မာရဝတ္ထုဂါထာ -၄
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၂၆-ဗြာဟ္မဏဝဂ်။ ၃-မာရဝတ္ထု
၃၈၅။ ယဿ ပါရံ အပါရံ ဝါ၊ ပါရာပါရံ န ဝိဇ္ဇတိ။
ဝီတဒ္ဒရံ ဝိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ဤတရားဒေသနာတော်ကို သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထင်ရှားသော ပုဂ္ဂိုလ်ယောင်ဆောင်၍ ပါရဂူဟူသည် အဘယ်ပါနည်းဟု မေးလျှောက်သော မာရ်နတ်ကိုအကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။
အနက်
ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ ပါရံ ဝါ၊ စက္ခုစသော အတွင်းအာယတနခြောက်ပါးတည်းဟူသော ဤမှာဘက်ကမ်းသည်လည်းကောင်း။ အပါရံ ဝါ၊ ရူပါရုံစသော အပြင်အာယတနခြောက်ပါးတည်းဟူသော ထိုမှာဘက်ကမ်းသည်လည်းကောင်း။ ပါရာပါရံ၊ ထိုမှာဘက် ဤမှာဘက်ကမ်း နှစ်ပါးအပေါင်းသည်လည်းကောင်း။ န ဝိဇ္ဇတိ၊ မရှိ။ ဝီတဒ္ဒရံ၊ ကိလေသာတို့ဖြင့် ပူပန်ခြင်းကင်းသည်ဖြစ်၍။ ဝိသံယုတ္တံ၊ ကိလေသာတို့နှင့် မယှဉ်သော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟောတော်မူ၏။
စကားပြေ
စက္ခုစသော အတွင်းအာယတန ရူပါရုံစသော အပြင်အာယတနတည်းဟူသော ထိုမှာဘက် ဤမှာဘက် မရှိသည့်အပြင် ကိလေသာပူပန်မှု ကိလေသာယှဉ်မှု မရှိသောသူကို ဗြာဟ္မဏဟု ငါဘုရား ဟောတော်မူ၏။
ယဿ ပါရံ အပါရံ—၌ ပါရအရ အဇ္ဈတ္တိကာယတန ခြောက်ပါးရ၏။ အပါရအရ ဗာဟိရာယတန ခြောက်ပါးရ၏။
ပါဠိစကားလုံး ဖွဲ့စည်းပုံ
ပါရံ = ပါရယတိ တရုင်္ဂါဒယော ဝါရေတုန္တိ ပါရီ။ ပါရ်+အ။ ပါရံ ဝိယာတိ ပါရံ။ ပါရ+အ။
အပါရံ = န ပါရံ အပါရံ။ န+ပါရ။ အပါရံ ဝိယ အပါရံ။ အပါရ+ဏ။
ဝီတဒ္ဒရံ = ဝိတော (ဝိဂမော) ဒရော ယဿာတိ ဝီတဒ္ဒရာ။ ဝီတ+ဒရ+ယ။
မာရဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၂၆-ဗြာဟ္မဏဝဂ်
၃-မာရဝတ္ထု ပါဠိဂါထာ
ဝီတဒ္ဒရံ ဝိသံယုတ္တံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
ယဿ၊ အကြင်ပုဂ္ဂိုလ်၏။ ဝါ၊ မှာ။ ပါရံ ဝါ၊ အဇ္ဈတ္တိကာယတနခြောက်ခန်း, ဤဘက်ကမ်းသည်လည်းကောင်း။ အပါရံ ဝါ၊ ဗာဟိရာယတနခြောက်ခန်း, ဟိုဘက် ကမ်းသည်လည်းကောင်း။ ပါရာပါရံ ဝါ၊ အဇ္ဈတ္တိကာယတနခြောက်ခန်း, ဤဘက်ကမ်း နှင့် ဗာဟိရာယတနခြောက်ခန်း, ဟိုဘက်ကမ်းသည်လည်းကောင်း။ န ဝိဇ္ဇတိ၊ ငါငါ့ဥစ္စာ, အစွဲကွာသဖြင့်, စွဲစရာအနေ, မရှိတော့ပေ။ ဝီတဒ္ဒရံ၊ ကင်းသော ကိလေသာအပူရှိ သော။ ဝါ၊ ကိလေသာအပူကင်းသော။ ဝိသံယုတ္တံ၊ ကိလေသာကုန်စင်, မစပ်ယှဉ်သော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ ၏။ (ပါ-၃၈၅)
မာရဝတ္ထုဂါထာနိဿယပြီးပြီ။