မာတိကာသို့ ခုန်သွားရန်

ပုဏ္ဏဒါသီဝတ္ထု

ဝီကီရင်းမြစ် မှ

ကောဓဝဂ်

၆။ ရာဇဂြိုဟ်သူဌေး၏ ပုဏ္ဏာမည်သော အိမ်ကျွန်မ ဝတ္ထု

သဒါ ဇာဂရမာနာနံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဂိဇ္ဈကုဋ်တောင်၌ နေတော်မူစဉ် ရာဇဂြိုဟ်သူဌေးကြီး၏ ပုဏ္ဏာမည်သော ကျွန်မကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အိမ်ကျွန်မ ပုဏ္ဏာ ဆန်ကွဲမုန့် လှူဒါန်းခြင်း

တစ်နေ့သ၌ ထိုပုဏ္ဏာအမည်ရှိသော ကျွန်မအား များစွာသော စပါးကိုထောင်းစိမ့်သောငှာ ပေးကြကုန်သတတ်။ ထိုကျွန်မသည် ညဉ့်၌ပင်လျှင် မီးထွန်းကာ စပါးထောင်းရသည်ဖြစ်၍ အပင်အပန်း ဖြေခြင်းငှာ ချွေးစွတ်သောကိုယ်ဖြင့် အပြင်ဘက် လေလာရာအရပ်၌ တည်နေလေ၏။ ထိုအခါ မလ္လာမင်းသားဖြစ်သော ရှင်ဒဗ္ဗသည် ရဟန်းတို့အား အိပ်ရာနေရာကို ညွှန်းပြ, နေရာချထားတတ်သော ရဟန်းဖြစ်၏။ ထိုရှင်ဒဗ္ဗသည် တရားနာပြီး၍ မိမိကျောင်းသို့ သွားကြကုန်သော ရဟန်းတို့အား လက်ချောင်းကို မီးတိုင်ကဲ့သို့ ထွန်းလင်းတောက်ပစေလျက် ရှေ့မှရှေ့မှ ခရီးညွှန်ပြခြင်း အကျိုးငှာ သွားသဖြင့် ရဟန်းတို့အလို့ငှာ အရောင်အလင်းကို ဖန်ဆင်းတော်မူလေ၏။ ပုဏ္ဏအမည်ရှိသော ကျွန်မသည် ထိုအလင်းရောင်ဖြင့် လှည့်လည်ကြွသွားကြကုန်သော ထိုအလုံးစုံသော ရဟန်းတို့ကို မြင်ရလျှင် “ငါကား မိမိ၏ ဆင်းရဲခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ဤအချိန်အခါ၌သော်လည်း အိပ်ခြင်းသို့ မကပ်ရောက်ရသေး၊ အရှင်ကောင်းတို့သည် အဘယ့်ကြောင့် ကျိန်းစက်တော်မမူကြသေးကုန်ဘိသနည်း”ဟု ကြံ၍ “မချွတ်လျှင် တစ်ပါးသော ရဟန်းအား မကျန်းမမာ မချမ်းသာခြင်းသည်မူလည်း ဖြစ်လတ္တံ့, မြွေတို့ကြောင့် ဘေးရန် ဥပဒ္ဒဝေါသည်မူလည်း ဖြစ်လတ္တံ့”ဟု အမှတ်သညာပြုပြီးလျှင် နံနက်စောစောကလျှင် ဆန်ကွဲကိုယူ၍ ရေဖြင့်ဆွတ်လျက် လက်ဝါးပြင်၌ မုန့်ပြုလုပ်သဖြင့် မီးကျီးစုတို့၌ ကင်၍,ဖုတ်၍ ခါးပိုက်ရင်ခွင်၌ ထည့်ပြီးလျှင် ရေဆိပ်လမ်းခရီး၌ စားအံ့ဟု အကြံပြု၍ ရေခပ်အိုးကိုယူကာ ရေဆိပ်သို့ ရှေးရှုထွက်သွားလေ၏။

မြတ်စွာဘုရားသည်လည်း ရွာသို့ ကြွဝင်တော်မူခြင်းငှာ ထိုခရီးသို့သာ ကြွသွားတော်မူလေ၏။ ပုဏ္ဏာအမည်ရှိသော ကျွန်မသည် မြတ်စွာဘုရားကို မြင်တဲ့လျှင် အကြံဖြစ်သည်မှာ “တစ်ပါးသောနေ့တို့၌ မြတ်စွာဘုရားကို ဖူးမြင်ရသော်လည်း ငါ့အား လှူဖွယ်ဝတ္ထုမရှိ၊ လှူဖွယ်ဝတ္ထုရှိသော်လည်း မြတ်စွာဘုရားကို မဖူးမြင်ရ၊ ယခုမူကား လှူဖွယ်ဝတ္ထုလည်း ငါ့အားရှိ၏။ မြတ်စွာဘုရားသည်လည်း မျက်မှောက်ထင်ထင် ဖြစ်တော်မူ၏။ ကြမ်းတမ်းညံ့ဖျင်း၏ ဟူ၍လည်းကောင်း၊ မွန်မြတ်၏ဟူ၍လည်းကောင်း ကြံစည်တော်မမူဘဲ အကယ်၍ အလှူခံပါမူကား ငါသည် ဤမုန့်ကို လှူလိုပါ၏”ဟု ကြံပြီးလျှင် ရေခပ်အိုးကို တစ်ခုသောအရပ်၌ ချထား၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် “မြတ်စွာဘုရား- ကြမ်းတမ်းသော ဤမုန့်အလှူကို ခံတော်မူလျက် တပည့်တော်မအား ချီးမြှင့်ခြင်းကို ပြုတော်မူကြပါဘုရား”ဟု လျှောက်ကြားလေ၏။

မြတ်စွာဘုရားသည် ရှင်အာနန္ဒာမထေရ်ကို ကြည့်ရှုတော်မူသဖြင့် ထိုရှင်အာနန္ဒာသည် ထုတ်ဆောင်၍ ဆက်ကပ်အပ်သော နတ်မင်းကြီးလေးဦး လှူသော သပိတ်ကို ညွတ်တော်မူ၍ မုန့်ကို ခံယူတော်မူလေ၏။ ပုဏ္ဏာမည်သော ကျွန်မသည်လည်း မုန့်ကို မြတ်စွာဘုရား၏သပိတ်၌ လောင်းထည့်ပြီး၍သာလျှင် ငါးပါးသော တည်ခြင်းဖြင့် ရှိခိုးလျက် “မြတ်စွာဘုရား- ရှင်တော်မြတ်ဘုရားတို့ သိမြင်အပ်သော တရားသည်သာလျှင် တပည့်တော်မအား ပြည့်စုံပါစေသားဘုရား”ဟု လျှောက်ကြားလေ၏။ ဘုရားရှင်သည် “ဤသို့ တောင်းသည့်ဆုအတိုင်း ပြည့်စုံစေသတည်း”ဟု ရပ်လျက်သာလျှင် အနုမောဒနာ ပြုတော်မူလေ၏။

အလှူရှင်မျက်မှောက် ဘုရားရှင် ဘုဉ်းပေးတော်မူခြင်း

ပုဏ္ဏာမည်သော ကျွန်မသည်လည်း “ငါ့အား မြတ်စွာဘုရားသည် ချီးမြှောက်ခြင်းကို ပြုတော်မူသဖြင့် မုန့်ကို အကယ်၍ကား ခံယူတော်မူ၏၊ ထိုသို့ပင် ခံယူသော်လည်း ဤမုန့်ကို ဘုဉ်းပေးတော်မူလိမ့်မည်မဟုတ်၊ မချွတ်လျှင် ရှေ့နား၌ ကျီးအားလည်းကောင်း၊ ခွေးအားလည်းကောင်း စွန့်ကြဲခဲ့၍ မင်းကြီး၏လည်းကောင်း၊ မင်းသား၏လည်းကောင်း အိမ်သို့ ကြွတော်မူ၍ မွန်မြတ်သော ဘောဇဉ်ကို ဘုဉ်းပေးသုံးဆောင်တော်မူလတ္တံ့”ဟု ကြံစည်ရှာလေ၏။ မြတ်စွာဘုရားသည်လည်း “ဤပုဏ္ဏမည်သော ကျွန်မသည် အဘယ်သို့ ကြံစည်လေဘိသနည်း”ဟု ဆင်ခြင်တော်မူလတ်သည်ရှိသော် ပုဏ္ဏာ၏ စိတ်အကြံကို သိတော်မူရလျှင် ရှင်အာနန္ဒာမထေရ်ကို ကြည့်တော်မူလျက် နေထိုင်အံ့သော အခြင်းအရာကို ပြလေ၏။ ရှင်အာနန္ဒာမထေရ်သည် သင်္ကန်းကိုခင်း၍ ပေးလေ၏။ မြတ်စွာဘုရားသည် မြို့ပ၌သာလျှင် နေတော်မူလျက် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုတော်မူလေ၏။ နတ်တို့သည် အလုံးစုံသော စကြဝဠာတိုက်၌ နတ်လူတို့အား သုံးဆောင်ခြင်းငှာ လျောက်ပတ်သော သြဇာအရသာကို ပျားလဘို့ကဲ့သို့ ညှစ်၍ ထိုဆန်ကွဲမုန့်၌ ထည့်သွင်းကြလေကုန်၏။ ပုဏ္ဏာမည်သော ကျွန်မသည်လည်း ကြည့်ရှုလျက်သာလျှင် ရပ်နေလေ၏။ မုန့်ဆွမ်းဘုဉ်းပေးပြီးသောအဆုံး၌ ရှင်အာနန္ဒာသည် ရေကို ဆက်ကပ်လေ၏။

မြတ်စွာဘုရားသည် မုန့်ဆွမ်းဘုဉ်းပေးတော်မူပြီးသည်ဖြစ်၍ ပုဏ္ဏာမည်သော ကျွန်မကို ခေါ်တော်မူပြီးလျှင် “ပုဏ္ဏာ- အဘယ့်ကြောင့် သင်သည် ငါ၏ တပည့်သား သာဝကတို့ကို ရေရွတ် ပြောဆိုဘိသနည်း”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- ရေရွတ်ပြောဆိုခြင်း မပြုမိပါဘုရား”ဟု လျှောက်လတ်သော် “ထိုသို့ဖြစ်လျှင် သင်သည် ငါ၏ တပည့်သား သာဝကတို့ကိုကြည့်၍ အဘယ်သို့ ဆိုဘိသနည်း”ဟု မိန့်တော်မူပြန်လေ၏။ “မြတ်စွာဘုရား- တပည့်တော်မသည် “ငါ့မှာမူကား ဆင်းရဲဒုက္ခ နှိပ်စက်ခြင်းကြောင့် အိပ်ခြင်းသို့ မကပ်ရောက်ရသေး၊ အရှင်ကောင်းတို့သည် အဘယ်အကျိုးငှာ ကျိန်းစက်တော်မူခြင်းသို့ မကပ်ရောက်ကြကုန်ဘိသနည်း”ဟု ကြံပြီးလျှင် “မချွတ်လျှင် တစ်စုံတစ်ယောက်သော ရဟန်းအား မကျန်းမမာ မချမ်းသာခြင်းသည်လည်းကောင်း ဖြစ်လတ္တံ့၊ မြွေကြောင့် ဘေးရန်ဥပဒ္ဒဝေါသည်မူလည်း ဖြစ်လတ္တံ့”ဟု ဤမျှလောက်ကိုသာ ကြံစည်မိပါသည်ဘုရား”ဟု လျှောက်ကြားလေသောကြောင့် ဘုရားရှင်သည် ထိုပုဏ္ဏာမည်သော ကျွန်မ၏စကားကို ကြားသိတော်မူ၍ “ချစ်သမီး ပုဏ္ဏာ- သင်သည် ထိုရွေ့လောက် ဆင်းဒုက္ခ နှိပ်စက်ခြင်းကြောင့် မအိပ်နိုင်၊ ငါဘုရား၏ တပည့်သား သာဝကတို့ကား အခါခပ်သိမ်းနိုးကြားခြင်းကို အဖန်ဖန် လေ့လာအားထုတ်ကြခြင်းကြောင့် မအိပ်နိုင်ကြကုန်”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၂၂၆] သဒါ ဇာဂရမာနာနံ၊ အဟောရတ္တာနုသိက္ခိနံ။
နိဗ္ဗာနံ အဓိမုတ္တာနံ၊ အတ္ထံ ဂစ္ဆန္တိ အာသဝါ။

သဒါ၊ အခါခပ်သိမ်း။ ဇာဂရမာနာနံ၊ နိုးကြားတတ်ကြကုန်သော။ အဟောရတ္တာနုသိက္ခိနံ၊ နေ့ညဉ့်ပတ်လုံး သိက္ခာသုံးပါးကို ကျင့်ကြကုန်သော။ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။ အဓိမုတ္တာနံ၊ အလိုရှိခြင်း နှလုံးသွင်းခြင်း ရှိကြကုန်သော ပုဂ္ဂိုလ်တို့အား။ အာသဝါ၊ အာသဝေါတရား လေးပါးတို့သည်။ အတ္ထံ၊ ချုပ်ခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ရပ်မြဲတိုင်းသာလျှင်ဖြစ်သော ပုဏ္ဏာ အမည်ရှိသော ကျွန်မသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသောဒေသနာ ဖြစ်တော်မူလေ၏။

ဆန်ကွဲစား သိန္ဓောမြင်းငယ်

မြတ်စွာဘုရားသည် ဆန်ကွဲမီးဖုတ်မုန့်ဖြင့် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုပြီး၍ ကျောင်းတော်သို့ ကြွသွားတော်မူလေ၏။ ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်တို့- မြတ်စွာဘုရားသည် ပုဏ္ဏာအမည်ရှိသော အိမ်ကျွန်မလှူဒါန်းသော ဆန်ကွဲမီးဖုတ်မုန့်ဖြင့် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုတော်မူသဖြင့် ပြုနိုင်ခဲသောအမှုကို ပြုတော်မူပါပေ၏တကား”ဟု စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါလာဆဲဖြစ်သောအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြပါကုန်ဘိသနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ယခုသာလျှင် မဟုတ်သေး၊ ရှေး၌လည်း ငါဘုရားသည် ဤပုဏ္ဏာမည်သောကျွန်မ ပေးအပ်,ကျွေးအပ်သော ဆန်ကွဲကို သုံးဆောင် စားသောက်ဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူသဖြင့်-

ဘုတွာ တိဏပရိဃ သံ၊ ဘုတွာ အာစာမကုဏ္ဍကံ။
ဧတံ တေ ဘောဇနံ အာသိ၊ ကသ္မာ ဒါနိ န ဘုဉ္ဇသိ။

ယတ္ထ ပေါသံ န ဇာနန္တိ၊ ဇာတိယာ ဝိနယေနဝါ။
ဗဟုံ တတ္ထ မဟာဗြဟ္မေ၊ အပိ အာစာမကုဏ္ဍကံ။

တွဉ္စ ခေါ မံ ပဇာနာသိ၊ ယာဒိသာယံ ဟယုတ္တမော။
ဇာနန္တော ဇာနမာဂမ္မ၊ န တေ ဘက္ခာမိ ကုဏ္ဍကံ။

အဿပေါတက၊ အိုမြင်းငယ်။ တွံ၊ သင်သည်။ တိဏပရိဃာသံ၊ သူတစ်ပါးစားကြွင်း မြက်ငုတ်ကို။ ဘုတွာ၊ စား၍။ အာစာမကုဏ္ဍကံ၊ အမယ်အိုကျွေးသော ထမင်းချိုးနှင့် ဆန်ကွဲမှုန့်ကို။ ဘုတွာ၊ စား၍။ ဝဍ္ဎိတော၊ ကြီးပွားရ၏။ ဧတံ၊ ဤယခု ငါကျွေးသော အစာသည်။ တေ၊ သင်၏။ ဘောဇနံ၊ စားနေကျ အစာသည်။ အာသိ၊ ဖြစ်၏။ ဣဒါနိ၊ ယခုအခါ၌။ ကသ္မာ၊ အဘယ့်ကြောင့်။ န ဘုဉ္ဇသိ၊ မစားဘိသနည်း။

မဟာဗြဟ္မေ၊ မြတ်သော ပုဏ္ဏားကြီး။ ယတ္ထ၊ အကြင်အရပ်၌။ ပေါသံ၊ သတ္တဝါတစ်ဦးကို။ ဇာတိယာဝါ၊ အမျိုးဇာတ်အားဖြင့်လည်းကောင်း။ ဝိနယေနဝါ၊ အကျင့်အာစာရအားဖြင့်လည်းကောင်း။ န ဇာနန္တိ၊ ပြည့်စုံ မပြည့်စုံဟု မသိကြကုန်။ တတ္ထ၊ ထိုအရပ်၌။ အာစာမကုဏ္ဍကံအပိ၊ ထမင်းချိုး ဆန်ကွဲမှုန့်ကိုသော်လည်း။ ဗဟုံ၊ များစွာ။ ဘက္ခေ၊ စားရရာ၏။

တွဉ္စ၊ သင်သည်ကား။ မံ၊ အကျွန်ုပ်ကို။ အယံဟယော၊ ဤမြင်းသည်။ ယာဒိသော၊ အကြင်သို့ သဘောရှိသော။ ဟယုတ္တမော၊ အဖိုးတန် မြင်းကောင်းဖြစ်၏ဟူ၍။ ပဇာနာသိခေါ၊ သိသည်သာလျှင်တည်း။ ဇာနန္တော၊ အားစွမ်းကိုသိသော အကျွန်ုပ်သည်။ ဇာနံ၊ အားစွမ်းကိုသိသော သင့်ကို။ အာဂမ္မ၊ စွဲ၍။ တေ၊ သင်၏။ သန္တိကေ၊ အထံ၌။ ကုဏ္ဍကံ၊ ဆန်ကွဲမှုန့်ကို။ န ဘက္ခာမိ၊ မစားအံ့။

ဟူ၍ ဤဆန်ကွဲစား သိန္ဓောမြင်းငယ်ဇာတ်ကို အကျယ်ချဲ့၍ ဟောတော်မူလေ၏။

(ဤဇာတ်ကား သုတ်ပါထေယျ အဋ္ဌကထာ၌လာသော ရှဉ့်မင်းဇာတ်ကဲ့သို့ ငါးရာ့ငါးဆယ် သင်္ဂါယနာတင်တော်မူစဉ်က အကြောင်းအရာ တစ်စုံတစ်ခုကြောင့် ချန်ထားခဲ့သည်ဟု အောက်မေ့မှတ်ထင်မိ၏။ အနည်းငယ်မျှကွဲလွဲ၍ တွေ့မြင်ရသော ဇာတ်ကား တိကနိပါတ် ၁-သင်္ကပ္ပဝဂ်၊ ၄-ကုဏ္ဍကသိန္ဓဝ ဇာတ်ဖြစ်၏။ ဇာတ်ပေါင်းရာ၌ ထိုအခါက အမယ်အိုသည် ယခုအခါ ရှင်သာရိပုတ္တရာအား ဆွမ်းကပ်သော အမယ်အို ဖြစ်လာ၏။ သိန္ဓောမြင်းသည် ရှင်သာရိပုတ္တရာ၊ ပြည့်ရှင်မင်းသည် ရှင်အာနန္ဒာ၊ မြင်းကုန်သည်ကား ငါဘုရား ဖြစ်တော်မူလာ၏ဟု ဇာတ်ကို ပေါင်းတော်မူ၏။)

ရာဇဂြိုဟ်သူဌေး၏ ပုဏ္ဏာမည်သော အိမ်ကျွန်မဝတ္ထု ပြီး၏။