတ်လုံး ဘထွေး ဖြစ်ခဲ့ဖူး၏။ ဘဝငါးရာတို့ ကာလပတ်လုံး ဘကြီး ဖြစ်ခဲ့ဖူး၏၊ ထိုပုဏ္ဏေးမကြီးသည်လည်း အပြီးအပြတ်မရှိသည် ဖြစ်၍သာလျှင် ဘဝငါးရာတို့ ကာလပတ်လုံး ငါဘုရား၏ မိခင် ဖြစ်ခဲ့ဖူး၏။ ဘဝငါးရာတို့ ကာလပတ်လုံး မိထွေး ဖြစ်ခဲ့ဖူး၏၊ ဘဝငါးရာတို့ ကာလပတ်လုံး မိကြီး ဖြစ်ခဲ့ဖူး၏၊ ဤသို့ ငါဘုရားသည် ဘဝတစ်ထောင့်ငါးရာ ကာလပတ်လုံး ပုဏ္ဏားကြီး၏လက်၌ ကြီးခဲ့ရ၏၊ ဘဝတစ်ထောင့်ငါးရာ ကာလပတ်လုံး ပုဏ္ဏေးမကြီး၏လက်၌ ကြီးခဲ့ရ၏။ ဤသို့ ဘဝသုံးထောင်တို့ပတ်လုံး ထိုပုဏ္ဏားကြီး, ပုဏ္ဏေးမကြီးတို့၏ သားအဖြစ်ကို ပြတော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ယသ္မိံ မနော နိဝိသတိ၊ စိတ္တဉ္စာပိ ပသီဒတိ။
အဒိဋ္ဌပုဗ္ဗကေ ပေါသေ၊ ကာမံ တသ္မိမ္ပိ ဝိဿသေ။

ပုဗ္ဗေဝ သန္နိဝါသေန၊ ပစ္စုပ္ပန္နဟိတေနဝါ။
ဧဝံ တံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ။

ဘိက္ခဝေ၊ ချစ်သား ရဟန်းတို့။ အဒိဋ္ဌပုဗ္ဗကေ၊ ဤဘဝ၌ ရှေးက မမြင်ဖူးသော။ ယသ္မိံ ပေါသေ၊ အကြင်ပုဂ္ဂိုလ်၌။ မနော၊ စိတ်နှလုံးသည်။ နိဝိသတိ၊ သက်ဝင်၍ တည်၏။ စိတ္တံ၊ စိတ်သည်။ ပသီဒတိစာပိ၊ ကြည်ညိုလည်း ကြည်ညို၏။ တသ္မိံ ပေါသေ၊ ထိုပုဂ္ဂိုလ်၌။ ကာမံ၊ စင်စစ်။ ပုဗ္ဗသိနေဟေနေဝ၊ ရှေး၌ဖြစ်သော ချစ်ခြင်းဖြင့်သာလျှင်။ ဝိဿသေ၊ ချစ်ကျွမ်းဝင်၏။

ပုဗ္ဗေ၊ ရှေးဘဝ၌။ သန္နိဝါသေန ဝါ၊ အတူမကင်း နေဖူးခြင်းကြောင့်လည်းကောင်း။ ပစ္စုပ္ပန္နဟိတေန ဝါ၊ မျက်မှောက် စီးပွားတိုးပွား လွန်မင်း ဆောင်ရွက်ခြင်းကြောင့်လည်းကောင်း။ ဧဝံ၊ ဤသို့ အကြောင်းနှစ်ပါးကြောင့်။ တံပေမံ၊ ထိုချစ်ခင်ခြင်းသည်။ ဇာယတေ၊ ဖြစ်၏။ ကိမိဝ၊ ဥပမာ အဘယ်ကဲ့သို့နည်း ဟူမူကား။ ဥဒကေ၊ ရေ၌။ ဥပ္ပလံဝါ၊ ဥပ္ပလကြာသည်လည်းကောင်း။ ပဒုမံဝါ၊ ပဒုမာကြာသည်လည်းကောင်း။ ဇာယတေ ယထာ၊ ရေနှင့်ညွှန်ပျောင်း အကြောင်းနှစ်ပါးကြောင့် ဖြစ်သကဲ့သို့တည်း။

မိဟောင်း,ဖဟောင်း သင်္ဂြိုဟ်ရာ၌ ဇရာသုတ်ဟောခြင်း

မြတ်စွာဘုရားသည် သုံးလပတ်လုံးသာလျှင် ထိုအမျိုးကိုမှီ၍ နေတော်မူလေ၏။ ထိုနှစ်ဦးသော သူတို့သည်လည်း အရဟတ္တဖိုလ်ကို မျက်မှောက်ပြု၍ ပရိနိဗ္ဗာန်ပြုကြလေကုန်၏။ ထိုအခါ ထိုပရိနိဗ္ဗာန် စံသောသူတို့အား များစွာသော ပူဇော်သက္ကာရကိုပြု၍ နှစ်ဦးစလုံးတို့ကို တစ်ခုသော အထွတ် စုလစ်မွမ်းချွန်ရှိသော တလားကြီးသို့သာလျှင် တင်၍ ဆောင်ယူကြလေကုန်။ မြတ်စွာဘုရားသည်လည်း ငါးရာသော ရဟန်းအပေါင်း ခြံရံလျက် ထိုဆောင်ယူကြကုန်သော သူတို့နှင့် အတူတကွသာလျှင် သုသာန်သို့ ကြွတော်မူလေ၏။ “မြတ်စွာဘုရားတို့၏ မယ်တော် ခမည်းတော်တို့တည်း”ဟု များစွာသော လူအပေါင်းသည် လိုက်ပို့ရန်ထွက်လေ၏။ မြတ်စွာဘုရားသည်လည်း သုသာန်အနီး တစ်ဆောင်သော ဇရပ်သို့ဝင်၍ နေတော်မူလေ၏။ လူတို့သည် မြတ်စွာဘုရားသို့ ရှိခိုး၍ တင့်အပ်လျောက်ပတ်သော အရပ်၌ တည်နေကြကုန်လျက် “မြတ်စွာဘုရား- ရှင်တော်မြတ်ဘုရားတို့သည် “မယ်တော်,ခမည်းတော်တို့ စုတေမနေ ကွယ်လွန်ကြချေပြီ”ဟု ကြံစည်အောက်မေ့ခြင်း ပြုတော်မမူကြပါကုန်လင့် ဘုရား”ဟု မြတ်စွာဘုရားနှင့်တကွ ပဋိသန္ဓာရ အစေ့အစပ်ပြုကြကုန်၏။ မြတ်စွာဘုရားသည် “သင်တို့ ဤသို့ မဆိုကြကုန်လင့်”ဟု ပယ်မြစ်တော်မမူဘဲ ပရိသတ်၏ အလိုဟူသော အာသယကို ကြည့်ရှုတော်မူ၍ ထိုခဏအားလျော်စွာ တရားဟောကြားတော်မူလိုသော မြတ်စွာဘုရားသည်-

အပ္ပံ ၀တ ဇီဝိတံ ဣဒံ၊ ဩရံ ၀ဿသတာပိ မီယတိ။
ယော စေပိ အတိစ္စ ဇီဝတိ၊ အထ သော ဇရသာပိ မီယတိ။

ဣဒံ ဇီဝိတံ၊ ဤအသက်ရှင်ခြင်းသည်။ အပ္ပံ ဝတ၊ နည်းပါးလေစွတကား။ ဝဿသတာပိ၊ အနှစ်တစ်ရာမှသော်လည်း။ ဩရံ၊ အတွင်း၌။ မီယတိ၊ သေရ၏။ ယော၊ အကြင်သူသည်။ အတိစ္စ၊ လွန်၍။ စေပိ ဇီဝတိ၊ အကယ်၍လည်း အသက်ရှည်ခဲ့ငြားအံ့။ အထ၊ ထိုသို့ရှည်သော်လည်း။ သော၊ ထိုသူသည်။ ဇရသာပိ၊ ရင့်ရော်မှည့်ဝင်း အိုမင်းခြင်းဖြင့်လည်း။ မီယတိ၊ သေရ၏။

သုတ္တနိပါတ်၊ အဋ္ဌကဝဂ်လာ ဤဇရာသုတ္တန်ကို ဟောကြားတော်မူလေ၏။ ဒေသနာတော်၏အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏။ ရဟန်းတို့သည် ပုဏ္ဏားကြီး၏လည်းကောင်း၊ ပုဏ္ဏေးမကြီး၏လည်းကောင်း ပရိနိဗ္ဗာန်ပြုသည့်အဖြစ်ကို မသိကြသောကြောင့် “မြတ်စွာဘုရား- ထိုပုဏ္ဏား၊ ပုဏ္ဏေးမကြီးတို့၏ တမလွန်ဘ၀ လားရာအရပ်သည် အဘယ်ပါနည်းဘုရား”ဟု မေးလျှောက်ကြလေကုန်၏။ ဘုရားရှင်သည် “ချစ်သားရဟန်းတို့- ဤသို့ သဘောရှိကုန်သော အသေခမုနိတို့၏ တမလွန်ဘဝ လားရာအရပ်မည်သည် မရှိ၊ ဤသို့သဘောရှိသောသူတို့သည် ရွေ့လျောခြင်းမရှိသော သေခြင်းကင်းသော မြတ်သောနိဗ္ဗာန်သို့သာလျှင် ရောက်ကြကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၂၂၅] အဟိံသကာ ယေ မုနယော၊ နိစ္စံ ကာယေန သံဝုတာ။
တေ ယန္တိ အစ္စုတံ ဌာနံ၊ ယတ္ထ ဂန္တွာ န သောစရေ။

အဟိံသကာယေ၊ မညှဉ်းဆဲသော ကိုယ်ရှိကြကုန်သော။ ယေ မုနယော၊ အကြင် အသေခမုနိတို့သည်။ နိစ္စံ၊ အမြဲ။ ကာယေန၊ ကာယဒွါရဖြင့်။ သံဝုတာ၊ လုံခြုံအောင် စောင့်ရှောက်ကြကုန်၏။ တေ၊ ထိုအသေခမုနိတို့သည်။ ယတ္ထဌာနေ၊ အကြင် နိဗ္ဗာန်အရပ်သို့။ ဂန္တွာ၊ သွားရောက်၍။ နသောစရေ၊ မစိုးရိမ် မပင်ပန်းကြကုန်။ အစ္စုတံ၊ ရွေ့လျောခြင်းမရှိသော။ တံဌာနံ၊ ထိုနိဗ္ဗာန်အရပ်သို့။ ယန္တိ၊ ရောက်ကြကုန်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး များစွာသောလူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဘုရားခမည်းတော် ပုဏ္ဏားဝတ္ထု ပြီး၏။