အတုလဥပါသကဝတ္ထု
ကောဓဝဂ်
၇။ အတုလ ဥပါသကာဝတ္ထု
ပေါရာဏမေတံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အတုလမည်သော ဥပါသကာကို အကြောင်းပြု၍ ဟောတော်မူလေ၏။
စိတ်တိုင်းကျ တရားမနာရသဖြင့် ကဲ့ရဲ့ခြင်း
ထိုဥပါသကာသည် သာဝတ္ထိပြည်၌ နေလေ့ရှိသော ဥပါသကာဖြစ်၍ ငါးရာသော ဥပါသကာအပေါင်း အခြံအရံရှိသဖြင့် တစ်နေ့သ၌ ထိုဥပါသကာတို့ကိုခေါ်၍ တရားနာခြင်းအကျိုးငှာ ကျောင်းတော်သို့ သွားရောက်ပြီးလျှင် ရေဝတမထေရ်၏ အထံတော်၌ တရားနာလိုသည်ဖြစ်၍ ရေဝတမထေရ်ကို ရှိခိုးကာ နေလေ၏။ ထိုရေဝတမထေရ်ကား ခြင်္သေ့ကဲ့သို့ တစ်ယောက်ထီးတည်း ကိန်းအောင်းခြင်း၌ မွေ့လျော်လေ့ရှိ၏။ တစ်ပါးတည်း နေထိုင်လေ့ရှိ၏။ ထို့ကြောင့် အတုလ ဒါယကာနှင့်တကွ တစ်စုံတစ်ခုသော စကားကိုမျှ မိန့်ဆိုတော်မမူ။ အတုလ ဥပါသကာသည် “ဤမထေရ်ကား တစ်စုံတစ်ခွန်းသော စကားကိုမျှ မဆို”ဟု အမျက်ထွက်သဖြင့် ရှင်သာရိပုတ္တရာ၏ အထံတော်သို့သွား၍ တင့်အပ်လျောက်ပတ်သော အရပ်၌ ရပ်နေလေ၏။ ရှင်သာရိပုတ္တရာမထေရ်သည် “အဘယ်အကြောင်းကြောင့် လာကြကုန်သနည်း”ဟု ဆိုအပ်သည်ရှိသော် “အရှင်ဘုရား- တပည့်တော်သည် ဤသီတင်းသည် ဥပါသကာတို့ကိုခေါ်၍ တရားနာခြင်းအကျိုးငှာ ရေဝတမထေရ်အထံသို့ ချဉ်းကပ်ပါသည်ဘုရား၊ ရေဝတမထေရ်သည် တပည့်တော်အား တစ်စုံတစ်ခွန်းသော စကားကိုမျှ မဆိုပါဘုရား၊ ထို့ကြောင့် တပည့်တော်သည် ထိုရေဝတမထေရ်အား အမျက်ထွက်သဖြင့် ဤအရပ်သို့ ရောက်လာပါသည်။ တပည့်တော်တို့အား တရားဟောတော်မူကြပါဘုရား”ဟု လျှောက်ကြားသည်ရှိသော် “ဒါယကာတို့- ထိုင်ကြကုန်လော့”ဟု မိန့်တော်မူပြီးလျှင် များစွာပြု၍ အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူလေ၏။ အတုလဥပါသကာသည်လည်း “တရားစကားမည်သည်ကား အလွန်သိမ်မွေ့လှ၏၊ ရှင်သာရိပုတ္တရာသည် များစွာသော အဘိဓမ္မာတရားကိုသာလျှင် ဟောတော်မူလေ၏၊ ငါတို့အား ဤအဘိဓမ္မာတရားဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု အမျက်ထွက်သဖြင့် ပရိသတ်ကိုခေါ်၍ ရှင်အာနန္ဒာမထေရ်၏ အထံတော်သို့ သွားရောက်ပြန်လေ၏။
ရှင်အာနန္ဒာမထေရ်သည်လည်း “ဒါယကာတို့- အဘယ်အကြောင်းရှိသနည်း”ဟု ဆိုလတ်သည်ရှိသော် “အရှင်ဘုရား- အကျွန်ုပ်တို့သည် တရားနာခြင်းအကျိုးငှာ ရေဝတမထေရ်သို့ ချဉ်းကပ်ကြပါကုန်သည်ဘုရား၊ ရေဝတမထေရ်အထံ၌ အာလာပသလ္လာပ စကားပြောဟောခြင်းမျှကိုလည်း မရမူ၍ အမျက်ထွက်သဖြင့် ရှင်သာရိပုတ္တရာမထေရ်၏ အထံတော်သို့ ရောက်သွားကြပါသည်ဘုရား၊ ရှင်သာရိပုတ္တရာသည်လည်း တပည့်တော်တို့အား အလွန်သိမ်မွေ့လှသော များစွာသော အဘိဓမ္မာတရားတော်ကိုသာလျှင် ဟောတော်မူပါသည်ဘုရား၊ ဤအဘိဓမ္မာတရားတော်ကြီးဖြင့် ငါတို့အား အဘယ်အကျိုးရှိအံ့နည်းဟု ထိုရှင်သာရိပုတ္တရာအားလည်း အမျက်ထွက်သဖြင့် ဤအရပ်သို့ ရောက်လာကြပါသည် အရှင်ဘုရား၊ တပည့်တော်တို့အား တရားစကား ဟောကြားတော်မူပါဘုရား”ဟု လျှောက်ကြားလေ၏။ “ထိုသို့ဖြစ်မူ ထိုင်၍နာကြကုန်လော့”ဟု မိန့်တော်မူပြီးလျှင် ရှင်အာနန္ဒာမထေရ်သည် ထိုသီတင်းသည် ဥပါသိကာတို့အား အလွန်သိလွယ်အောင်ပြု၍ အနည်းငယ်သော တရားစကားကို ဟောကြားမိန့်မြွက်တော်မူလေ၏။
ကဲ့ရဲ့အပ်သူ ချီးမွမ်းအပ်သူ အစစ်မရှိ
ထိုသီတင်းသည် ဥပါသကာတို့သည် ရှင်အာနန္ဒာ မထေရ်အားလည်း အမျက်ထွက်ပြန်သဖြင့် ဘုရားရှင်၏ အထံတော်သို့ သွားပြီးလျှင် ရှိခိုးလျက် တင့်အပ်လျောက်ပတ်သော အရပ်၌ နေကြလေကုန်၏။ ထိုအခါ ထိုဒါယကာတို့ကို မြတ်စွာဘုရားသည် “ဥပါသကာတို့- အဘယ်အကြောင်းကြောင့် ရောက်လာကြကုန်သနည်း”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- တရားနာခြင်းအကျိုးငှာ ရောက်လာကြပါသည်ဘုရား”ဟု လျှောက်ကြာလတ်သော် “သင်တို့သည် တရားကို နာကြားရပြီလော”ဟု မိန့်တော်မူပြန်လေ၏။ “မြတ်စွာဘုရား- တပည့်တော်တို့သည် အစဦးစွာ ရေဝတမထေရ်သို့ ချဉ်းကပ်ကြပါသည်ဘုရား၊ ထိုရေဝတမထေရ်သည် တပည့်တော်တို့နှင့် အတူတကွ တစ်စုံတစ်ခွန်းသော စကားကိုမျှ မဆိုပါဘုရား၊ ထိုရေဝတမထေရ်အား အမျက်ထွက်သဖြင့် ရှင်သာရိပုတ္တရာမထေရ်သို့ ချဉ်းကပ်ကြပါသည်၊ ထိုရှင်သာရိပုတ္တရာမထေရ်သည် တပည့်တော်တို့အား များလှစွာသော အဘိဓမ္မာတရားကို ဟောကြားပါသည်ဘုရား၊ ထိုအဘိဓမ္မာတရားကို မမှတ်သားနိုင်ပါသောကြောင့် အမျက်ထွက်သဖြင့် ရှင်အာနန္ဒာမထေရ်သို့ ချဉ်းကပ်ကြပါသည်။”
“ရှင်အာနန္ဒာမထေရ်သည် တပည့်တော်တို့အား အနည်းငယ်မျှသော တရားကိုသာလျှင် ဟောကြားပါသည်ဘုရား၊ ထိုရှင်အာနန္ဒာမထေရ်အားလည်း အမျက်ထွက်သဖြင့် ဤအရပ်သို့ ရောက်လာကြပါသည်ဘုရား”ဟု လျှောက်ဆိုလတ်သည်ရှိသော် မြတ်စွာဘုရားသည် အတုလ ဥပါသကာ၏ စကားကို ကြားတော်မူရလျှင် “ဒါယကာ အတုလ- ထိုကဲ့ရဲ့ခြင်းသည် ရှေးအခါမှစ၍ အလေ့အလာဖြစ်သည်သာတည်း၊ ဆိတ်ဆိတ်နေသော သူကိုလည်းကောင်း၊ များများပြောဆိုတတ်သော သူကိုလည်းကောင်း၊ နည်းနည်းပြောဆိုတတ်သော သူကိုလည်းကောင်း ကဲ့ရဲ့ကြကုန်စမြဲသာတည်း၊ စင်စစ် ကဲ့ရဲ့အပ်သည်သာလျှင် ဖြစ်သောသူသည်လည်းကောင်း၊ စင်စစ် ချီမွမ်းအပ်သည်သာလျှင် ဖြစ်သောသူသည်လည်းကောင်း မရှိ၊ ပြည့်ရှင်မင်းကြီးတို့ကိုလည်း အချို့သောသူတို့သည် ကဲ့ရဲ့ကြကုန်၏။ အချို့သောသူတို့သည် ချီးမွမ်းကြကုန်၏။ မဟာပထဝီ မြေကြီးကိုလည်းကောင်း၊ လ,နေတို့ကိုလည်းကောင်း အချို့သောသူတို့သည် ကဲ့ရဲ့ကြကုန်၏၊ အချို့သောသူတို့သည် ချီးမွမ်းကြကုန်၏၊ ပရိသတ်လေးပါး၏ အလယ်၌ နေတော်မူလျက် တရားစကား ဟောကြားတော်မူသော မြတ်စွာဘုရားကိုသော်လည်း အချို့သောသူတို့သည် ကဲ့ရဲ့ကြကုန်၏၊ အချို့သောသူတို့သည် ချီးမွမ်းကြကုန်၏၊ အန္ဓဗာလဖြစ်သော သူမိုက်တို့၏ ကဲ့ရဲ့ခြင်းသည်လည်းကောင်း၊ ချီးမွမ်းခြင်းသည်လည်းကောင်း ပမာဏမဟုတ်၊ လျင်စွာသိနိုင် မှတ်နိုင်သော ပညာရှိသောသူ၏ ကဲ့ရဲ့ခြင်းသည် ကဲ့ရဲ့ခြင်းမည်၏၊ ချီးမွမ်းခြင်းသည် ချီးမွမ်းခြင်းမည်၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
နိန္ဒန္တိ တုဏှိမာသီနံ၊ နိန္ဒန္တိ ဗဟုဘာဏိနံ။
မိတဘာဏိမ္ပိ နိန္ဒန္တိ၊ နတ္ထိ လောကေ အနိန္ဒိတော။
[၂၂၈] န စာဟု န စ ဘဝိဿတိ၊ န စေတရဟိ ဝိဇ္ဇတိ။
ဧကန္တံ နိန္ဒိတော ပေါသော၊ ဧကန္တံ ဝါ ပသံသိတော။
[၂၂၉] ယံ စေ ဝိညူ ပသံသန္တိ၊ အနုဝိစ္စ သုဝေ သုဝေ။
အစ္ဆိဒ္ဒဝုတ္တိံ မေဓာဝိံ၊ ပညာသီလ သမာဟိတံ။
[၂၃၀] နိက္ခံ ဇမ္ဗောနဒဿေဝ၊ ကော တံ နိန္ဒိတုမရဟတိ။
ဒေဝါပိ နံ ပသံသန္တိ၊ ဗြဟ္မုနာပိ ပသံသိတော။
အတုလ၊ အတုလမည်သော ဒါယကာ။ ဧတံ၊ ဤကဲ့ရဲ့ခြင်း, ချီးမွမ်းခြင်းသည်။ ပေါရာဏံ၊ ရှေးမှစ၍ ဖြစ်၏။ ဧတံ၊ ဤကဲ့ရဲ့ခြင်း, ချီးမွမ်းခြင်းသည်။ အဇ္ဇတနာမိဝ၊ ယခုမှဖြစ်သကဲ့သို့။ န ဟောတိ၊ မဟုတ်။ တုဏှိမာသီနံပိ၊ ဆိတ်ဆိတ်နေလေ့ရှိသော သူကိုလည်း။ နိန္ဒန္တိ၊ ကဲ့ရဲ့ကြကုန်၏။ ဗဟုဘာဏိနံပိ၊ များများပြောဆိုလေ့ရှိသော သူကိုလည်း။ နိန္ဒန္တိ၊ ကဲ့ရဲ့ကုန်၏။ မိတဘာဏိမ္ပိ၊ နည်းနည်းပြောဆိုလေ့ရှိသော သူကိုလည်း။ နိန္ဒန္တိ၊ ကဲ့ရဲ့ကြကုန်၏။ လောကေ၊ လောက၌။ အနိန္ဒိတော၊ မကဲ့ရဲ့အပ်သောသူ မည်သည်။ ဝါ၊ အကဲ့ရဲ့ လွတ်သောသူမည်သည်။ နတ္ထိ၊ မရှိ။
ဧကန္တံ၊ စင်စစ်အားဖြင့်။ နိန္ဒိတော၊ ကဲ့ရဲ့အပ်သော။ ပေါသောဝါ၊ ယောက်ျားသည်လည်းကောင်း။ ဧကန္တံ၊ စင်စစ်အားဖြင့်။ ပသံသိတော၊ ချီးမွမ်းအပ်သော။ ပေါသောဝါ၊ ယောက်ျားသည်လည်းကောင်း။ န စ အဟု၊ ရှေးအတိတ်၌လည်းမဖြစ်စဖူး။ န စ ဘဝိဿတိ၊ နောင် အနာဂတ်၌လည်း မဖြစ်လတ္တံ့။ ဧတရဟိ စ၊ ယခု ပစ္စုပ္ပန်၌လည်း။ န ဝိဇ္ဇတိ၊ မရှိ။
အစ္ဆိဒ္ဒဝုတ္တိံ၊ မကျိုးမပြတ်သော အကျင့်သိက္ခာရှိသော။ ဝါ၊ မပျက်စီးသော အသက်မွေးခြင်းရှိသော။ မေဓာဝိံ၊ ထက်မြက်သော ဓမ္မောဇပညာဖြင့် ပညာရှိသော။ ပညာသီလသမာဟိတံ၊ လောကီ လောကုတ္တရာပညာ စတုပါရိ သုဒ္ဓိသီလနှင့်ပြည့်စုံသော။ ယံဘိက္ခု၊ အကြင်ရဟန်းကို။ ဝိညူ၊ ပညာရှိတို့သည်။ သုဝေ သုဝေ၊ နေ့တိုင်းနေ့တိုင်း။ အနုဝိစ္စ၊ ချီးမွမ်းသင့် ကဲ့ရဲ့သင့်ကို သိရှိ၍။ ပသံသန္တိ၊ ချီးမွမ်းကြကုန်၏။
တံဘိက္ခုံ၊ ထိုရဟန်းကို။ ဇမ္ဗောနဒဿ၊ ဇမ္ဗူရာဇ်ရွှေ၏။ နိက္ခံ ဣဝ၊ တစ်နိက္ခကဲ့သို့။ ကော၊ အဘယ်သူသည်။ နိန္ဒိတုံ၊ ကဲ့ရဲ့ခြင်းငှာ။ အရဟတိ၊ ထိုက်အံ့နည်း။ နံ ဘိက္ခု၊ ထိုရဟန်းကို။ ဒေဝါပိ၊ နတ်တို့သည်လည်း။ ပသံသန္တိ၊ ချီးမွမ်းကြကုန်၏။ သော ဘိက္ခု၊ ထိုရဟန်းကို။ ဗြဟ္မုနာပိ၊ စကြဝဠာတိုက်တစ်သောင်း မဟာဗြဟ္မာအပေါင်းသည်လည်း။ ပသံသိတော၊ ချီးမွမ်းအပ်၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏အဆုံး၌ ငါးရာသော ဥပါသကာတို့သည်လည်း သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။