လာလုဒါယိတ္ထေရဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၁၈-မလဝဂ်
၄-လာလုဒါယီတ္ထေရဝတ္ထု
၂၄၁။ အသဇ္ဈာယမလာ မန္တာ၊ အနုဋ္ဌာနမလာ ဃရာ။
မလံ ဝဏ္ဏဿ ကောသဇ္ဇံ၊ ပမာဒေါ ရက္ခတော မလံ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အဂ္ဂသာဝကနှစ်ပါး၏ ဂုဏ်ကျေးဇူးပြောသံကို ကြား၍ မိမိကိုယ်တိုင် အဂ္ဂသာဝကနှစ်ပါးကို အတုလိုက်၍ တရားဟောမည်ဟု ကြေငြာသော်လည်း တရားဟောပလ္လင်၌ လေးကြိမ်တိုင် ထိုင်၍ ဟောရမည့်တရား မရှိသဖြင့် လူထုခဲပေါက်ခံရသော လာလုဒါယီထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။
အနက်
မန္တာ၊ စာပေကျမ်းဂန် အတတ်ပညာတို့သည်။ အသဇ္ဈာယမလာ၊ မရွတ်ဖတ် မသဇ္ဈာယ်ခြင်းသည်လျှင် အညစ်အကြေးရှိကုန်၏။ ဃရာ၊ အိမ်တို့သည်။ အနုဋ္ဌာနမလာ၊ ကြောင့်ကြစိုက်၍ မပြုပြင်ခြင်းလျှင် အညစ်အကြေးရှိကုန်၏။ ကောသဇ္ဇံ၊ ပျင်းရိခြင်းသည်။ ဝဏ္ဏဿ၊ အဆင်းလှပခြင်း၏။ မလံ၊ အညစ်အကြေးမည်၏။ ပမာဒေါ၊ မေ့လျော့ခြင်းသည်။ ရက္ခတော၊ စောင့်ရှောက်သူ၏။ မလံ၊ အညစ်အကြေးမည်၏။
စကားပြေ
စာပေကျမ်းဂန် အတတ်ပညာတို့သည် မရွတ်ဖတ် မသဇ္ဈာယ်ခြင်းလျှင် ပျက်စီးကြောင်း အညစ်အကြေးရှိကုန်၏။ အိမ်တို့သည် လုံ့လစိုက်၍ မပြုပြင်ခြင်းလျှင် ပျက်စီးကြောင်း အညစ်အကြေးရှိကုန်၏။ ပျင်းရိခြင်းသည် အဆင်းလှပခြင်း၏ ပျက်စီးကြောင်း အညစ်အကြေးမည်၏။ မေ့လျော့ခြင်းသည် စောင့်ရှောက်သူ၏ ပျက်စီးကြောင်း အညစ်အကြေးမည်၏။
အညစ်အကြေးလေးပါး— အသဇ္ဈာယ၊ အနုဋ္ဌာန၊ ကောသဇ္ဇ၊ ပမာဒ တို့သည် အကျိုးမဲ့ပျက်စီးမှုကို ဆောင်တတ်သဖြင့် အညစ်အကြေးနှင့် တူသောကြောင့် မလမည်၏။
အသဇ္ဈာယမလာ မန္တာ— ပရိယတ်ဖြစ်စေ၊ လက်မှုပညာဖြစ်စေ၊ မရွတ်ဖတ် အားမထုတ်ပါက လုံးဝအစဖော်မရပဲသော်လည်း ဖြစ်ရာ၏။ မူရင်းအတိုင်း အစဉ်တစိုက် မထင်ခြင်းသော်လည်း ဖြစ်ရာ၏။
အနုဋ္ဌာနမလာ ဃရာ— အိမ်၌ နေသောသူသည် အိမ်၏ ဆွေးမြည့်ပျက်စီးသော နေရာများကို ထကြွလုံ့လဖြင့် မပြင်ဆင်ပါက အိမ်သည် ပျက်စီးရာ၏။
မလံ ဝဏ္ဏဿ ကောသဇ္ဇံ— လူဖြစ်စေ၊ ရဟန်းဖြစ်စေ၊ ပျင်းရိသဖြင့် ကိုယ်လက်သုတ်သင်မှု၊ ပရိက္ခရာကို ဆေးကြောမှု မပြုပါက ခန္ဓာကိုယ်နှင့် ပရိက္ခရာသည် မကောင်းသော အဆင်းအနံ့ရှိရာ၏။
ပမာဒေါ ရက္ခတော မလံ— နွားတို့ကို စောင့်ရှောက်ရသောသူသည် မေ့လျော့ပြီး အိပ်ပျော်နေသော်လည်းကောင်း၊ ကစားနေ၍သော်လည်းကောင်း၊ နွားတို့သည် ကျက်စားရာမဟုတ်သည်၌ ပြေးဝင်ခြင်းကြောင့် သားရဲဘေး၊ သူခိုးဘေးဖြင့်သော်လည်းကောင်း၊ သူတပါးလယ်ယာ၊ ကိုင်းကျွန်းတို့သို့ ဝင်စားသဖြင့်သော်လည်းကောင်း၊ ပျက်စီးခြင်းသို့ ရောက်မူလည်း ရောက်ရာ၏။ မိမိအား ဒဏ်ခံရခြင်း၊ ဆဲရေးခံရခြင်းသို့လည်းကောင်း ရောက်ရာ၏။
ရဟန်းဖြစ်မူ ခြောက်ဒွါရတို့ကို မစောင့်ရှောက်ပဲ မေ့လျော့နေသော် ကိလေသာများ ဝင်လာပြီးလျှင် သာသနာမှ ရွှေ့လျောနိုင်၏။
ပါဠိသဒ္ဒါခက်ဆစ်
အသဇ္ဈာယမလာ = အသဇ္ဈာယံ မလံ ဧတေသန္တိ အသဇ္ဈာယမလာ။ အသဇ္ဈာယ + မလ + ဧတ။
မန္တာ = မနတိ ဇာနာတိ ဧတေနာတိ မန္တာ။ မန် + တ။
ကောသဇ္ဇ = ကုသိတဿ ဘာဝေါ ကောသဇ္ဇံ။ ကုသိတ + ဏျ။
လာလုဒါယီတ္ထေရဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၁၈-မလဝဂ်
၄-လာဠုဒါယိတ္ထေရဝတ္ထုအဋ္ဌကထာဂါထာ
ဧဟိ သမ္မ နိဝတ္တဿု, ကိံ နု ဘီတော ပလာယသိ။
သမ္မ၊ မိတ်ဆွေခြင်္သေ့! အဟံ၊ ငါသည်။ စတုပ္ပဒေါ၊ ခြေလေးချောင်းရှိ၏။ သမ္မ၊ င်္သေ့! တွမ္ပိ၊ သင်သည်လည်း။ စတုပ္ပဒေါ၊ ၏။ သမ္မ၊ င်္သေ့! ဧဟိ၊ လာပါလော။ နိဝတ္တဿု၊ ပြန်လှည့်ခဲ့ပါလော။ ကိံ၊ အဘယ်ကြောင့်။ ဘီတော၊ ကြောက်သည်။ (ဟုတွာ၊ ဖြစ်၍။) ပလာယသိ နု၊ ပြေးရသနည်း။ (ဋ္ဌ-၂၁၆)
သစေ ယုဇ္ဈိတုကာမောသိ, ဇယံ သမ္မ ဒဒါမိ တေ။
သူကရ၊ အို...ဝက်! (တွံ၊ သည်။) အသုစိ၊ မစင်ကြယ်သည်။ ပူတိလောမော၊ ပုပ်သောအမွေးရှိသည်။ (နံစော်သောအမွေးရှိသည်)။ အသိ၊ ဖြစ်၏။ ဒုဂ္ဂန္ဓော၊ မကောင်း သော အနံ့ရှိသည်။ (ဟုတွာ၊ ၍။) ဝါသိ၊ လှိုင်၏။၁ သမ္မ၊ မိတ်ဆွေဝက်! ယုဇ္ဈိတုကာမော၊ စစ်ထိုးခြင်းငှာ အလိုရှိသည်။ သစေ အသိ၊ အကယ်၍ ဖြစ်အံ့။ (ဧဝံ သတိ၊ ဤသို့ ဖြစ်လသော်။) တေ၊ သင့်အား။ ဇယံ၊ အနိုင်ကို။ ဒဒါမိ၊ ပေးပါ၏။ (ဋ္ဌ-၂၁၇)
၁။ဝါသိ။ ။ ဝါ(ဂတိအနက်)+အ+သိ၊ (တစ်နည်း) ဝါ+ဒိဝါဒိယ+သိ၊ တဒမိနာဒီနိ (မောဂ်-၁၊၄၇)သုတ်ဖြင့် ယကိုချေ(နိဒီ-၁၇)၊ (တစ်နည်း) ဝေ(ဂတိအနက်)+အ+သိ၊ ဧကို အာယပြု, ယကိုချေ(နိဒီ-၄၈၃-၄)။ [ဒုဂ္ဂန္ဓော ဝါသီတိ အနိဋ္ဌဇေဂုစ္ဆပဋိကူလဂန္ဓော ဟုတွာ ဝါယသိ၊ ဇာ-ဋ္ဌ၊၂၊၁၁။]
လာဠုဒါယိတ္ထေရဝတ္ထုပါဠိဂါထာ
မလံ ဝဏ္ဏဿ ကောသဇ္ဇံ, ပမာဒေါ ရက္ခတော မလံ။
မန္တာ၊ သင်ယူအပ်သော အတတ်ပညာတို့သည်။ အသဇ္ဈာယမလာ၊ မရွတ်အံ မလေ့ကျက်ခြင်းဟူသော အညစ်အကြေးရှိကုန်၏။ ဝါ၊ မရွတ်အံ မလေ့ကျက်ခြင်း ကြောင့် မေ့ပျောက်ပျက်စီးကုန်၏။၁ ဃရာ၊ အိမ်တို့သည်။ အနုဋ္ဌာနမလာ၊ ထကြွလုံ့လ ဝီရိယမရှိခြင်းဟူသော အညစ်အကြေးရှိကုန်၏။ ကောသဇ္ဇံ၊ ပျင်းရိသူ၏အဖြစ်သည်။ ဝါ၊ ပျင်းရိခြင်းသည်။ ဝဏ္ဏဿ၊ ကိုယ်အဆင်း၏။ မလံ၊ ညစ်နွမ်းကြောင်းအညစ်အကြေး တည်း။ ပမာဒေါ၊ သတိပျောက်ကင်း, မေ့လျော့ခြင်းသည်။ ရက္ခတော၊ စီးပွားဥစ္စာထိန်း သိမ်းစောင့်ရှောက်သောသူ၏။ မလံ၊ အညစ်အကြေးတည်း။ (တစ်နည်း) ပမာဒေါ၊ ဒွါရခြောက်ပေါက်, စောင့်ရှောက်မှုကင်း, မေ့လျော့ခြင်းသည်။ ရက္ခတော၊ ကိလေသာ တရား, မဖြစ်ပွားအောင်, မြစ်တားစောင့်ရှောက်သော ရဟန်း၏။ မလံ၊ (သာသနာတော် မှ ရွေ့လျောဖို့အရေးး) အညစ်အကြေးတည်း။ (ပါ-၂၄၁)
၁။အသဇ္ဈာယမလာ။ ။ သဇ္ဈာယနံ သဇ္ဈာယော၊[သံ+ဈေ+အ၊ တဒမိနာဒီနိ(မောဂ်-၁၊၄၇)သုတ်ဖြင့် နိဂ္ဂဟိတ်ကို ဇပြု၊ ဧကို အာယပြု(နိဒီ-၄၀၂)၊ (တစ်နည်း)သု+အဓိ+ဣ+ဏ၊ အဓိကို အဇ္ဈ, ဣကိုဧ, ဧကိုအာယပြု၊-နီတိဓာတု-၅၀၊] န+သဇ္ဈာယော အသဇ္ဈာယော၊ မလတိ သံကိလိဿတိ ဧတေနာတိ မလံ၊ အပါယံ မလတိ ဓာရေတီတိ မလံ(နမက္ကာရဋီ)၊ သတ္တာနံ စိတ္တ- သန္တာနေ မလတိ သံကိလိဿတိ ဝိဟေဌေတီတိ မလံ(ဂဠုန်ပျံ-၇)၊ အသဇ္ဈာယော+မလံ ဧတေသန္တိ အသဇ္ဈာယမလာ။
လာဠုဒါယိတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။