မာတိကာသို့ ခုန်သွားရန်

လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ/ဗုဒ္ဓဝင်များကို မထီမဲ့မြင်ပြုခြင်းနှင့်စပ်သော ဝိနိစ္ဆယ

ဝီကီရင်းမြစ် မှ
လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း)
by သာသနာရေးဝန်ကြီးဌာန
၅-၁၉။ ဆုံးဖြတ်ချက် အမှတ်(၁၉) ဗုဒ္ဓ၏ ဖြစ်တော်စဉ် ဗုဒ္ဓဝင်များကို မထီမဲ့မြင်ပြုခြင်းနှင့်စပ်သော ဝိနိစ္ဆယ
3128လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း) — ၅-၁၉။ ဆုံးဖြတ်ချက် အမှတ်(၁၉) ဗုဒ္ဓ၏ ဖြစ်တော်စဉ် ဗုဒ္ဓဝင်များကို မထီမဲ့မြင်ပြုခြင်းနှင့်စပ်သော ဝိနိစ္ဆယသာသနာရေးဝန်ကြီးဌာန

လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ ဆုံးဖြတ်ချက်
နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂)
စောဒနာအမှတ် (၁၉)

ဗုဒ္ဓ၏ ဖြစ်တော်စဉ် ဗုဒ္ဓဝင်များကို မထီမဲ့မြင်ပြုခြင်းနှင့် စပ်သော ဝိနိစ္ဆယ

ဗုဒ္ဓမြတ်စွာဘုရား၏ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ကျင့်ခဲ့ဖူးသော ပါရမီတော်များကို လက်မခံခြင်း၊ ဗုဒ္ဓဝင်များကို ပြောင်လှောင်ပျက်ချော်သရော်ခြင်းတို့နှင့် ပတ်သက်၍ စောဒကပုဂ္ဂိုလ်တို့၏ စောဒနာအကျဉ်း ကောက်နုတ်ချက်များ

၁။ စောဒကပုဂ္ဂိုလ်တို့က စောဒနာရာဝယ် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ မှောင်ခိုထုတ်ဝေသော အတွဲ (၁) အမှတ် (၄) သစ္စာဓမ္မစာစောင်၌ -

(က) ဘုရားအလောင်းတော် သေတကေတုနတ်သားအား ဘုရားဖြစ်ရန် လူ့ပြည်သို့ သန္ဓေယူပါမည့် အကြောင်း နတ်, ဗြဟ္မာတို့က ဝိုင်းဝန်းတောင်းပန်ကြသည်ဟု ဆိုရာ၌ ဘုရားအလောင်း နတ်သားကိုယ်တိုင်က မသိသောကိစ္စကို နတ် ဗြဟ္မာတို့က ကြိုတင်ပြီး “ဘုရားဖြစ်မည့်သူ” ဟု သိထားနှင့်သလိုလို တဆင့်တလုံး တင်စီးထားလိုက်ကြသည်ဟု ရေးသားထားခြင်း၊

(ခ) သန္ဓေယူရန် ဝိုင်းဝန်းတောင်းပန်ကြခြင်းမှာလည်း ကိုယ့်ကိုယ်ကို သတ်သေခိုင်းခြင်းပင် ဖြစ်ရကား သူတို့၏ တောင်းပန်မှုကြောင့် သေတကေတုနတ်သားမှာ နတ်စည်းစိမ်ပင် ခံစားခွင့်မရဘဲ လက်ကတီးကြားမှ ချွေးယိုစီးကာ မှိုင်တွေလျက် စုတေခဲ့ရသည်ဟု ရေးသားထားခြင်း၊

(ဂ) မယ်တော်မာယာ၏ ဆင်ဖြူတော်အိပ်မက်ကို ရှုတ်ချရေးသားထားခြင်း၊

(ဃ) သဂါထာဝဂ္ဂသံယုတ်ပါ နတ် သုတ်တို့သည် မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်ကို အစော်ကားဆုံး ဖြစ်သည်ဟု ရေးသားထားခြင်း၊

(င) “တဏှာကို ဖြတ်ပါလော” စသော ဂါထာများဖြင့် လျှောက်ထားသော တာယနနတ်သားကို မြတ်စွာဘုရားအား ဆရာလုပ်သူဟု ရှုတ်ချထားခြင်းနှင့် ယင်းဂါထာများကို သင်ယူပို့ချစေခြင်း ကိစ္စကိုလည်း အသင့်ယုတ္တိမရှိဟန် ရေးသားထားခြင်း၊

(စ) တာဝတိံသာနတ်ပြည်၌ တဝါတွင်းလုံး အဘိဓမ္မာတရား ဟောတော်မူသော မြတ်စွာဘုရားကို မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားက တကြိမ်မျှ ဆွမ်းကျွေးသည်ကို မတွေ့ရကြောင်း ရေးသားထားခြင်း၊

(ဆ) ထိုဂါထာတွင်း၌ တောင်ကျွန်း, မြောက်ကျွန်း, အနောက်ကျွန်းသို့ ကြွ၍ မြတ်စွာဘုရား ဆွမ်းခံ၍ ဘုဉ်းပေးနေသည်ကို မယ်တော်နတ်သားသည် တော်တော်ပင် ကြည့်နေနိုင်သည်ဟု ရေးသားထားခြင်း၊

၂။ ရခိုင်ပြည်မှ ရွှေအဘိဓမ္မာ ကြေငြာချက်၌လည်း -

(ဇ) ငါးရာ့ငါးဆယ်ဇာတ်တော်များ၌ မြတ်စွာဘုရား၏ ကြီးကျယ်သော အံ့ဩဖွယ်များ ပါရှိနေပါလျက် ကျန်သေးသည်ဆိုသော အရိမေတ္တယျဘုရားလောင်း၏ ထိုအံ့ဩဖွယ်များမှာမူ ကမ္ဘာပေါ်၌ ယနေ့အထိ မတွေ့ရှိရခြင်းမှာ အရိမေတ္တယျဟူ၍ မကျန်၍လော၊ ဇာတ်တော်များကပင် ဒဏ္ဍာရီပုံပြင်ဖြစ်နေ၍လော ဝေဖန် သင့်သည်ဆိုခြင်း၊

(စျ) ညောင်တပင်မှာ အမည်မသိသူတစ်ဦးက ပေးလိုက်၍ မယ်တော်မာယာတွင် သိဒ္ဓတ္ထသန္ဓေရခဲ့သည်ဟု ဗုဒ္ဓဝင်ကျမ်းစာ၌ ပါရှိသည်မှာ လွန်လွန်းသည်ဆိုခြင်း၊

(ည) ဗုဒ္ဓဝင်အဆိုအရ နတ်ဗြဟ္မာတို့က တောင်းပန်၍ မယ်တော်မာယာဝမ်းတိုက်၌ ဘုရားလောင်း ပဋိသန္ဓေနေရသည်မှန်ပါက သုဒ္ဓေါဒနသည် ဘခင်အရင်း မဟုတ်နိုင်ဟု ရေးသားထားခြင်း၊

(ဋ) ဘုရားအလောင်း ဖွားမြင်စဉ်က အကျိုး, အကန်းများ အကောင်းဖြစ်ခြင်းနှင့် နတ်ပြည် ငရဲပြည်တို့ကို ဟာလာဟင်းလင်း ဖြစ်ရခြင်းတို့မှာ ဗုဒ္ဓဝင်မှာသာပါရှိ၍ ကမ္ဘာ့သမိုင်းမှာ မပါရှိခြင်းကြောင့် ဗုဒ္ဓဝင်ကို မခိုင်လုံဟန် ဝေဖန်ထားခြင်း။

၃။ သစ္စာဓမ္မစာစောင် ရွှေအဘိဓမ္မာတို့၌ ရေးသားထားသော အထက်ပါ အကြောင်းအရာတို့ကို သက်သေသာဓကအဖြစ် ထုတ်ပြပြီးလျှင် ထိုသို့ရေးသားခြင်းဖြင့် ကံတရားပစ်ပယ်မှု၊ ၃၁-ဘုံ ပစ်ပယ်မှုတို့ကို အရင်းခံပြု၍ ဗုဒ္ဓမြတ်စွာ၏ လေးအသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ကျင့်ခဲ့ပုံတို့ကို လက်မခံကြသူများ ဖြစ်သည်ဟု စောဒကပုဂ္ဂိုလ်တို့က စောဒနာကြသည်။

၄။ ထို့နောက် စောဒကပုဂ္ဂိုလ်တို့၏ ဝိသေသစောဒနာ၌ -
ဗုဒ္ဓမြတ်စွာ၏ အားကျဖွယ်၊ ကြည်ညိုဖွယ်ကောင်းလှသော ဗုဒ္ဓဝင်အဖြစ်တော်များကို လက်မခံရုံမျှမက ပြောင်လှောင်ပျက်ချော်သရော်စော်ကား ရေးသားထားကြောင်းကိုလည်းကောင်း ထိုသို့ ရေးသားခြင်းဖြင့် ကိမိလသုတ်ဒေသနာတော်အရ သူတော်ကောင်းတရားတည်းဟူသော သာသနာတော်ကို အရှည်မခံ့ မတည်တံ့အောင် ဖျက်ဆီးရာရောက်ကြောင်းကိုလည်းကောင်း ထုတ်ဖော်တင်ပြစောဒနာကြသည်။

၅။ ထို့ပြင် ဘုရားတဆူ ပွင့်ထွန်းလာဖို့အရေးသည် အလွန်ကြီးမားသော ကိစ္စဖြစ်၍ ဘုရားအလောင်း နတ်သားအား နတ်, ဗြဟ္မာတို့က ဝိုင်းဝန်း တောင်းပန်ကြခြင်းဖြစ်ကြောင်း၊ ယင်းသို့ တောင်းပန်ရာ၌လည်း အသင်နတ်သားဘုရားဖြစ်လိမ့်မည်ဟု ကြိုတင်ဟောကိန်းထုတ်ခြင်းမျိုး မဟုတ်ဘဲ ဘုရားဖြစ်ရန် လူ့ပြည်သို့ဆင်း၍ သန္ဓေယူပါဟူသော တောင်းပန်ခြင်းဖြစ်ကြောင်း။

ဘုရားဖြစ်မည့်အကြောင်းကို ဘုရားအလောင်းတော်က မသိဘဲ နတ်ဗြဟ္မာတို့က ကြိုတင်သိနှင့်သည်ဟု ဝေဖန်ခြင်းမှာလည်း ဗုဒ္ဓဝင်စာသားကို နားလည်အောင်မဖတ်၍သာဖြစ်ကြောင်း၊ စုဒိတပုဂ္ဂိုလ်တို့ ရေးသားထားသလို သတ်သေဖို့ရန် တောင်းပန်ခြင်းမျိုးလည်း မဟုတ်ဘဲ ပါရမီရင့်သန်သဖြင့် ဘုရားဖြစ်ချိန်ရောက်၍သာ သန္ဓေယူရန် တောင်းပန်ခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြန်လည်ချေပခြင်းဖြင့် စောဒနာကြသည်။

၆။ ထို့ပြင် ရွှေအဘိဓမ္မာကြေငြာချက်၌ ယနေ့အထိ အရိမေတ္တယျဘုရားအလောင်းတော်၏ အံ့ဩဖွယ်များ မတွေ့ရဟု ဆိုထားခြင်းမှာ ဇာတ်တော်များကို ဒဏ္ဍာရီပုံပြင်ဟု စွဲလမ်းမှု ဥပါဒါန်ကြောင့်သာ ဖြစ်ကြောင်း၊ တဦးဦးက ထိုအံ့ဩဖွယ်များ တွေ့ရှိရလျှင်လည်း အရိမေတ္တယျဘုရားအလောင်းတော်၏ အံ့ဩဖွယ်များဟု မည်သူမျှ သိနိုင်မည် မဟုတ်ကြောင်း။

ညောင်တပင်မှာ အမည်မသိသူတဦးက မယ်တော်မာယာအား အလောင်းတော်သိဒ္ဓတ္ထ သန္ဓေရအောင် ပေးလိုက်သည်ဟု ဗုဒ္ဓဝင်မှာ ပါရှိကြောင်း ရွှေအဘိဓမ္မာက ဆိုထားသော်လည်း မည်သည့်ထေရဝါဒ ဗုဒ္ဓဝင်၌မျှ မပါရှိကြောင်း ဘုရားအလောင်း ဖွားမြင်စဉ်က အကျိုးအကန်းတွေ ပကတိအကောင်းဖြစ်ကုန်သည်၊ နတ်ပြည် ငရဲပြည်တွေကို မြင်ရသည်ဟူသော ဗုဒ္ဓဝင်အဆိုမှာ လွန်ခဲ့သောနှစ်ပေါင်း (၂၆၀၀) က အဖြစ်အပျက်ဖြစ်၍ ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းမတင်ခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြန်လည်တင်ပြစောဒနာကြသည်။

စုဒိတာပုဂ္ဂိုလ်တို့၏ သောဓနာ (ချေပလွှာ) အကျဉ်းချုပ်
ကောက်နုတ်ချက်များ

၇။ စုဒိတာပုဂ္ဂိုလ်များ၏ ပြန်လည်ချေပချက်များအနက် သခင်မြတ်ဆိုင်ပြန်လည်ချေပရာ၌ -

(က) လေးအသင်္ချေနှင့် ကမ္ဘာတသိန်းစသော စကားမျိုးကို ဗုဒ္ဓရှင်တော်ဟောတော်မူရန် မဆိုထားဘိ တကမ္ဘာ၏ ကာလသက်တမ်းကိုပင် ဟောတော်မမူကြောင်း သာဓကထုတ်ပြရလျှင် နိဒါနဝဂ္ဂသံယုတ် အနမတဂ္ဂသံယုတ် ပဗ္ဗတသုတ်၌ ရဟန်းတပါးက မြတ်စွာဘုရားအား ဤကမ္ဘာ၏သက်တမ်းကို မေးလျှောက်သောအခါ ကမ္ဘာသည် အလွန်ရှည်လျားလှ၍ နှစ်ပေါင်းရာထောင်သိန်းသန်းတို့ဖြင့် ရေတွက်ခြင်းငှာ မလွယ်ကူလှကြောင်း၊

ဥပမာအားဖြင့် အလျား အနံ တယူဇနာစီ ထုထည်ရှိသော မြေစိုင်ခဲကြီးမှ အနှစ်အရာလျှင် တကြိမ်သာ မုန်ညင်းစေ့ တစေ့စာမျှယူခဲ့သော် မြေစိုင်ခဲကြီးသာကုန်သွား၍ တကမ္ဘာမှာ မကုန်နိုင်လောက်အောင် ရှည်လျား လှသောကြောင့် တခုသောကမ္ဘာ နှစ်ခုသောကမ္ဘာဟုလည်းကောင်း ကမ္ဘာပေါင်း ဆယ်ရာထောင်သိန်းသန်း ဟုလည်းကောင်း မပြောဆိုအပ်ကြောင်း အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာ၏လည်းကောင်း ဤသံသရာ၏ လည်းကောင်း အစအဆုံးသည် မထင်နိုင် လွတ်မြောက်ခြင်းငှာသာလျှင် သင့်လှပေတည်းဟု မိန့်တော်မူကြောင်း။

(ခ) ထို့ပြင် အလားတူ သာသပသုတ် သာဝကသုတ် ဂင်္ဂါသုတ်စသော သာဓကများကို ထောက်၍လည်း လေးအသင်္ချေနှင့် ကမ္ဘာတသိန်း စသော စကားမျိုးမှာ ဗုဒ္ဓရှင်တော်၏ စကားမဟုတ်ကြောင်း၊ ထို့ကြောင့် ဓမ္မဟဒယဝိဘင်း၌ပါသော နေဝသညာနာသညာယတန ဗြဟ္မာတို့၏အသက် ကမ္ဘာရှစ်သောင်း လေးထောင် ဆိုသည်မှာလည်း ဗုဒ္ဓဟောနှင့် မဆိုင်ပါကြောင်း၊ ပါရမီဖြည့်တော်မူခြင်းကိုမူ တပည့်တော်တို့ ငြင်းဆန်ခြင်း မပြုပါကြောင်းဖြင့် ပြန်လည်တင်ပြချေပထားသည်။

(ဂ) သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ချုပ်မှ ချေပလွှာသောဓနာ၌မူ ဤအမှတ် (၁၉) ဗုဒ္ဓဝင်ကိစ္စကို တပည့်တော်တို့ ပြန်လည်မချေပလိုကြောင်း၊ မာပိဋကသမ္ပဒါနေန ဂဏှိတ္ထ- ဟူ၍ ဗုဒ္ဓရှင်တော်မြတ် ဟောမြွက်ခဲ့ပါ သေးသည်၊ ဗုဒ္ဓဝင်ကျမ်းများတွင် ဗုဒ္ဓ၏ဂုဏ်တော်ကို ထိခိုက်စေသည့်အကြောင်းအရာ အများအပြား ပါဝင်နေသည်ကို ငြင်းဆိုနိုင်လျှင် ငြင်းဆိုဖို့အကြောင်း ပြန်လည်တင်ပြချေပကြသည်။

ဝိနည်းဓိုရ်ဆရာတော်တို့နှင့် ဝေဖန်စိစစ်ချက်

လေးအသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်တော်မူခဲ့ခြင်း

၉။ “ကံတည်းဟူသော အကြောင်းတရားသည် ရှိ၏၊ ထိုကံအကြောင်းတရားကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားသည် ရှိ၏” ဟူ၍ ကိုယ်တော်တိုင် မှန်ကန်စွာ သိမြင်တော်မူသဖြင့် ကမ္မဝါဒီ ကိရိယဝါဒီ ဖြစ်တော်မူသော မြတ်စွာဘုရားသည် လူ့ဘဝ, နတ်ဘဝ, တိရစ္ဆာန်ဘဝ အစရှိသော ရှေးရှေးသော ဘဝပေါင်းများစွာက ဒါန သီလ နေက္ခမ္မ အစရှိသော အကြောင်းကံ ကုသိုလ်ပါရမီတော်တို့ကို ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့ခြင်းကြောင့် သဗ္ဗညုတဉာဏ်တော်သခင် မြတ်စွာဘုရားရှင်ဖြစ်၍ ဤသတ္တလောက၌ တန်းတူ ရည်တူ အရည်ချင်းတူ ပုဂ္ဂိုလ်မရှိ၊ မိမိတဦးတည်း တဆူတည်း ပွင့်ထွန်းပေါ်ပေါက်တော်မူလာခဲ့၏၊

၁၀။ ယင်းသို့ သဗ္ဗညုဘုရားရှင် အဖြစ်ဖြင့် ပွင့်ထွန်းဖို့အတွက် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူရာ၌လည်း ဘဝအနည်းငယ်မျှ ဖြည့်ကျင့်ခဲ့သည်မဟုတ်၊ ကမ္ဘာပေါင်း လေးအသင်္ချေနှင့် တသိန်း တိတိမျှ ကာလ ကြာညောင်း ဘဝပေါင်းများစွာ ဖြည့်ကျင့်တော်မူခဲ့ရကြောင်းကို -

ကပ္ပေ စ သတ သဟေဿ၊ စတုရော စ အသင်္ခီယေ။
ဧတ္ထန္တရေ ယံ စရိတံ၊ သဗ္ဗံတံ ဗောတိပါစနံ။
ဟူ၍ စရိယာပိဋကပါဠိတော် (နှာ ၃၈၅) ၌ ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သည်။

မြန်မာပြန်

ကမ္ဘာပေါင်း လေးသင်္ချေနှင့် တသိန်းမျှ ရှည်လျားသော ဤအချိန်ကာလအတွင်း၌ ဘဝပေါင်းများစွာ ငါဘုရားဖြည့်ကျင့် ဆည်းပူးတော်မူခဲ့သမျှ ဒါန သီလ အစရှိသော ကုသိုလ်ကံပါရမီတော်အလုံးစုံသည် သဗ္ဗညုတဉာဏ်ဗောဓိ၏ ရင့်သန်ကြောင်း တရားအပေါင်းဖြစ်သည်၊ စုဒိတက သခင်မြတ်ဆိုင်သည် ပိဋကတ်သုံးပုံ နိကာယ်ငါးရပ်ကို နှံ့စပ်အောင် မဖတ်နိုင်၍ လေးသင်္ချေနှင့် ကမ္ဘာတသိန်းကို ဘုရားရှင်ကိုယ်တိုင် ဟောခဲ့သည်ကို မတွေ့မသိသောကြောင့် သူ၏ ချေပလွှာ၌ လေးသင်္ချေနှင့် ကမ္ဘာတသိန်း စကားမျိုးကို ဗုဒ္ဓရှင်တော် မဟောခဲ့ဟူ၍ ဆိုမှားမိပေသည်။

တကမ္ဘာ၏ သက်တမ်း

၁၁။ စုဒိတကပုဂ္ဂိုလ်တို့ ပြောသလိုမဟုတ်ဘဲ လေးသင်္ချေနှင့် ကမ္ဘာတသိန်းကာလကို လည်းကောင်း တကမ္ဘာ၏ ကာလသက်တမ်းကိုလည်းကောင်း မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပေသည်၊ ယင်းသို့ ဟောကြားတော်မူရာ၌ တကမ္ဘာသည် အလွန့်အလွန်ရှည်လျားလှသောကြောင့် နှစ်ပေါင်းတရာရှိသည်၊ နှစ်ပေါင်း ထောင်သောင်းသိန်းသန်း စသည်ရှိသည်ဟူ၍ ကမ္ဘာ၏သက်တမ်းကာလကို နှစ်အရေအတွက်ဖြင့် သတ်မှတ်၍ မဖြစ်နိုင်ရကား သံယုတ်ပါဠိတော် အနမတဂ္ဂဝဂ် ပဗ္ဗတသုတ် သာသပသုတ် (သံ၊၁၊၃၈၉၊ ၃၉၀) တို့၌ ကျောက်တောင်ဥပမာ မုန်ညင်းစေ့ဥပမာပြ၍ သတ်မှတ်ဟောကြားတော်မူ၏၊

၁၂။ ပဗ္ဗတသုတ်၌ အလျား အနံ အမြင့် တယူဇတာစီရှိပြီး အခေါင်းအပေါက်မရှိ တခဲနက် မာကျော ကျစ်လျစ်သိပ်သည်းလှသော ကျောက်တောင်ကြီးကို ယောကျ်ားတစ်ယောက်သည် ကာသိတိုင်းဖြစ် နူးညံ့လှစွာသော အဝတ်အထည်ဖြင့် အနှစ်တရာတရာကြာလျှင် တကြိမ် တကြိမ်မျှသာ ပွတ်တိုက်ခဲ့သော် ကျောက်တောင် ကြီးသာလျှင် ပွန်းပဲ့ကုန်ခန်းသွားစရာရှိ၍ တကမ္ဘာဟူသော အချိန်ကာလကား မကုန်ခမ်းသေး၊ တကမ္ဘာသည် ဤမျှလောက် ကာလကြာမြင့်၏၊ ဤမျှလောက် ကာလကြာမြင့်မှ တကမ္ဘာ အချိန်ကာလကုန်ဆုံး၍ သတ္တဝါတို့ နေထိုင်ရာ စကြာဝဠာ လောကဓာတ်တည်းဟူသော ဤဩကာသလောကကြီးသည် ပျက်စီးသွား၏ဟု ဟောတော်မူသည်။

၁၃။ သာသပသုတ်၌ အလျား အနံ အမြင့် တယူဇနာစီရှိသော သံတံတိုင်းကြီးဖြင့် ကာရံထားအပ်သော မြို့ကြီးအတွင်း၌ လုံးခဲထိစပ် ပူးကပ်နေလောက်အောင် အပြည့်သိပ်ထည့်ထားအပ်သော မုန်ညင်းစေ့ အပုံကြီးထဲမှ အနှစ်တရာကြာလျှင် မုန်ညင်းစေ့တစေ့တစေ့မျှ ထုတ်ယူခဲ့သော် မုန်ညင်းစေ့တွေသာ ကုန်ခန်းသွားစရာရှိ၍ တကမ္ဘာမှာ မကုန်ခန်းနိုင်သေး၊ ဤသို့ မြတ်စွာဘုရား ဟောကြားတော်မူ၏၊

၁၄။ သခင်မြတ်ဆိုင်သောဓနာ၌ ပဗ္ဗတသုတ်နှင့် သာသပသုတ်ပါဠိတော်နှစ်ရပ်ကို ရောစပ်ပြီး ရှုပ်ထွေးလွဲမှားစွာ မြန်မာပြန်ဆိုထား၏၊ ထို့ကြောင့် ပါဠိတော်၏ ဆိုလိုရင်းအဓိပ္ပာယ်ပေါ်လွင်အောင် ပဗ္ဗတသုတ်ကို အကျဉ်းချုပ် မြန်မာပြန်ဆိုဦးမည်။

ရဟန်း အလျား အနံ အမြင့် တယူဇနာစီရှိပြီး အလွန်သိပ်သည်းကျစ်လျစ်မာကျောလှသော ကျောက်တောင်ကြီးကို အနှစ်တရာ တရာလျှင် တကြိမ် တကြိမ်မျှသာ ကာသိတိုင်းဖြစ် အဝတ်နု အဝတ်ပါး ကလေးဖြင့် ပွတ်တိုက်ခဲ့သော် ကျောက်တောင်ကြီးသာ ကုန်ဆုံးပျက်သုဉ်းသွားစရာရှိ၍ တကမ္ဘာဟူသော အချိန်ကာလကား မကုန်ဆုံးသေး၊ ရဟန်း တကမ္ဘာအချိန်ကာလသည် ဤမျှလောက် ရှည်လျား၏၊ (တစဉ် တတန်းကြီး အဆက်မပြတ် ဖြစ်လာခဲ့သော ရုပ်နာမ်ခန္ဓာ သံသရာဘဝခရီးကြီးကား ထို့ထက်ပင် ရှည်လျားသေး၏၊ ထို့ကြောင့် ဤသံသရာဘဝသည်) တကမ္ဘာအချိန်ကာလမျှ ရှည်လျားကြာမြင့်ပြီဟုလည်း ပြော၍ မဖြစ်၊ ကမ္ဘာပေါင်း ရာထောင်သိန်း ရှည်လျားကြာမြင့်ပြီဟုလည်း ပြော၍မဖြစ်၊ အဘယ်ကြောင့်ဆိုသော် ရဟန်း ဤသံသရာဘဝမှာ အစမရှိ၊ ဖြစ်စကို ရှာမရနိုင်သောကြောင့် ဖြစ်၏၊

အဝိဇ္ဇာအမှောင်ထုဖြင့် ပိတ်ဖုံးခံရပြီး တဏှာနှောင်ကြိုးဖြင့် ဖွဲ့ထုတ်ချည်နှောင်ခံရသော တစ်ဘဝမှ တစ်ဘဝသို့ ပြေးသွားကျင်လည်နေကြသော သတ္တဝါတို့ ဘယ်တုန်းကမှစ၍ ဖြစ်ခဲ့သည်ဟူ၍ သံသရာဘဝ၏ အဦးအစ မထင်မမြင်နိုင်ပေ၊ ရဟန်းတို့ အသင်တို့သည် သို့ကလောက် ကြာမြင့်စွာ ဒုက္ခခံခဲ့ရလှပြီ၊ ဆွေမျိုး သားချင်းစသည် ပျက်စီးပေါင်းများစွာကို တွေ့ကြုံခံစားခဲ့ရလှပြီ၊ သုသာန်သင်္ချိုင်းလုပ်တိုင်း မြေပုံကို ထပ်လျက် ဆင့်လျက် မြင့်တက်လာစေအပ်ပြီ၊ ရဟန်းတို့ အားလုံးသော ရုပ်နာမ်သင်္ခါရတို့၌ အလွန်ပင် ငြီးငွေ့သင့် စက်ဆုပ်သင့်လှပြီ၊ (ထိုရုပ်နာမ်သင်္ခါရ သံသရာဘဝမှ) အလွန်ပင် လွတ်မြောက်သင့် လွတ်မြောက်ထိုက်လှပြီ၊ ဤသို့ ဟောကြားတော်မူ၏၊

၁၅။ ဤပါဠိတော်သည် ရုပ်နာမ်ခန္ဓာ သံသရာဘဝခရီးစဉ်ကြီး ဘယ်အချိန်ကစ၍ ဖြစ်ခဲ့သည်ကို မထင်မမြင်နိုင်လောက်အောင် ရှည်လျားလှပုံကို ကမ္ဘာဟူသော ရှည်လျားလှသောအချိန်ကာလဖြင့်ပင် တိုင်းတာသတ်မှတ်၍ မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ရုပ်နာမ်သင်္ခါရ သံသရာဘဝ၌ အလွန်ပင် ငြီးငွေ့စက်ဆုပ် သင့်ကြောင်း၊ ထိုသံသရာဘဝမှ လွတ်မြောက်အောင် အားထုတ်သင့်ကြောင်း ဟောတော်မူအပ်သော ပါဠိတော် ဖြစ်၏၊ စုဒိတကသခင်မြတ်ဆိုင်ထင်သလို တကမ္ဘာ၏ သက်တမ်း သတ်မှတ်ချက်မရှိဟု ဟောပြသော ပါဠိတော်မဟုတ်၊ သခင်မြတ်ဆိုင်သည် မြန်မာစာတတ်၍ ပါဠိတော်မြန်မာပြန်ကို ဖတ်သော်လည်း ဘုရားဟော သုတ်တရားက ဘာကိုဆိုလိုသည်ဟု လိုရင်းကို မသိတတရရှာပေ။

အသင်္ချေယကပ်လေးကပ်ပြည့်လျှင်တစ်ကမ္ဘာ

၁၆။ ထိုမျှလောက် ကြာမြင့်လှသော ကမ္ဘာဟူသော အချိန်ကာလကို တကမ္ဘာ နှစ်ကမ္ဘာစသည်ဖြင့် ပိုင်းခြားသတ်မှတ်ရာ၌ သတ္တဝါတို့၏ တည်နေရာ စကြဝဠာကမ္ဘာ လောက (ဩကာသလောက) ကြီး၏ အဖြစ်အပျက် ပြောင်းလဲမှုဖြင့် သတ်မှတ်ရ၏၊ သတ်မှတ်ပုံမှာ -

(က) သံဝဋ္ဋအသေင်္ချေယျ = အလွန် အလွန် ရှည်လျားလှသော အချိန်ကာလတွေ ကုန်လွန်သွားသည့် အခါ ဤကမ္ဘာလောကကြီးသည် မီး-ရေ-လေ သုံးမျိုးတို့တွင် တမျိုးမျိုးဖြင့် ပျက်စီးသွားလိမ့်မည်၊ မီးလောင်၍ ပျက်စီးသွားမည့်ကမ္ဘာဖြစ်အံ့၊ ပျက်စီးခါနီးတွင် ရှေးဦးစွာ ကမ္ဘာဖျက်မိုးကြီး ရွာသွန်း၏၊ ထို့နောက် နှစ်ပေါင်း ဤရွေ့ဤမျှဟု မခန့်မှန်းနိုင်လောက်အောင် ကြာမြင့်သောအခါ မီးလောင်၏၊ ထိုသို့ အကြီးအကျယ် တောက်လောင်နေသော ကမ္ဘာဖျက်မီးကြီးသည် အဏုမြူမျှ ပြာကလေးမျှ မီးစာမကျန်သည်အထိ လောင်ကျွမ်းပြီးမှ ငြိမ်းသွား၏၊ ဤနည်းအားဖြင့် ကမ္ဘာဖျက်မိုး ရွာသည်မှစ၍ မီးတောက်မီးလျှံ ငြိမ်းသွားသည်တိုင်အောင် အလွန်အလွန် ကြာမြင့်လှသော အချိန်ကာလကို သံဝဋ္ဋအသင်္ချေယျကပ်ဟုခေါ်၏၊

(ခ) သံဝဋ္ဋဌာယီ အသင်္ချေယျကပ် = ထိုကမ္ဘာဖျက်မီးကြီး ငြိမ်းသွားပြီးနောက် မီးလောင်ပြင် ရွာပျက်ကြီးကဲ့သို့ ကမ္ဘာမြေထုနှင့် အဆောင်အယောင်ဘုံဌာနတွေ ဘာမျှမရှိသေးဘဲ ဟင်းလင်းပြင်ကောင်းကင်ကြီး အနေဖြင့် ပျက်စီးသည့်ပုံစံအတိုင်း တည်နေလာခဲ့ရာ ယခင်ကအတိုင်း နှစ်အရေအတွက် မခန့်မှန်းနိုင်လောက်အောင် အချိန်တွေ ကုန်လွန်ပြီးမှ ကမ္ဘာပြုမိုးကြီး ရွာချလိုက်၏၊ ယင်းသို့ ကမ္ဘာဖျက်မီးကြီး ငြိမ်းသွားပြီးသည် မှစ၍ ကမ္ဘာပြုမိုးရွာသည်အထိ အလွန်အလွန် အချိန်ကြာမြင့်စွာ ဟင်းလင်းပြင်အတိုင်း တည်နေရာအချိန် ကာလကို သံဝဋ္ဋဌာယီအသင်္ချေယျကပ်ဟုခေါ်၏၊

(ဂ) ဝိဝဋ္ဋအသင်္ချေယျကပ် = ကမ္ဘာပြုမိုးကြီး ရွာသွန်းပြီးနောက် ကမ္ဘာ့အဆောက်အဦ ဘုံဌာနတွေ စုံလင်စွာဖြင့် နေလနက္ခတ်တွေ ပေါ်ထင်မြင်ရသည်အထိ အလွန်အလွန် ကြာမြင့်စွာ ကမ္ဘာကြီးတည်ထောင်နေဆဲ အချိန်ကို ဝိဝဋ္ဋအသင်္ချေယျကပ် ဟုခေါ်၏၊

(ဃ) ဝိဝဋ္ဋဌာယီအသင်္ချေယျကပ် = နေလနက္ခတ်တွေပေါ်၍ ကမ္ဘာ့အဆောက်အဦတွေ စုံလင်သည်မှ စ၍ နောက်ထပ်ကမ္ဘာဖျက်မိုးရွာသည်အထိ ကမ္ဘာသူ ကမ္ဘာသား၊ သတ္တဝါအများ နေထိုင်ကြသည့် အလွန် အလွန်ကြာမြင့်သော ကာလကို ဝိဝဋ္ဋဌာယီအသင်္ချေယျကပ် ဟုခေါ်၏၊

၁၇။ ထိုအသင်္ချေယျကပ် လေးမျိုးကို တစ်ကမ္ဘာဟုခေါ်သည်၊ ဤနည်းအားဖြင့် သတ္တဝါတို့ နေထိုင်ရာ ကမ္ဘာလောက စကြာဝဠာကြီး၏ ဖြစ်ပျက်ပြုပြင် ပြောင်းလဲမှုကိုကြည့်၍ တစ်ကမ္ဘာ နှစ်ကမ္ဘာစသည်ဖြင့် ကမ္ဘာ၏သက်တမ်းကို ပိုင်းခြားကန့်သတ်ရသည်။ (အင်္ဂုတ္တိုရ်ပါဠိတော် စတုက္ကနိပါတ်(၄၆၀) ကပ္ပသုတ်။ သတ္တကနိပါတ်(၄၇၄) သတ္တသူရိယသုတ်။ ဒီဃနိကာယ်ပါထိကဝဂ်ပါဠိတော်(၆၉) အဂ္ဂညသုတ်။ (ဝိသုဒ္ဓိ၊၂၊၅၄၄)။

ဓမ္မဟဒယ ဝိဘင်းအဆိုအမိန့်

၁၈။ စုဒိတကသခင်မြတ်ဆိုင် သောဓနာ၌ “ဓမ္မဟဒယဝိဘင်း၌ပါသော နေဝသညာနာသညာယတန ဗြဟ္မာတို့၏ အသက်ကမ္ဘာပေါင်း ရှစ်သောင်းလေးထောင်ဟူသော စကားမှာ ဗုဒ္ဓဟောနှင့် မဆိုင်ပါ” ဟု ဆို ထား၏၊ ထိုအဆိုကို စိစစ်ရသော် -

ဤ (၁၉) သောဓနာ၏ အစပိုင်းတုန်းက လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းစသော စကားမျိုးကို မဆိုထားဘိ၊ တစ်ကမ္ဘာ၏ ကာလသက်တမ်းကိုပင် ဗုဒ္ဓရှင်မဟောပါ” ဟူ၍ သခင်မြတ်ဆိုင်က ဆိုထားခဲ့သည့်အတိုင်း အကယ်၍ ကမ္ဘာ၏ သက်တမ်းကို ဘုရားမဟောလျှင် အပိုင်းခြားမရှိအောင် ရှည်လျားသော ကမ္ဘာကြီးကို တစ်ကမ္ဘာ နှစ်ကမ္ဘာစသည်ဖြင့် ပိုင်းဖြတ်ရေတွက်လို့ မဖြစ်နိုင်၊ သို့သော် ဓမ္မဟဒယဝိဘင်းပါဠိတော်၌ကား ဗြဟ္မာတို့၏ သက်တမ်းကို ကမ္ဘာပေါင်းရှစ်သောင်းလေးထောင် စသည်ဖြင့် ဟောထားခြင်းကြောင့် တစ်ကမ္ဘာ နှစ်ကမ္ဘာစသည်ဖြင့် ကမ္ဘာ၏ သက်တမ်းကိုပါ ပိုင်းဖြတ်ကန့်သတ်၍ ဟောပြီးဖြစ်နေ၏၊ ထို့ကြောင့် “တစ်ကမ္ဘာ၏ သက်တမ်းကို ဗုဒ္ဓရှင်မဟော” ဟူ၍ ပထမဆိုခဲ့သော မိမိစကားနှင့် မဆန့်ကျင်အောင် “ကမ္ဘာပေါင်း ရှစ်သောင်းလေးထောင်” ဟူသော စကားကိုလည်း ဗုဒ္ဓဟောနှင့် မဆိုင်ဟူ၍ သခင်မြတ်ဆိုင်က ပယ်ဖျက်ကန့်ကွက်ခြင်း ဖြစ်တန်ရာသည်။

သို့သော် ဗြဟ္မာတို့၏ အသက်အရေအတွက်ကို အဘိဓမ္မာပါဠိတော် ဓမ္မဟဒယဝိဘင်း၌သာမက အင်္ဂုတ္တိုရ်ပါဠိတော် တိကနိပါတ်(၂၇၀) နေဉ္ဇသုတ်၌လည်းကောင်း စတုက္ကနိပါတ်(၄၄၁) ပထမနာနာကရဏသုတ်၌ လည်းကောင်း ဟောထားပေသည်။ ယင်းသို့ ဟောထားခြင်းဖြင့်လည်း တစ်ကမ္ဘာ နှစ်ကမ္ဘာ စသည်ဖြင့် ကမ္ဘာ၏ သက်တမ်းကိုပါ ပိုင်းဖြတ်ကန့်သတ်ပြီး ဖြစ်တော့သည်။ (သခင်မြတ်ဆိုင်သည် ဤ အာနေဉ္ဇသုတ် နာနာကရဏသုတ်တို့ကို ဖတ်ဖူးဟန်မတူပေ။)

မှတ်ချက်။ “။ ဓမ္မဟဒယဝိဘင်းပါဠိတော်(၄၃၇-၄၃၈) စသည်တို့၌ လူ့ဘုံ နတ် (၆) ဘုံ ဗြဟ္မာဘုံ (၂၀) တို့၏ သက်တမ်းကို ဟောထားတော်မူ၏၊ ထိုတွင် ကုသိုလ်ကံစွမ်းအားသို့လိုက်၍ ဘုံစဉ်အတိုင်း နတ်တို့မှာ အနှစ်ငါးရာ အနှစ်တစ်ထောင်စသည်ဖြင့် ဆင့်ကဲ ဆင့်ကဲ အသက်ရှည်ကြ၍ ဗြဟ္မာတို့မှာမူ ကမ္ဘာနှင့်ချီ၍ အသက်ရှည်ကြ၏၊ ထိုတွင် စျာန်သမာပတ်ရှစ်ပါးရှိသည့်အနက် အစွမ်းထက်မြက်ဆုံး စျာန်သမာပတ်၏ အရှိန်အဟုန်ကြောင့် အဆင့်အမြင့်ဆုံး ဝေသညာနာသညာယတန ဗြဟ္မာဘုံ၌ ဖြစ်ကြရသောကြောင့် ထိုဘုံသား ဗြဟ္မာတို့မှာ မဟာကပ် (ကမ္ဘာ)ပေါင်း ရှစ်သောင်းလေးထောင်အထိ အသက်ရှည်ကြ၍ ၎င်းတို့ထက် အသက်ရှည်သော သတ္တဝါမရှိတော့ပေ။

လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ရေတွက်ပုံ

၁၉။ ဖော်ပြခဲ့သည့်အတိုင်း အလွန်ကြာမြင့်လှစွာသော တစ်ကမ္ဘာဟုခေါ်သော အချိန်ကုန်လွန်သွား တိုင်း လူတို့နေထိုင်ရာ စကြာဝဠာ လောကဓာတ် ဟုခေါ်သော ဩကာသလောကကြီးတစ်ခုတစ်ခု ပျက်စီးသွား လေရာ ယင်းသို့ ပျက်စီး ကုန်ဆုံးသွားသော ကမ္ဘာလောကအပေါင်းကို ခု, ဆယ်, ရာ ဂဏန်းချ၍ ဤရွေ့ဤမျှ ဟု မသတ်မှတ်နိုင်၊ မခန့်မှန်းနိုင်လောက်အောင် ရှည်လျားသော အချိန်ကာလကို ကမ္ဘာအသင်္ချေ ဟုခေါ်၏၊ ထိုကမ္ဘာအသင်္ချေကို တစ်ခု နှစ်ခု စသည်ဖြင့် သတ်မှတ်သောအခါ ဘုရားတစ်ဆူနှင့် တဆူတို့၏ အကြား ကာလဖြင့် တိုင်းတာသတ်မှတ်ရ၏၊ သတ်မှတ်ပုံမှာ -

(က) ငါတို့ ဂေါတမဘုရားအလောင်း သုမေဓာရသေ့ကို ဧကန်ဘုရားဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေးတော် မူခဲ့သော ဒီပင်္ကရာမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသည့်နောက် ကမ္ဘာအသင်္ချေ ကုန်လွန်သောအခါ သာရမည်သော တစ်ခုသောကမ္ဘာ၌ ကောဏ္ဍညမည်သော မြတ်စွာဘုရား ပွင့်ထွန်းတော်မူလာ၏၊ ဒီပင်္ကရာ မြတ်စွာဘုရားတို့၏အကြားကာလကို ကမ္ဘာအသင်္ချေတစ်ခုဟု သတ်မှတ်ရ၏၊

(ခ) ထိုကောဏ္ဍညမြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် ကမ္ဘာအသင်္ချေ ကုန်လွန်သွား သောအခါ သာရမဏ္ဍမည်သော ကမ္ဘာ၌ မင်္ဂလဘုရား, သုမနဘုရား, ရေဝတဘုရား, သောဘိတဘုရား ဟူ၍ ဘုရားလေးဆူ ပွင့်တော်မူ၏၊ ကောဏ္ဍညဘုရားနှင့် ပထမဦးဆုံး မင်္ဂလဘုရားရှင်တို့၏ အကြားကာလကို ဒုတိယ ကမ္ဘာအသင်္ချေဟု သတ်မှတ်ရ၏၊

(ဂ) ထို သာရမဏ္ဍကမ္ဘာမှ နောက်ဆုံး သောဘိတဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် ဝရမည်သော ကမ္ဘာ၌ အနောဒမဿီဘုရား, ပဒုမဘုရား, နာရဒဘုရား ဟူ၍ ဘုရားသုံးဆူ ပွင့်တော်မူ၏၊ ယခင် သောဘိတဘုရားရှင်နှင့် အနောဒမဿီဘုရားရှင်တို့၏ အကြားကာလကို တတိယ ကမ္ဘာအသင်္ချေဟု သတ်မှတ်ရ၏၊

(ဃ) နာရဒမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် ကမ္ဘာအသင်္ချေ ကုန်လွန်သွားသောအခါ ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူ၏၊ ထို နာရဒမြတ်စွာဘုရားနှင့် ပဒုမုတ္တရ မြတ်စွာဘုရားတို့၏ အကြား ကာလကို စတုတ္ထ ကမ္ဘာအသင်္ချေဟု သတ်မှတ်ရ၏၊ ဤနည်းအားဖြင့် ကမ္ဘာအသင်္ချေလေးခု (လေးအသင်္ချေ) ဖြစ်၏၊

(င) ထိုပဒုမုတ္တရမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ကမ္ဘာတစ်သိန်း ကုန်လွန်သောအခါ ယခု ငါတို့၏ ဘဒ္ဒမည်သော ကမ္ဘာ၌ ကကုသန္ဓ မြတ်စွာဘုရား, ကောဏာဂမန မြတ်စွာဘုရား, ကဿပ မြတ်စွာဘုရား, ဂေါတမ မြတ်စွာဘုရား ဟူ၍ ဘုရားလေးဆူ ပွင့်ပြီးလေပြီ၊ ပဒုမုတ္တရ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်ပြီးနောက် ဤဘဒ္ဒကမ္ဘာ၌ ကကုသန် မြတ်စွာဘုရားအထိ ထိုကုန်လွန်သွားသော ကမ္ဘာတစ်သိန်းကို ထပ်၍ထည့်လျှင် ဂေါတမဘုရား ပါရမီဖြည့်ရသော လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြစ်ပေတော့သည်။

ဗုဒ္ဓဝံသပါဠိတော်(၃၈၂)နှင့် စရိယာပိဋကအဋ္ဌကထာ(၁၅) တွင် ကြည့်ပါ။)

မာ ပိဋကသမ္ပဒါနေန ဂဏှိတ္ထ၏ ဆိုလိုရင်း

၂၀။ စုဒိတကပုဂ္ဂိုလ်တို့သည် “မာ ပိဋကသမ္ပဒါနေန ဂဏှိတ္ထ” ဟူသော ကေသမုတ္တိသုတ် ပါဠိဝါကျ ကို လက်သုံးပြုပြီးလျှင် -

“ဗုဒ္ဓဝင်ကျမ်းများတွင် ဗုဒ္ဓဂုဏ်တော်ကို ထိခိုက်သော အကြောင်းအရာ အများအပြား ပါဝင်နေသည်ကို ငြင်းဆိုနိုင်လျှင် ငြင်းဆိုပါ” ဟု တင်ပြပြောဆိုကာ သူတို့၏ ရုပ်ဝါဒအမြင်ဖြင့် မကိုက်ညီသော ဗုဒ္ဓဝင်ဒေသနာတော်ကို ထုတ်ပယ်လိုကြ၏၊ အမှန်တကယ်အားဖြင့်ကား ထိုကေသမုတ္တိသုတ် ပါဠိဝါကျ၏ ဆိုလိုရင်းမှာ -

မာပိဋကသမ္ပဒါနေန ဂဏှိတ္ထ = ငါသည် စာပေကျမ်းဂန်တတ်မြောက်ပြီးသူ ဖြစ်သည်ဟူ၍ မိမိ၏ ကျမ်းဂန်တတ်မြောက်မှုကို အားကိုးအားထားပြုပြီးလျှင် ဤစကား ဤအယူဝါဒသည် ငါသင်ယူထားသော ကျမ်းဂန်နှင့် ကိုက်ညီသည်ဟူ၍ အတည်အမြဲ စွဲမှတ်မထားကြကုန်လင့်၊ ဤသို့ဆို၏၊

ဗုဒ္ဓဝင်ဒေသနာ စသော တရားတော်များသည် ငါတို့ သင်ယူဖတ်ရှုထားသော ဤစာအုပ် ဤစာအုပ် များနှင့် ကိုက်ညီသည်ဟု အတည်အမြဲ စွဲမှတ်မထားကြလင့်ဟု ဆိုလိုသည်မဟုတ်၊ ငါဘုရား၏ စကားကိုလည်း ယုံသင့်မှယုံကြ ထုတ်ပယ်သင့်က ထုတ်ပယ်ကြဟူ၍လည်း ဆိုလိုသည်မဟုတ်။

၂၁။ အမှန်စင်စစ် ထိုခေတ် ထိုအခါက ကေသမုတ္တမည်သော နိဂုံးရွာကြီးသို့ ဘာသာရေး ဂိုဏ်းဆရာ အမျိုးမျိုး ပုဂ္ဂိုလ်အမျိုးမျိုး ရောက်လာတတ်ကြ၏၊ ထိုပုဂ္ဂိုလ်များအနက် ကျမ်းဂန်နှံ့စပ်တတ်မြောက်သူ ဆရာတဆူဟု အထင်ကြီးခံနေရသော ပုဂ္ဂိုလ်တချို့သည် သူတပါး အထင်သေးမည်စိုးသောကြောင့် မသိလျှင် မသိကြောင်း ရှင်းရှင်းဘွင်းဘွင်း ဝန်မခံနိုင်ကြ၊ ထိုသူတို့သည် သီလ သမာဓိ တကယ်ရှိ၍ စဉ်းလဲ ကောက်ကျစ်မှုကင်းသော ပညာရှိ သူတော်ကောင်းများ မဟုတ်ကြသောကြောင့် ယောင်ယောင်ဝါးဝါး တတ်ယောင်ကား လုပ်တတ်ကြ၏၊ ထိုသူတို့၏စကားကို အားကိုးအားထားပြု၍ စွဲမြဲမှတ်သားမထားရ၊ ဝေဖန်ရမည်၊ စိစစ်ရမည်၊ လက်ခံသင့်မှ လက်ခံရမည်။

၂၂။ မြတ်စွာဘုရားသည် ကာလာမအမျိုးသားတို့အား ရှေးဦးစွာ ဤကဲ့သို့ အမှားအမှန်ကို ဝေဖန်စေ လိုသောကြောင့် “ထေ တုမှေ ကာလာမာ မာ အနုဿဝေန မာ ပရမ္ပရာယ မာ ပိဋကသမ္ပဒါနေန” ဟူသော စကားများဖြင့် အစချီပြီးလျှင် မကောင်းကျိုးပေးသော အကုသိုလ်နှင့် ကောင်းကျိုးပေးသော ကုသိုလ်တို့ကို မိမိတို့ ကိုယ်တိုင်သိအောင် ကြိုးစားအားထုတ်ရန်နှင့် ထိုသို့သိသောအခါ အကုသိုလ်ကို ပယ်စွန့်၍ ကုသိုလ်တရားကို ကြိုးစားအားထုတ်ပြုလုပ်ရန် အကျယ်တဝင့် အဆုံးအမ ဩဝါဒပေးသောအားဖြင့် ဤကေသမုတ္တိသုတ်ကို ဟောကြားတော်မူခဲ့သည်။

၂၃။ ယင်းသို့သော အစီအစဉ်ဖြင့် ဟောကြားတော်မူခဲ့သော ကေသမုတ္တိသုတ်မှ “မာ ပိဋကသမ္ပဒါ နေန ဂဏှိတ္ထ” ဟူသော စကားဝါကျကို လွဲမှားစွာ အဓိပ္ပာယ်ကောက်ယူအသုံးပြုကာ (ဝါ) လက်နက်အဖြစ် အသုံးချကာ မိမိတို့ ဆုပ်ကိုင်ထားသော ရုပ်ဝါဒအမြင်ဖြင့် မကိုက်ညီတိုင်း မိမိတို့ ဉာဏ်မမီတိုင်း သံသယဝင်တိုင်း ဘယ်သုတ် ဘယ်ပါဠိ ဘယ်ဂါထာသည် ယုတ္တိမရှိဘူး ဘုရားဟော မဟုတ်ဘူးဆိုပြီး ထုတ်ပယ်ရန် အသင်းအပင်းဖွဲ့ပြီး ကြိုးစားနေကြခြင်းသည် မလုပ်သင့် မလုပ်ထိုက်သော သာသနာဖျက်သည့် လုပ်ရပ်သာ ဖြစ်ပေသည်။

ထို့ပြင် ဗုဒ္ဓပါဠိတော်၌ ဗုဒ္ဓဂုဏ်တော်ကို ထိခိုက်စေသော အကြောင်းအရာ အများအပြား ပါဝင်သည်ဟု ရေးသားပြောဆိုနေကြသော်လည်း မည်သည့်အကြောင်းအရာများသည် ဗုဒ္ဓဂုဏ်တော်ကို ထိခိုက်စေသည်ဟု အတိအကျ မချေဆိုကြ၊ အမှန်တကယ်အားဖြင့် ဗုဒ္ဓဝင်ပါဠိတော်၌ -

(က) ရှေးဘုရားရှင်တို့ အထံတော်၌ ဂေါတမဘုရားအလောင်းတော် ဗျာဒိတ်ခံယူတော်မူပုံ၊
(ခ) ဘုရားအလောင်းတော်သည် ဒါန သီလ အစရှိသော ပါရမီဆယ်ပါး သူတော်ကောင်းတရားတို့ ကို ဘုရားဖြစ်ခြင်း၏ အကြောင်းအဖြစ်ဖြင့် စူးစမ်းဆင်ခြင် သုံးသပ်တော်မူပုံ၊
(ဂ) ရှေးရှေးဘုရားရှင်တို့သည် သတ္တဝါတို့၏အကျိုးကို ဆောင်ရွက်တော်မူပုံ, သတ္တဝါတို့ကို သံသရာဝဋ်ဒုက္ခမှ ကယ်တင်တော်မူပုံ -

ဤသို့ အစရှိသော အကြောင်းအရာများကို ဟောကြားထားပေသည်၊ ထိုဗုဒ္ဓဝင်ပါဠိတော်၌ ဘယ်အချက်မျှ ဗုဒ္ဓဂုဏ်တော်ကို ထိခိုက်စေခြင်းမရှိ၊ ရိုးသားဖြူစင်သော စေတနာသဒ္ဓါတရားရှိရှိဖြင့် ဖတ်ရှုကြားနာ သူများအတွက် အလွန်ကြည်ညိုဖွယ် စိတ်နှလုံးချမ်းမြေ့ဖွယ် ပါဠိတော်ကြီးသာ ဖြစ်သည်။

စုဒိတကပုဂ္ဂိုလ်တို့၏ စာအုပ်စာတမ်းများမှ (က) (ခ) စသော

ကောက်နုတ်ချက် စကားရပ်များကို စိစစ်သုံးသပ်ချက်

၂၄။ (က) (ခ) စသော ဗုဒ္ဓဝင်ကို ပုတ်ခတ်သည့်စကားရပ်များသည် မိမိတို့မယုံကြည်လျှင် မယုံကြည်သလို အေးအေး ဆေးဆေးမနေကြဘဲ ယုံကြည်သူတို့အား စော်ကားလျက် ရိုသေလေးစားခြင်း ကင်းမဲ့စွာဖြင့် ပြောင်လှောင် ပြက်ချော် သရောက်စော်ကား ရေးသားထားသည်ဖြစ်ရကား စောဒကပုဂ္ဂိုလ်တို့ စောဒနာသည့်အတိုင်းပင် သာသနာတော် ပျက်စီးရာ ပျက်စီးကြောင်း ပြောဆိုသော စကားများ အမှန်ဖြစ်ပေသည်။ ထိုစကားရပ်များတွင် -

(က) “ဘုရားအလောင်းတော်နတ်သား ကိုယ်တိုင်မသိသောကိစ္စကို နတ်ဗြဟ္မာတို့က ကြိုတင်ပြီး ဘုရားဖြစ်မည့်သူဟု သိထားနှင့်သလိုလို တင်စီးထားလိုက်ကြသည်” ဟူသော စကားကို စိစစ်သုံးသပ်ရသော်-

ဘုရားမပွင့်ထွန်းမီ နှစ်ပေါင်းတစ်ထောင်အချိန်ကပင် သုဒ္ဓ့ါဝါသဗြဟ္မာတို့သည် “အချင်းတို့ အနှစ် တစ်ထောင်ကျော်လွန်လျှင် သဗ္ဗညုတဘုရား ပွင့်ထွန်းပေါ်လာလိမ့်မည်၊ သဗ္ဗညုတဘုရား ပွင့်ထွန်းပေါ်လာ လိမ့်မည်” ဟု လှည့်လည် ကြွေးကြော်နေကြခြင်းကြောင့် ဗုဒ္ဓကောလာဟလစကားသည် နတ်ဗြဟ္မာတို့ အချင်းချင်းတွေ့ဆုံမိက ပြောဆိုနေကျ စကားဖြစ်၏၊ ထို့ကြောင့် ဘုရားအလောင်းတော် သေတကေတု နတ်သားသည် လာမည့် ဒုတိယဘဝ၌ မိမိကိုယ်ကို ဘုရားဖြစ်မည့် ပုဂ္ဂိုလ်ဟု မသိနိုင်စရာ အကြောင်းမရှိပေ။

၂၅။ ထို့ပြင် သက်တမ်းရှည်သောနတ်ပြည်၌ ဖြစ်ကြသော ပါရမီမပြည့်သည့် ဘုရားအလောင်း နတ်သားတို့သည် နတ်ပြည်၌ ပါရမီဖြည့်ရန် ခဲယဉ်းလှသောကြောင့် နတ်သက်တမ်း ကုန်ဆုံးသည့်အထိ နတ်ပြည်၌ မနေကြတော့ဘဲ နတ်သက်ကိုချွေကာ လူ့ပြည်၌ ပဋိသန္ဓေနေကြ၏၊ ဘုရားအလောင်းတော် သေတကေတု နတ်သားသည်ကား လာမည့်ဒုတိယဘဝ၌ ဧကန်မုချ ဘုရားဖြစ်ရန် ပါရမီတော်များ ပြည့်စုံပြီး ဖြစ်ရကား နတ်သက်တမ်းကုန်သည်အထိ တုတိသာနတ်ပြည်၌ နေ၏၊ ထို့ကြောင့် “ဣဒါနိ အနန္တရေ အတ္တ ဘာဝေ ဗုဒ္ဓေါ ဘဝိဿာမိ” ဟူသော သုတ်မဟာဝါအဌကတာ ၂၁-နှင့်အညီ ဘုရားအလာင်း သေတကေတုနတ်သားမှာ “ငါသည် လာမည့် ဒုတိယဘဝ၌ ဧကန်မုချ ဘုရားဖြစ်မည်” ဟု သိသည်သာဖြစ်သည်။ ဇာတ်အဋ္ဌကထာ(ပ-၅၇)၊ ဗုဒ္ဓဝံသအဋ္ဌကထာ(၃၁၇။) ဒီဃနိကာယ် မဟာဝဂ္ဂအဋ္ဌကထာ(၂၀။)

(ခ) သတ်သေခိုင်းသည်ဟူသော စကားရပ်များ စိစစ်ချက်

၂၆။ (ခ) စကား၌ စကြာဝဠာတသောင်းမှ နတ်ဗြဟ္မာ အပေါင်းတို့က ဘုရားအလောင်း နတ်သားအား ကိုယ့်ကိုယ်ကို သတ်သေခိုင်းသည်ဟု သမ္မာဒိဋ္ဌိသုတေသန အဖွဲ့သားတို့၏ ရေးသားချက်ကို အထူးစိစစ်စရာ မလို၊ ယုတ်မာလှသော စေတနာဆိုးဖြင့် မကြားကောင်းမနာသာ ရေးသားထားသည်ဟုသာ ဆိုရတော့မည်၊ သေတကေတု နတ်သားခမျာမှာ နတ်စည်းစိမ်ပင် ခံစားခွင့်မရတော့ဘဲ လက်ကတီးကြားမှ ချွေးယိုစီးကာ မှိုင်တွေလျက် စုတေခဲ့ရသည်ဟု ရေးသားထားသည်မှာလည်း ဣတိဝုတ်ပါဠိတော် ၂၄၇ နှင့် ယင်းအဋ္ဌကထာ ၂၄၉-တို့၏ အဆိုအမိန့်ကို တစ်ဆင့်စကား တစ်ဆင့်နားဖြင့် မပြည့်မစုံကြားဖူးထားသည်ကို အတည်ပြုကာ ပျက်ချော်ချော် ရေးသားထားခြင်း ဖြစ်၏၊ အပြည့်အစုံကား ဤသို့ ဖြစ်၏၊

နတ်တို့ စုတေခါနီး ရှေ့ပြေးနိမိတ်ငါးမျိုး

၂၇။ နတ်တို့ စုတေသေလွန်ခြင်း မပြုမီ လူတို့၏အရေအတွက်ဖြင့် ခုနစ်ရက်လောက်က ကြိုတင်၍ သေတော့မည့် အထိမ်းအမှတ် ရှေ့ပြေးနိမိတ်ငါးပါး အထင်အရှား ပြလာကုန်၏၊

(က) နတ်ဖြစ်စအချိန်က (ပဋိသန္ဓေနေစဉ်က) ပန်ဆင်လာခဲ့သော ပန်းများညိုးနွမ်းကုန်၏၊
(ခ) ဝတ်ဆင်ထားသော နတ်ဝတ်တန်ဆာများ ညစ်နွမ်းကုန်၏၊
(ဂ) လက်ကတီးကြားမှ ချွေးပေါက်များ ယိုစီးလာကုန်၏၊
(ဃ) ရှေးကကဲ့သို့ ကိုယ်ရောင်ကိုယ်ဝါ တလက်လက် မထွက်နိုင်တော့ဘဲ ရုပ်ပျက်ဆင်းပျက် ဖြစ်လာကာ ကိုယ်ခန္ဓာ ပင်ပန်းညိုးနွမ်း လာ၏၊
(င) ထိုနတ်သည် ရှေးကကဲ့သို့ သူ၏ဘုံဗိမာန်၌ နတ်သမီးများနှင့် ပျော်ပျော်ပါးပါး မနေနိုင်တော့ဘဲ စိတ်သာယာ ချမ်းမြေ့မှုကင်း၍ ပျင်းရိငြီးငွေ့လာ၏၊

ဤရှေ့ပြေးနိမိတ်ငါးမျိုးသည် နတ်တိုင်းမှာ ထင်ပေါ်လာသည် မဟုတ်၊ လူ့ပြည်၌ မြေငလျင် တုန်လှုပ်ခြင်း အစရှိသော နိမိတ်တို့သည် ဘုန်းတန်ခိုးကြီးသော ဘုရင်များအတွက်သာ ထင်ပေါ်လာကုန်သကဲ့သို့ တန်ခိုးကြီးသောနတ်များမှာသာ ထိုရှေ့ပြေးနိမိတ်များ ထင်ရှားလာကုန်၏၊ ယင်းသို့ ထင်ပေါ်လာသောအခါ၌လည်း ငါ့အတွက် စုတေသေလွန်ဖို့ရှေ့ပြေးနိမိတ်တွေ ထင်ပေါ်လာပြီ၊ မကြာမီ ငါသေတော့မည်ဟူ၍ သေဖို့ရှေ့ပြေးနိမိတ် ဖြစ်ကြောင်းကို နတ်တိုင်း သိသည်မဟုတ်၊ လူ့ပြည်၌ နိမိတ်ဖတ်တတ်သောသူ နက္ခတ်နားလည်သူ ပညာရှင်များသာ ရှေ့ပြေးနိမိတ်ကို သိနိုင်သကဲ့သို့ ပညာရှိသော နတ်များသာ သိနိုင်ကုန်၏၊

၂၈။ ရှေးရှေးတုန်းက ပြုခဲ့သော ကုသိုလ်ကောင်းမှုနည်းပါးသော နတ်များသည် ထိုနိမိတ်များကို မြင်ရသောအခါ ကြောက်ရွံ့ထိတ်လန့်ကြကုန်၏၊ ကုသိုလ်ကောင်းမှုများစွာ ပြုခဲ့ ဆည်းပူးခဲ့သော နတ်များမှာကား “ငါတို့မှာ ဒါန သီလ ဘာဝနာတွေ အဆင်သင့်ရှိပြီး ဖြစ်၍ အထက်နတ်ပြည်မှာ ဖြစ်ရတော့မည်”ဟု သေချာစွာ သိသဖြင့် ကြောက်ရွံ့ ထိတ်လန့်ခြင်း မရှိကုန်၊ ဘုရားအလောင်းတော် သေတကေတု နတ်သားမှာလည်း ဒါန သီလ စသော ပါရမီတော်များအပြည့်အစုံ ဖြည့်ကျင့်ပြီးဖြစ်ရကား ဤနတ်ဘဝက စုတေပြီးနောက် လူ့ပြည်ရောက်လျှင် ဧကန်မုချ ဘုရားဖြစ်တော့မည်ဟု အသေအချာ သိပြီးဖြစ်သောကြောင့်ကြောက်ရွံ့ထိတ်လန့်ခြင်း အလျှင်းမရှိဘဲ စုတေခါနီးအချိန်၌ စိတ်ဓာတ်ကြည်သာ လွန်စွာ ချမ်းမြေ့ ပျော်မွေ့တော်မူ၏၊

လူ့ပြည်၌ ပဋိသန္ဓေနေရန် နတ်ဗြဟ္မာတို့ တောင်းပန်ခြင်း

၂၉။ တစ်သောင်းသော စကြာဝဠာမှ နတ်ဗြဟ္မာတို့သည် ဘုရားအလောင်းတော် နတ်သားအား ထိုရှေ့ပြေးနိမိတ်များ မပေါ်ထင်မီ (အချိန်မကျမီ)က ကြိုတင်၍ တောင်းပန်ကြသည် မဟုတ်ကုန်၊ ရှေ့ပြေးနမိတ်များ ထင်ပေါ်ပြသမှသာလျှင် တညီတညွတ်တည်း ရောက်လာကြပြီးလျှင် အလောင်းတော် နတ်သားအား ဘုရားဖြစ်ရန် လူ့ပြည်သို့ဆင်း၍ မယ်တော်ဝမ်းတိုက်၌ ပဋိသန္ဓေနေတော်မူပါမည့်အကြောင်း အောက်ပါအတိုင်း တောင်းပန်ကြကုန်၏၊

ကာလော ခေါ တေ မဟာဝီရ၊ ဥပဇ္ဇ မာတုကုစ္ဆိယံ။
သဒေဝကံ တာရယန္တော၊ ဗုဇ္ဈဿု အမတံ ပဒံ (ခု၊၄၊၃၀၅)။

မြန်မာပြန်

လုံ့လဝီရိယ ပြင်းပြကြီးမားတော်မူသော အို အလောင်းတော်နတ်သား ဘုရားဖြစ်ရာ ကာလအချိန် ကျရောက်ပါပြီ၊ မယ်တော် ဝမ်းတိုက်၌ စွဲပိုက်သန္ဓေတည်နေတော်မူပါ၊ နတ်နှင့်တကွသော သတ္တဝါအပေါင်းကို ကယ်တင်တော်မူကာ သေခြင်းကင်းရာ အမြိုက်နိဗ္ဗာန်ကို ဉာဏ်မျက်စိတွင်း ရှင်းလင်းပေါ်ထင်သိမြင်တော်မူပါ။

ထိုအခါ ဘုရားအလောင်းတော်နတ်သားသည် ဘုရားဖြစ်ထိုက်သော အချိန်, ဘုရားဖြစ်ရာ ကျွန်း, ဘုရားဖြစ်ရာ ဒေသ, ဘုရားဖြစ်ရာ အမျိုး, မယ်တော်၏ အသက် အပိုင်းအခြား ဤငါးမျိုးတို့ကို ကြည့်တော်မူပြီးလျှင် တောင်းပန်လာကြသော နတ်ဗြဟ္မာတို့အား ဝန်ခံချက်ပဋိညာဉ်ပေးကာ နတ်ပြည်မှ စုတေ၍ မယ်တော်မာယာဒေဝီ၏ ဝမ်းတိုက်၌ ပဋိသန္ဓေနေတော်မူပေသည်။ (သုတ်မဟာဝါအဋ္ဌကတာ(၂၀၊ ၂၁၊၂၂။) မဟာပဒါနသုတ်

(ဂ) ဆင်ဖြူတော်အိပ်မက် စကားရပ်ကို စိစစ်ချက်

၃၀။ မယ်တော် မဟာမာယာဒေဝီ အိပ်မက်ပေးခန်းဖွင့်ဆိုရာ၌ အဟိတ်တိရစ္ဆာန်ကြီး အိပ်မက်ပေးရကောင်းလား၊ နတ်သားချောချောလှလှလေး အိပ်မက်မပေးရကောင်းလားဟု သစ္စာဓမ္မစာစောင်၌ အကျိုးကို လိုလားသလိုရေးသားထား၏၊ အကယ်၍ နတ်သားလှလှလေး အိပ်မက်ပေးသည် ဆိုပါလျှင်လည်း ဦးဥက္ကဋ္ဌ၏တပည့် သမ္မာဒိဋ္ဌိသုတေသီဆိုသူတို့သည် မယ်တော်မာယာကို နတ်သားနှင့် ဖောက်ပြန်သည်ဟု စွပ်စွဲကြမည်သာ ဖြစ်သည်၊ အမှန်စင်စစ် အယာနိသော မနသိကာရ အကုသိုလ်စိတ်ထားဖြင့် မလေးမစား ရှုတ်ချရေးသားနေကြခြင်းသာ ဖြစ်၏၊ အဟိတ် တိရစ္ဆာန်ဆင်ကြီးဟု စုဒိတကတို့က ရှုတ်ချထားသော်လည်း ရိုးရိုးဆင် မဟုတ်ဘဲ ဆင်ဖြူတော်ရတနာကြီးအဖြစ် အိပ်မက်မြင်မက်ခြင်း ဖြစ်ပေသည်။

၃၁။ ဘုရားအလောင်း၏ မယ်တော် မဟာမာယာဒေဝီသည် ဘုရားအလောင်းတော် ပဋိသန္ဓေနေမည့် ဝါဆိုလပြည့်နေ့တွင် နံနက်စောစော အိပ်ရာမှထ၍ နံ့သာဖြင့် ရေချိုးပြီးကာ လေးသိန်းကုန်အလှူကြီး ပေးလှူ၏၊ ထို့နောက်အဝတ်တန်ဆာများ ဝတ်ဆင်ပြီး ကောင်းမြတ်သော ဘောဇဉ်ကို စားသောက်၍ ရှစ်ပါးသီလကို ဆောက်တည်လျက် ကျက်သရေဆောင်တိုက်ခန်းသို့ ဝင်ပြီး အိပ်ရာပေါ်၌ လျောင်းစက်အိပ်ပျော်နေစဉ်အချိန်တွင် နတ်မင်းကြီး လေးယောက်တို့သည် မဟာမာယာဒေဝီကို အိပ်ရာခုတင်နှင့်တကွ ချီမ၍ ဟိမဝန္တာသို့ သယ်ဆောင်သွားပြီးလျှင် ယူဇနာ ၆၀-ရှိသော ဆေးဒန်း မြင်းသီလာ ကျောက်ဖြာပေါ်ဝယ် ခုနှစ်ယူဇနာရှိသော အင်ကြင်းပင်ကြီး တစ်ပင်၏ အောက်၌ ချထားပြီးနောက် မိမိတို့ကမူ သင့်လျော်သည့် နေရာ၌ ရပ်နေကြကုန်၏၊ ထိုအခါ ထိုနတ်မင်းကြီးတို့၏နတ်သမီးတို့သည် မဟာမာယာဒေဝီကို အနောတတ္တအိုင်သို့ သယ်ဆောင်သွားပြီးလျှင် လူ့အညစ်အကြေး သန့်စင်ဖို့အတွက် ရေချိုးစေပြီးကာ နတ်ဝတ်တန်ဆာကို ဝတ်ဆင်လျက် နတ်တို့၏ နံ့သာဖြင့် လိမ်းကျံ နတ်ပန်းကိုလည်း ပန်ဆင်စေပြီး၍ ထိုအနောတတ္တအိုင်အနီးရှိ ငွေတောင်အတွင်းမှ ရွှေဗိမာန်၌ အရှေ့သို့ဦးခေါင်းပြုကာ နတ်အိပ်ရာကို ခင်းပေးပြီးအိပ်စေကြကုန်၏၊

၃၂။ ထိုအခါ အနီးအနားရှိ ရွှေတောင်မှ ဆင်ဖြူတော်ကြီးတစ်စီး ဆင်းလာပြီးလျှင် ငွေတောင်ပေါ်သို့ တက်၍ မြောက်အရပ်မှ လာပြီးကာ ငွေပန်းကုံးနှင့်တူသော နှာမောင်းဖြင့် ပဒုမာကြာဖြူကိုယူ၍ ကြိုးကြာသံပေးလျက် ရွှေဗိမာန်အတွင်း ဝင်လာပြီးလျှင် မယ်တော်မဟာမာယာဒေဝီ၏ အိပ်ရာကို သုံးကြိမ်တိတိ လက်ယာရစ် လှည့်ပတ်၍ လက်ယာဘက်နံပါးကို ဖောက်ထွင်းလျက် ဝမ်းတွင်းသို့ ဝင်လာသည့်အသွင် အိပ်မက်မြင်မက်လေသည်။ (ဇာတ်အဋ္ဌကထာ ပ-၅၉။ အပဒါန်အဋ္ဌကထာ ပ-၆၁)။

ဤကဲ့သို့ အလွန်အံ့ဩဖွယ် ကောင်းလောက်အောင် ထူးခြားဆန်းကြယ်လှစွာ ဆင်ဖြူတော်ရတနာကြီး ဝင်လာသည့်အသွင် အိပ်မက်မြင်မက်သည်ကို မလေးမစား ရှုတ်ချရေးသားကြခြင်း ဖြစ်ပေသည်။ ဝိနည်းဓိုရ်ဆရာတော်တို့သည် တာဝန်အရလည်းကောင်း၊ ရိုးသားဖြူစင်သော ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် အမြင်မမှားစေချင်၍လည်းကောင်း ယခုလို သုံးသပ်ရေးသားနေသော်လည်း ဦးဥက္ကဋ္ဌနှင့် သူ၏တပည့် သမ္မာဒိဋ္ဌိသုတေသီဆိုသူတို့၏ အလွန့်အလွန်အဆင့်အတန်းနိမ့်သော ဝေဖန်ချက်တို့ကို သုံးသပ်ရသည်မှာ လွန်စွာ ငြီးငွေ့တော်မူကြပေသည်။

(ဃ) နတ်သုတ်စသော စကားရပ်ကို စိစစ်ချက်

၃၃။ သဂါထာဝဂ္ဂသံယုတ် ပါဠိတော်၌ ပါသော နတ်နှင့် ဆိုင်သော သုတ်များသည် မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်ကို စော်ကားသော သုတ်များဖြစ်သည်ဟု သစ္စာဓမ္မစာစောင်၌ ရေးသားထား၏၊ သို့သော် ထိုသို့ရေးသားထားသည့်အတိုင်း သဗ္ဗညုတဉာဏ်တော်ကို စော်ကားသော သုတ်များ မဟုတ်၊ အမှန်အားဖြင့်ကား ဒေဝတာသံယုတ်၊ ဒေဝပုတ္တသံယုတ်တို့၌ -

(က) နတ်တို့သည် မြတ်စွာဘုရားထံ လာရောက်၍ သူတို့မသိသော အကြောင်းအရာတို့ကို မေးမြန်း၍ မြတ်စွာဘုရားက ဖြေဆိုဟောကြားထားသော သုတ်များ၊
(ခ) သံဝေဂဖြစ်ဖွယ် အကြောင်းအရာနှင့် အခြားသော စိတ်ဝင်စားဖွယ်အကြောင်းအရာတို့ကို သူတို့ အယူအဆ သူတို့ ထင်မြင်ချက်အတိုင်း မြတ်စွာဘုရားထံ လာရောက်လျှောက်ထား၍ မြတ်စွာဘုရားက သူတို့စကားကို ပြင်သင့်သည်ကို ပြင်ဆင်ဖြည့်စွက်၍ ဟောကြားထားသော သုတ်များ၊
(ဂ) ထိုကဲ့သို့ ပြင်ဆင်ဖြည့်စွက်စရာမလိုတော့သဖြင့် မြတ်စွာဘုရားကိုယ်တော်တိုင် လက်ခံအတည်ပြုထားသော သုတ်များ၊
(ဃ) အချို့ရဟန်းများ တရားအားမထုတ်ဘဲ မေ့လျော့ ပေါ့ဆနေထိုင်ကြသည်ကို တွေ့မြင်ရသောကြောင့် ထိုရဟန်းတို့ကို သတိပေးသောသုတ်များ -

ဤသို့ စသည်ဖြင့် သုတ်ပေါင်းများစွာ ပါဝင်သည်။ ထို့ကြောင့် ပါဠိတော်များကို သေချာစွာ သင်ယူလေ့လာသဖြင့် အမှန်တရားကို သဘောပေါက်သိမြင်နားလည်သော ပညာရှိသူတော်ကောင်းတို့သည် ဤဒေဝတာသံယုတ်ပါဠိတော်များကိုလေးစားသောသည်ထက် လေးစားကြည်ညိုကြသည်၊ သဗ္ဗညုတဉာဏ်တော်ကို စော်ကားသော သုတ်များဟူ၍ တစ်ရံတစ်ခါမျှ မထင်မြင်ကြ၊ ထိုကဲ့သို့ သိနားလည်အောင်လည်း ရိုးသားသော စိတ်ထား သဒ္ဓါတရားဖြင့် ပါဠိတော်များကို သင်ယူမှတ်သား ကြားနာဖို့ လိုပေသည်။

နတ်နှင့်ဆိုင်သော သုတ်များသည် သဗ္ဗညုတဉာဏ်တော်ကို စော်ကားသည်ဟု သမ္မာဒိဋ္ဌိသုတေသန အဖွဲ့သားတို့က ရေးသား ပြောဟောခြင်းသည် ဘုရားရှင်ကို အထင်အမြင်သေးအောင် ဖန်တီးချက် ဖြစ်သည်၊ နတ်ကိုမယုံသော ရုပ်ဝါဒီတို့က ဤနေရာတွင်မူ နတ်ကို လက်ခံကြပြန်သည်။

(င) ဘုရားကို ဆရာလုပ် စသော စကားရပ်ကို စိစစ်ချက်

၃၄။ “တဏှာကို ပယ်ဖြတ်ပါလော၊ ကိလေသာကာမ, ဝတ္ထုကာမတို့ကို ပယ်စွန့်ပါလော”စသော ဂါထာများဖြင့် တာယနနတ်သားက မြတ်စွာဘုရားအား လျှောက်ထားခြင်းသည် သစ္စာဓမ္မစာစောင်၌ စွပ်စွဲထားသလို ဆရာလုပ်လို၍ လျှောက်ထားခြင်း မဟုတ်၊ ထိုဂါထာများသည် ဝီရိယတရား တိုးပွားစေနိုင်သည့် အဖိုးတန်ဂါထာများ ဖြစ်၏၊ ထို့ကြောင့် မြတ်စွာဘုရားကို တိုက်ရိုက်လျှောက်ထားနေသော်လည်း အမှန်တကယ်အားဖြင့်ကား မြတ်စွာဘုရားကို ရည်ရွယ်၍လျှောက်ထားသည် မဟုတ်ဘဲ ခုရော နောင်ပါ ရဟန်းရှင်လူတို့ကို သီလ သမာဓိ ပညာ အကျင့်သိက္ခာတို့၌ တိုးတက်မြင့်မားအောင် ကြိုးစားအားထုတ်ဖို့ တိုက်တွန်းနှိုးဆော် သတိပေးသည့်အနေဖြင့် လျှောက်ထားခြင်း ဖြစ်၏၊

၃၅။ ထို့ကြောင့်ပင် မြတ်စွာဘုရားသည် ထိုဂါထာများကို အတည်ပြုလက်ခံပြီးနောက် ရဟန်းတို့အား ပြန်လည် ဟောကြားတော်မူသည်သာမက သင်ယူပို့ချဖို့ကိုပါ မိန့်ကြားတော်မူပြီးလျှင် “အတ္ထသံတိတာ ဘိက္ခဝေ တာယနဂါထာ အာဒိဗြဟ္မစရိယိတာ= အို ရဟန်းတို့ တာယနနတ်သား၏ ဂါထာများသည် အကျိုးများသော ဂါထာများဖြစ်သည်၊ မြတ်သော အရိယမဂ် အကျင့်တရား၏ အဝင်မုခ်ဝ ရှေးဦးကျသည့် ပဓာနဖြစ်သော ဂါထာများ ဖြစ်သည်”ဟုပင် ချီးမွမ်းတော်မူ၏၊

တာယနနတ်သား လျှောက်ထားသည့် ဂါထာများ၏ မြန်မာပြန်

၃၆။(က) အို သူတော်ကောင်း တဏှာအနှောင်အဖွဲ့ကို ကြိုးစား၍ ပယ်ဖြတ်ပါလော့၊ ဝတ္ထု ကိလေသာနှစ်ဖြာသော ကာမတို့ကို ဆွဲနုတ်ထုတ်ပယ်ပါလော့၊ ရဟန်းသည် ကာမတို့ကို မပယ်စွန့်လျှင် စျာန်တရားကို မရနိုင်ပါ။

(ခ) လုပ်ငန်းတစ်ခုကို လုံ့လစိုက်ထုတ် ပြုလုပ်သင့်ပါက ပြုလုပ်တော်မူပါ၊ ထိုလုံ့လဝီရိယကို လျော့လျော့ရဲရဲ မဟုတ်ဘဲ မြဲမြဲမြံမြံ အားသန်ကြိုးကုတ် စိုက်ထုတ်သင့်ပါသည်၊ အလေးမပြု ဂရုမစိုက်၍ မခိုင်မမြဲ လျော့ရဲစွာ ခံယူကျင့်သုံးအပ်သော ရဟန်းအကျင့်သည် ကိလေသာမြူမှုန်ကို ပယ်ရှားသုတ်သင်မှု မပြုနိုင်ဘဲ ရဟန်းမပြုမီ ရှေးကထက်ပိုလွန်၍ တထောင်းထောင်းထ အုံကြွစေနိုင်ပါသည်။

(ဂ) မကောင်းမှု ဒုစရိုက်အကုသိုလ်ကို လုံးဝဥဿုံ မပြုမှသာ ကောင်းမြတ်ပါသည်၊ မကောင်းသဖြင့် ပြုလုပ်အပ်သော အမှုသည်နောင်တ တစ်ဖန်ပူပန်စေတတ်ပါသည်၊ ကုသိုလ်ကောင်းမှုပြုလုပ်မှသာ ကောင်းမြတ်ပါသည်၊ ယင်းကုသိုလ်ကောင်းမှုကို ပြုလုပ်ပြီးပါက နောင်တ တစ်ဖန်ပူပန်ကင်းကွာ ငြိမ်းချမ်းစွာ နေရပါသည်။

(ဃ) အစွန်းအနား အသွားနှစ်ဘက် ထက်မြက်သော သမန်းမြက်သည် အကိုင်မတတ်လျှင် လက်ကို ရှတတ် ရိတ်ဖြတ်တတ်သကဲ့သို့ ထို့အတူ ရဟန်းတရားသည်လည်း အကိုင်မတတ်၍ ကျိုးပြတ်ပျက်စီးနေပါလျှင် ငရဲသို့ပင်ဆွဲချတတ်ပါသည်။

(င) ပေါ့ဆဆ လျော့ရဲရဲ ပြုလုပ်အပ်သော လုပ်ငန်းဟူသမျှသည်လည်းကောင်း၊ ပစ္စည်းလာဘ်ကို မျှော်ကိုး၍ ကျင့်ခြင်းကြောင့် တဏှာလောဘကိလေသာတို့ဖြင့် ညစ်ပေနေသော အကျင့်သည်လည်းကောင်း သို့လောသို့လော တွေးတောဖွယ် မယုံကြည်ဖွယ် အချက်တို့ဖြင့် ပြည့်နှက်နေသော ရဟန်းအကျင့်သည်လည်းကောင်း အကျိုးမများလှပါ။

အလားတူ သုတ်များ

၃၇။ ဤသံယုတ်ပါဠိတော်၌သာမက အခြားပါဠိတော်များ၌လည်း ဤသို့သော အကြောင်းအရာများ ပါရှိသေး၏၊ အနည်းငယ်မျှဖော်ပြရသော် အင်္ဂုတ္တိုရ် ပါဠိတော်၊ ဆက္ကနိပါတ်(၂၇၂-၃) သာမကသုတ်၌ -

မြတ်စွာဘုရားသည် သက္ကတတိုင်းပြည်ဝယ် သာမ-ဟုခေါ်သော ရွာအနီးရှိ ပေါက္ခရဏိယာမည်သော ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူစဉ် နတ်သားတစ်ယောက်သည် ညဉ့်သန်းခေါင်အချိန်၌ မြတ်စွာဘုရားအထံတော်သို့လာရောက်၍ အရှင်ဘုရား ရဟန်းတော်များ အကျင့်သိက္ခာ ဆုတ်ယုတ်ကြောင်း တရားသုံးပါးရှိပါသည်။ ထိုသုံးပါးမှာ -

(က) ကမ္မာရာမတာ=ပရိယတ်ပဋိပတ် လုပ်ငန်းများကို ပစ်ပယ်၍ ထိုထိုအလုပ်ကိစ္စ၌သာ ပျော်ပိုက်နှစ်ခြိုက်ခြင်း၊
(ခ) ဘဿရာမတာ=တရားစကား ပြောကြားဆွေးနွေးခြင်း မဟုတ်ဘဲ ရပ်ရေး ရွာရေး လူမှုရေးကို စုဝေးထွေပြား စကားများခြင်းဖြင့်သာ ပျော်မွေ့ကာ အချိန်ကို ကုန်စေခြင်း၊
(ဂ) နိဒ္ဒါရာမတာ=ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်သဖြင့် အပန်းဖြေအိပ်ခြင်းမဟုတ်ဘဲ အချိန်ရှိသရွေ့ အိပ်လေ့ ငိုက်မျဉ်းလေ့ ရှိခြင်း၊

ဤတရားသုံးပါးဖြစ်ပါသည်ဟု လျှောက်ထား၏၊ ထိုနတ်သားစကားကို မြတ်စွာဘုရားသည် ကြည်ဖြူနှစ်သက်လက်ခံတော်မူ၏၊ ထိုနောက် နတ်သားသည် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးဦးခိုက်ပြီးကာ ထိုနေရာမှ ကွယ်ပျောက်သွား၏၊ နံနက်မိုးသောက် အလင်းရောက်လတ်သော် မြတ်စွာဘုရားသည် ညဉ့်သန်းခေါင်တုန်းက နတ်သားလျှောက်ထားသော စကားကို ရဟန်းတို့အား မိန့်ကြားတော်မူပြီးနောက် -

“ရဟန်းတို့ အသင်တို့မှာကုသိုလ်တရားများ လျော့ပါးဆုတ်ယုတ်နေသည်ကို နတ်များပင် သိနေကြပြီ၊ ထို့ကြောင့် သင်တို့မှာ ရဟန်းဘဝ ရဟန်းသီလတည်းဟူသော လာဘ်လာဘကို အရမတော် မသင့်မလျော် ဖြစ်ကုန်ကြပြီ၊ ဤတရားရတနာသာသနာတော်ကို ထိုက်ထိုက်တန်တန်ရသည် မမည်တော့ဘူး”ဟု မိန့်တော်မူပြီးလျှင် ဩဝါဒတရားကို ဆက်လက် ဟောကြားတော်မူသည်။

၃၈။ ယခု ဖော်ပြခဲ့သော သာမကသုတ်၌လည်း နတ်က လျှောက်ထားခြင်းသည် မြတ်စွာဘုရားအပေါ် ဆရာလုပ်လို၍ မဟုတ်ဘဲ ရဟန်းတို့ အကျိုးကိုလိုလား၍ လျှောက်ထားခြင်းဖြစ်၏၊ မြတ်စွာဘုရားကလည်း သာသနာတော်နှင့်လျော်၍ အရေးတယူ လက်ခံတော်မူကာ တစ်ဆင့်ဟောကြားတော်မူ၏၊

ကလေးငယ်ကပြောသော စကားပင်ဖြစ်စေကာမူ “အေး မင်းပြောတာ ဟုတ်သားဘဲ”ဟု လူကြီးက လက်ခံသကဲ့သို့ ထို့အတူမြတ်စွာဘုရားသည်လည်း မိမိကိုယ်တိုင်က သိပြီးသော အကြောင်းအရာများပင် ဖြစ်စေကာမူ မည်သူကလာပြောပြော လက်ခံသင့်က လေးစားစွာ လက်ခံနာယူတော်မူ၏၊ ချီးကျူးသင့်ကလည်း ချီးကျူးတော်မူ၏၊ ထို့ကြောင့် အရှင်သာရိပုတ္တရာထေရ် အရှင်ဝိသာခထေရ်စသည်တို့က ဟောကြားအပ်သော တရားကို ရဟန်းများသာမက မြတ်စွာဘုရားကိုယ်တော်တိုင်ပါ နာယူတော်မူပြီးလျှင် တရားပြီးဆုံးသောအခါ၌လည်း သာဓု သာဓု ကောင်းချီးပြုကာ ချီးကျူးထောမနာတော်မူပေသည်။ (ဒီဃနိကာယ်၊ ပါထိကဝဂ္ဂပါဠိတော်(၁၇၅)၊ သဂတိသုတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်၊ စတုက္ကနိပါတ်(၃၆၀) ဝိသာခသုတ်။

၃၉။ ထို့ပြင် မြတ်စွာဘုရားသည် ကိုယ်တော်တိုင်က (ဓမ္မသာမိ) တရားပိုင်ရှင်ဖြစ်ပြီးပါလျက် တရားနာယူလိုသေးသောကြောင့် ရဟန်းတစ်ပါးပါးကို တရားဟောဖို့ တိုက်တွန်းတော်မူတတ်သေး၏၊ တစ်ချိန်က ယင်းသို့ တိုက်တွန်းမူကြောင့် ရဟန်းသိက္ခာ တစ်ဝါမျှသာရသေးသော သောဏမည်သော ရဟန်းတစ်ပါးသည် မိမိသင်ယူထားပြီးသော ကာမသုတ်၊ ဂုဟဋ္ဌကသုတ်အစရှိသော သုတ်ပေါင်း ၁၆-သုတ်ကို တစ်ဆက်တည်းဟောကြားလေရာ တရားဟော၍အပြီးတွင် မြတ်စွာဘုရားက သာဓုခေါ်ရုံသာမက သိလွယ်မြင်လွယ်အောင် ရှင်းလင်းပြတ်သားစွာ ဟောကြားနိုင်ပါပေသည်ဟု ချီးကျူးတော်မူပေသည်။ (ဝိနည်း မဟာဝါပါဠိတော်-၂၈၆)

၄၀။ သို့လျှင် တရားဟောမှု တရားနာမှု၌ အလွန့်အလွန် အလေးဂရုပြုတော်မူသော မြတ်စွာဘုရားသည် ဝဋ်ဒုက္ခမှ ထွက်မြောက်ကြောင်း တရားမှန်ပါက နတ်က ဟောဟော တပည့်ရဟန်းတစ်ပါးပါးက ဟောဟော လက်ခံနာယူသည်သာ ဖြစ်သောကြောင့် ဒေဝတာသံယုတ်၊ ဒေဝပုတ္တသံယုတ်ပါဠိတော်တို့ကို နတ်ကဟောသည် ဘုရားကို ဆရာလုပ်ရာရောက်သည်၊ ထို့ကြောင့် နတ်ကို မယုံကြည်မူကို အကြောင်းပြုလျက် ယုတ်မာသော အလိုဆိုးဖြင့် ပါဠိတော်များကို ရှုတ်ချ ဝေဖန်သူတို့၏ ပြောဆိုရေးသားထားသမျှ အားလုံးသည်အကုသိုလ် တိုးပွားစေသည့် အဓမ္မဝါဒစကားသာ ဖြစ်ကြောင်း ဝိနည်းဓိုရ်ဆရာတော်များ သုံးသပ်တော်မူကြသည်။

(စ) (ဆ) မယ်တော်နတ်သား စသော စကားရပ်ကို ဝေဖန်သုံးသပ်ချက်

၄၁။ တာဝတိံသာနတ်ပြည်၌ ဝါတွင်းသုံးလပတ်လုံး တရားဟောတော်မူသော မြတ်စွားဘုရားအား မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားသည် တကြိမ်တစ်ခါမျှ ဆွမ်းမကပ်၊ တောင်ကျွန်း, မြောက်ကျွန်း, အနောက်ကျွန်းသို့ မြတ်စွာဘုရား ဆွမ်းခံကြွ၍ ဘုဉ်းပေးရသည်ကို မယ်တော် နတ်သားသည် ကြည့်နေနိုင်ဘိ၏ဟု ရေးသားထားကြ၏၊

ဤစကားများကား မိမိတို့၏ ရုပ်ဝါဒအမြင်ဖြင့်တာဝတိသာနတ်ပြည်ရှိသည်ကိုလည်းကောင်း၊ နတ်ပြည်သို့ မြတ်စွာဘုရားကြွ၍ အဘိဓမ္မာတရားဟောတော်မူသည်ကိုလည်းကောင်း မယုံကြည်ခြင်းကြောင့် ကပျက်ကချော် သရော်သော စကားများသာ ဖြစ်၍ ဝေဖန်သုံးသပ်ဖွယ် မလိုတော့ပေ။

(ဇ) ဘုရားရှင် အံ့ဖွယ်စသော စကားရပ်ကို စိစစ်ချက်

၄၂။ “ဇာတ်တော်များ၌ ဂေါတမဘုရားအလောင်း၏ ကြီးကျယ်သော အံ့ဖွယ်များ ပါရှိနေပါလျက် ကျန်သေးသည်ဆိုသော အရိမေတ္တေယျဘုရားအလောင်း၏ ထိုအံ့ဩဖွယ်များမှာမူ ကမ္ဘာပေါ်၌ယနေ့အထိ မတွေ့ရှိရခြင်းမှာ အရိမေတ္တေယျ ဟူ၍ မကျန်၍လော ဇာတ်တော်များကပင် ဒဏ္ဍာရီပုံပြင်ဖြစ်နေ၍လော ဝေဖန်သင့်သည်”ဟု ရွှေအဘိဓမ္မာကြေညာချက်၌ ရေးသားထား၏၊ ဂေါတမဘုရားအလောင်း၏ ကြီးကျယ်သော အံ့ဩဖွယ်များဟု ဆိုရာ၌ ဘယ်လိုအံ့ဩဖွယ်များ ဖြစ်သည်ကိုကား မဖော်ပြခဲ့၊ အမှန်တကယ်အားဖြင့် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဇာတ်တော်များ၌ ပါရှိသော အကြောင်းအရာများမှာ -

(က) မာတုဂါမတစ်ယောက်ကို အကြောင်းပြု၍ သာသနာတော်ဝယ် မပျော်ပိုက်သော ရဟန်း၌ ရှေးဘဝတုန်းက ထိုမာတုဂါမကြောင့် မည်မျှလောက် ဒုက္ခရောက်ခဲ့ပုံ၊ ရှေးဇာတ်ကြောင်းကို ပြန်ပြောင်းဟောကြား၍ ထိုရဟန်းမှာ တရားထူးရကာ သာသနာတော်၌ ပျော်ပိုက်လာပုံ၊
(ခ) မိဘကို ပြုစုလုပ်ကျွေးသော ရဟန်းအား ချီးမွမ်းစကား ပြောကြားတော်မူကာ ရှေးပညာရှိ သူတော်ကောင်းများလည်း ရှေးရှေးဘဝက မည်မျှအနွံအတာခံ၍ မိဘကို ပြုစုခဲ့ပုံ။
(ဂ) ပညာရှိ သူတော်ကောင်းနှင့် မိဘတို့ကို ပြစ်မှားမိသောကြောင့် နောက်ဘဝအဆက်ဆက်၌ ဒုက္ခရောက်ရပုံ၊
(ဃ) လူမိုက်စကားကို နားထောင်မိ၍ နောက်လိုက်ငယ်သားများ သေကြေပျက်စီးရပုံနှင့် ပညာရှိစကား နားထောင်ခြင်းကြောင့် သေဘေးမှ လွတ်မြောက်ရပုံ၊
(င) ဘုရားအလောင်း သူတော်ကောင်းတို့ ဒါနပါရမီ ဖြည့်ကျင့်ရာ၌ ရွှေငွေစသည်တို့ကိုသာမက မိမိ၏ မျက်စိနှင့်သွေးသားတို့ကိုပါ လှူဒါန်းခဲ့ပုံ၊
(စ) သီလပါရမီဖြည့်ကျင့်ရာ၌လည်း မိမိကို တံကျင်လျှို၍ ညှင်းဆဲနှိပ်စက်သူများကိုပင် လုံးဝ တုံ့ပြန်ခြင်း မပြုရုံမက အမျက်မထွက်အောင်ပင် စိတ်ချုပ်တည်း၍ အသက်ကိုပင် မငဲ့ကွက်ဘဲ သီလမပျက်အောင် စောင့်ထိန်းခဲ့ပုံ၊
(ဆ) ရရှိပြီးနှင့် ရရှိတော့မည် ထီးနန်းစည်းစိမ်ကဲ့သို့သော ကြီးကျယ်သောစည်းစိမ်ကိုပင် အနည်းငယ်မျှ မတွယ်တာဘဲ တံတွေးပေါက်ပမာစွန့်ခွာ၍ ရသေ့ရဟန်းပြုခဲ့ပုံ၊ နေက္ခမ္မပါရမီ ဖြည့်ခဲ့ပုံ၊
(ဇ) ပညာပါရမီ ဖြည့်ကျင့်ရာ၌လည်း ဒုက္ခရောက်တော့မည့်ဆဲဆဲ ဖြစ်နေသော သတ္တဝါတို့ကို မိမိပညာစွမ်းဖြင့် ကယ်တင်ခဲ့ပုံ၊
(စျ) ကမ်းမမြင် လမ်းမထင် သမုဒ္ဒရာကြီးကို ဇွဲလုံ့လမလျော့ချဘဲ လက်ပစ်ကူးခဲ့ခြင်း စသည်ဖြင့် ဝီရိယပါရမီ ဖြည့်ကျင့်ခဲ့ပုံ၊
(ည) အသတ်ခံရမည့် အရေးကိုပင် အလေးမပြု ဂရုမစိုက်ဘဲ ဝန်ခံချက်ကတိပဋိညာဉ်အတိုင်း ဆောင်ရွက်ခြင်းဖြင့် သတ္တဝါအများကို သေဘေးမှ လွတ်မြောက်စေခဲ့ပုံ၊
(ဋ) မေတ္တာပါရမီကို ဖြည့်ကျင့်ရာ၌ သမင် ဒရယ် အစရှိသော တိရစ္ဆာန်အားလုံးပင် ကြောက်လန့်ခြင်းမရှိ သံသယကင်းရှင်း ရဲတင်းစွာဖြင့် ဆွေမျိုးသားချင်း မိတ်ဆွေရင်းပမာ ချစ်ခင်မှု အပြည့်အဝဖြင့် သွားလာဝင်ထွက် ဆက်ဆံနိုင်သည်အထိ မေတ္တာထားခဲ့ပုံ -

ဤသို့ စသည်ဖြင့် ဇာတ်တော်များ၌ ကြည်ညိုဖွယ် အတုယူဖွယ် အံ့ဩဖွယ်အကြောင်းအရာ များစွာ ပါရှိ၏၊ ထိုအကြောင်းအရာများကို ဖတ်ရှုကြားနာရခြင်းဖြင့် စိတ်နေစိတ်ထား မြင့်မား တိုးတက်လာနိုင်၏၊ ထို့ကြောင့် ဤမျှလောက် အဆင့်အတန်းမြင့်သော ဇာတ်တော်များကို ဒဏ္ဍာရီပုံပြင်စာရင်း၌ထည့်သွင်းကာ အဆင့်အတန်း နိမ့်ကျအောင် အယုံအကြည်ကင်းမဲ့အောင် ရေးသားပြောဆိုခြင်းသည် ပြောဆိုသူ၏ ယုတ်နိမ့်သော စေတနာကိုသာ ပေါ်လွင်စေပေသည်။

၄၃။ ထို့ပြင် ရွှေအဘိဓမ္မာ၌ “အရိမေတ္တေယျဘုရား အလောင်း၏ ကြီးကျယ်သော အံ့ဩဖွယ်များကို ကမ္ဘာပေါ်မှာ ယနေ့အထိ မတွေ့ရှိရသောကြောင့် အရိမေတ္တေယျဘုရားအလောင်းဟူ၍ တကယ်မရှိနိုင်”ဟုဆိုလို၏၊ စုဒိတကပုဂ္ဂိုလ်တစ်ဦးဖြစ်သော ရွှေအဘိဓမ္မာအမည်ခံသူကဲ့သို့ ပါဠိတော်များအပေါ် အယုံအကြည် ကင်းမဲ့သော ရုပ်ဝါဒီများကား မည်သည့် ပါဠိတော် သာဓကဖြင့် ပြောပြော လက်ခံမည်မဟုတ်ကြ၊ သို့သော် ရတနာသုံးပါး၌ သက်ဝင်ယုံကြည်နေကြသော ဗုဒ္ဓဘာသာဝင် သူတော်စင်များအား အရိမေတ္တေယျဘုရား အလောင်းတော်နှင့် ပတ်သက်၍ သို့လော သို့လော ယုံမှားတွေးတောမှု မရှိရအောင် အလွန်ခိုင်မာသော ပါဋိတော်ကြီးဖြင့် သက်သေထူပြအံ့။

၄၄။ ဒီဃနိကာယ် ပါထိကဝဂ်ပါဋိတော် စက္ကဝတ္တိသုတ် ၆၃-၌ -
နောင်အခါ အနှစ်ရှစ်သောင်း အသက်ရှည်သော လူတို့ လက်ထက်၌ မေတ္တေယျမည်သော ဘုရားရှင်ပွင့်ထွန်းတော်မူလိမ့်မည်၊ ယခုအခါငါဘုရားသည် ရာပေါင်းများစွာသော ရဟန်းပရိသတ် အခြံအရရရှိသကဲ့သို့ ထိုမေတ္တေယျဘုရားမှာ သိန်းပေါင်းများစွာသော ရဟန်းပရိသတ်ခြံရံလိမ်မည့်၊ ထိုအခါ သင်္ခမည်သောဘုရင်မင်းသည် ရဟန်းပုဏ္ဏားနှင့် ဆင်းရဲသူ ဆင်းရဲသားများအား အလှူဒါနပြုပြီးလျှင် မေတ္တေယျဘုရားရှင်၏အထံတော်၌ ရဟန်းပြုကာ ရဟန္တာအဖြစ်သို့ ရောက်လိမ့်မည်ဟု မြတ်စွာဘုရား ဗျာဒိတ်စကား မိန့်ကြားတော်မူပေသည်။

(စျ) (ည) (ဋ) ညောင်ပင်သန္ဓေ စသော စကားရပ်ကို စီစစ်ချက်

၄၅။(စျ) “ညောင်တစ်ပင်မှာ အမည်မသိသူတစ်ဦးက ပေးလိုက်၍ ဘုရားအလောင်း မယ်တော်မှာ သိဒ္ဓတ္ထ သန္ဓေရသည်” ဟူ၍ ရေးသားထားသော ရွှေအဘိဓမ္မာ ကြေညာချက်မှာ ဗုဒ္ဓဝင်ကျမ်းများ၌ လုံးဝမပါဘဲလျက် စည်းမစောင့်ဘဲ စော်စော်ကားကား ရေးချင်ရာ ရေးထားသော အမနာပ စကားသာဖြစ်သည်။

(ည) ကြေညာချက်မှာလည်း (စျ)ကဲ့သို့ပင် ဗုဒ္ဓဝင်ကို အမနာပ ရေးသားခြင်းဖြင့် ဘုရားအလောင်းတော်နှင့် မယ်တော် ခမည်းတော်များ၏ ဂုဏ်သိက္ခာကိုသေးသိမ် မှေးမိန်စေရန် အားထုတ်ချက် ဖြစ်သောကြောင့် ပညာရှိသူတော်ကောင်းတို့ စက်ဆုပ်စရာ နားမချမ်းသာစရာ ဆဲရေးတိုင်းထွာခြင်းများသာတည်း၊ ထို့ကြောင့် (စျ) (ည) အပိုဒ်တို့ကိုအကျယ်တဝင့် စိစစ်ဖို့ မလိုတော့ပေ။

၄၆။ “(ဋ) ဘုရားအလောင်းတော် ဖွားမြင်သောနေ့၌ နဂိုက မျက်စိမမြင်သောသူများ မြင်ကြသည်၊ နားမကြားသူများလည်း ကြားကြသည်၊ မသွားနိုင်မလာနိုင် ဆွံ့နေသူ မသန်စွမ်းသူများလည်း သန်သန်စွမ်းစွမ်း သွားနိုင် လာနိုင်ကြသည်”ဟု သုတ်မဟာဝါအဋ္ဌကထာ(၃၂) မဟာပဒါနသုတ် ၌ဖော်ပြထား၏၊ ထိုအကြောင်းအရာများမှာ ရွှေအဘိဓမ္မာ ကြေညာချက်၌ ရေးထား၏၊

၄၇။ ယင်းသို့သော အဖြစ်ဆန်းတို့ကို ကမ္ဘာသမိုင်းတို့၌ မပါ၍ မယုံနိုင်ဟုဆိုခြင်းမှာ စကားကပ်ကိုး၍ သဘောတစ်မျိုးဖြင့် ဆိုခြင်းသာ ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ကမ္ဘာသမိုင်းဟူသည်မှာ မြတ်စွာဘုရား လက်ထက်တော်အထိ ရှေးကျနေပြီဖြစ်သော လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်ကို မဆိုထားဘိ ဗုဒ္ဓမြတ်စွာနောက် နှစ် ၂၀၀-ကျော်ခန့် နောက်ကျသည့် အသောကခေတ်၏ အဖြစ်သနစ် အထူးအဆန်းတို့ကိုပင် မှတ်တမ်းမတင်နိုင်ကြသေးပေ၊ အမှန်အားဖြင့် ခရစ်နှစ်(အေဒီ) အစပြုပြီးနောက်ပိုင်းမှသာ သမိုင်းမှတ်တမ်းများ အသင့်အတင့် ပြည့်ပြည့်စုံစုံ ရှိလာခဲ့ခြင်း ဖြစ်သဖြင့် သမိုင်းမှတ်တမ်းတို့တွင်မပါ၍ မယုံဟုဆိုရလျှင် မည်သည့်ဘာသာဝါဒကိုမျှ လက်ခံစရာမရှိတော့ပေ၊ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဟု ဆိုပါလျက် ဘုရားဟောထက် ကမ္ဘာသမိုင်းဆရာတို့၏ မှတ်တမ်းကိုသာ တစ်ဖက်သတ် ယုံကြည်အားထားနေကြသော မျက်စိတစ်ဖက်မြင် ပုဂ္ဂိုလ်များသည် နောင်သံသရာရေးအတွက် အလွန်သနားစရာကောင်းသော ပုဂ္ဂိုလ်များဖြစ်သည်ဟု ဝေဖန်တော်မူကြသည်။

သိပ္ပံပညာဖြင့် လိုက်၍ မမီနိုင်သော ဗုဒ္ဓဒေသနာတော်

၄၈။ မြတ်စွာဘုရားတရားတော်နှင့် သိပ္ပံပညာတို့၏ ဦးတည်ချက်မှာ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်၍ အလွန်ပင်ကွာခြားလှ၏၊ သိပ္ပံပညာသည် ရုပ်ဝတ္ထုဒြဗ်ဆိုင်ရာ ကြီးပွားတိုးတက်ရေးနှင့် ဖျက်ဆီးရေးသို့ ဦးတည်နေ၏၊ အသစ်အဆန်းဖြစ်သော လောကီအာရုံ ကာမဂုဏ် အသုံးအဆောင်တို့ကို ဆန်းသည်ထက် ဆန်းကြယ်အောင် တီထွင်နေခြင်းအားဖြင့် လောဘစသော ကိလေသာစိတ်ဓာတ်တိုးပွားရေး သံသရာဝဋ်ဒုက္ခ ကျယ်ပြန့်ရေးသို့ဦးတည်နေ၏၊ မြတ်စွာဘုရား၏ တရားတော်သည်ကား ထိုကာမဂုဏ်အာရုံတို့ကို အကြောင်းပြု၍ ထိုလောဘ စသည်မဖြစ်အောင် ချုပ်တည်းရေးနှင့် လောဘစသည် ကုန်ခန်း၍ ဝဋ်ဒုက္ခမှလွတ်မြောက်ရေး အတွက်သာ ဦးတည်လျက်ရှိပေသည်။

၄၉။ မြတ်စွာဘုရားသည် ယင်းသို့ ဦးတည်လျက်ပင် -

(က) အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလတို့၌ ဖြစ်ပြီး၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံသော သံသရာဝဋ်ဒုက္ခဟုခေါ်သော လူ့ဘဝ၊ နတ်ဗြဟ္မာဘဝ၊ တိရစ္ဆာန်ဘဝ၊ ပြိတ္တာဘဝတို့ကိုလည်း သုခမဟုတ် ဒုက္ခအမှန် (ဒုက္ခသစ္စာ) ဟူ၍ ဟောတော်မူ၏၊
(ခ) ထိုသံသရာဝဋ်ဒုက္ခအမျိုးမျိုးကို သုခထင်ကာခင်မင်တွယ်တာနေသော တဏှာလောဘကို ဒုက္ခဖြစ်ကြောင်းအမှန် (သမုဒယသစ္စာ) ဟူ၍လည်း ဟောကြားတော်မူ၏၊
(ဂ) ထိုဒုက္ခ၏ချုပ်ငြိမ်းရာ အငြိမ်းဓာတ်နိဗ္ဗာန်သည် ဧကန်ရှိ၏ဟုသိမြင်တော်မူသည့်အတိုင်း အငြိမ်းဓာတ်နိဗ္ဗာန် (နိရောဓသစ္စာ) ကိုလည်းဟောကြားတော်မူ၏၊
(ဃ) ထိုနိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကောင်းအကျင့်မှန် ဝိပဿနာတရား မဂ္ဂင်တရားတည်းဟူသော မဂ္ဂသစ္စာကိုလည်း ဟောကြားတော်မူ၏၊

ယင်းသို့ ဟောကြားတော်မူအပ်သော သစ္စာလေးပါးတရားကိုကား အဘယ်သိပ္ပံပညာမျှ လိုက်၍မမီနိုင်၊ အဘယ်သိပ္ပံပညာနှင့်မျှ စမ်းသပ်သိပ္ပံ၍မဖြစ်နိုင်၊ ထိုသစ္စာလေးပါးကို သိမြင်သော သန္ဒိဋ္ဌိက၊ အကာလိကဟုခေါ်သော အသိဉာဏ်ပညာဖြင့်သာ စမ်းသပ်နိုင်၏၊ မြတ်စွာဘုရားကိုယ်တော်တိုင် သိမြင်၍ ဒုက္ခသစ္စာစာရင်း၌ ထည့်သွင်းဟောကြားအပ်သော နတ်ဘဝ ဗြဟ္မာဘဝ၊ ပြိတ္တာဘဝ သေပြီးနောက် ဖြစ်ရမည့် တမလွန်ဘဝ အမျိုးမျိုးကိုလည်း ရိုးရိုးမျက်စိဖြင့်သာမက နက္ခတ်ကြည့်မှန်ပြောင်းဖြင့်လည်း ကြည့်၍မမြင်နိုင်၊ သိပ္ပံပညာဖြင့်လည်း စမ်းသပ်၍ မရနိုင်၊ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်သာ မြင်နိုင်၊ စမ်းသပ်နိုင်ပေသည်၊ ထိုကဲ့သို့ရိုးရိုးမျက်စိဖြင့်လည်း မမြင်နိုင်၊ သိပ္ပံပညာဖြင့်လည်းစမ်းသပ်၍ မရနိုင်သောဗုဒ္ဓဒေသနာတော်လာ အကြောင်းအရာများက မိမိတို့ဉာဏ်မမီတိုင်း ယုတ္တိမရှိဟူ၍ လည်းကောင်း နောက်မှ ထည့်သော ပါဠိဟူ၍ လည်းကောင်း ထုတ်ပယ်ရန် ကြိုးစားခြင်းသည် မတရားမှုကို ကျုးလွန်ခြင်းပင် ဖြစ်ပေသည်။

နိုင်ငံခြား ဘာသာခြားတို့၏ လက်ချက်

၅၀။ ဗုဒ္ဓဝင်ကို ဗုဒ္ဓရှင်တော်မြတ်ကိုယ်တိုင် မဟောဟု ဆိုကာ ဗုဒ္ဓကြောင်းရာ အတ္ထုပ္ပတ်တို့ကို အမျိုးမျိုး ပျက်ရယ်ပြုကြသော သမ္မာဒိဋ္ဌိအဖွဲ့ဝင်တို့၏ အရေးအသား အပြောအဆိုများမှာ ဗုဒ္ဓဝါဒီ မဟုတ်သော အနောက်နိုင်ငံ သမိုင်း သုတေသီတို့၏ အယူအဆ အရေးအသားများမှ မြစ်ဖျားခံသည်ကို တွေ့ရသည်၊ စင်စစ် သမ္မာဒိဋ္ဌိသုတေသန အသင်းဝင်တို့သည် မိမိတို့ဉာဏ်ဖြင့် ပြောတတ်၍ပြောကြခြင်း မဟုတ်ပေ၊ သီးခြား ဝိနည်းဓိုရ်ဆရာတော်တို့၏ ရပ်တည်ချက်အရ ထေရဝါဒ ပိဋကပါဠိအဋ္ဌကထာ ဘောင်မဝင်သော အချက်တို့ကို ဖြေရှင်းဆုံးဖြတ်ရန် တာဝန်မရှိသော်လည်း အချို့သော ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူများသံသယဝင်ကာ အထင်လွဲမှားနိုင်သည့် အချက်များကို စုဒိတကပုဂ္ဂိုလ်များကတင်ပြလာသဖြင့် နိုင်ငံခြား စာပေများမှ ထုတ်နုတ်သုံးသပ်၍ ပြဦးအံ့။

၅၁။ ဗုဒ္ဓသည် အချို့သောသုတ်တို့၌ သူသည်သမဏတစ်ဦးသာဖြစ်ကြောင်း တစ်နည်းအားဖြင့် ဆရာတစ်ဆူသာ ဖြစ်ကြောင်းကိုပြဆို၍ ရှေးဘဝ အကြောင်းအရာများကိုလည်းကောင်း၊ ရှေးဘုရားများ အကြောင်းကိုလည်းကောင်း မဖော်ပြခဲ့ပေ၊ ထို့ကြောင့် ဗုဒ္ဓဝါဒ အဦးအစပိုင်း၌ ဘုရားအဆူဆူဟူသော သီအိုရီ (အတွေးအယူ) မရှိကြောင်း၊ နောက်မှ ဗုဒ္ဓ(၇)ဆူ ဟူသော ဝါဒပေါ်လာကြောင်း ယင်း ဗုဒ္ဓ ၆-ဆူ၊ ၇-ဆူ ဟူသော ဝါဒသည်ပင် အလွန် ရှေးကျလှသည် မဟုတ်ကြောင်း၊ ဟိနယာန မဟာယန ဗုဒ္ဓဝါဒီဂိုဏ်းပေါင်းစုံ၌ အမည်နာမချင်း တူသော်လည်း အခြားအရာနှင့် အတ္ထုပ္ပတ္တိ မတူညီကြောင်း၊ ဗုဒ္ဓဝင်ပါဠိတော် အဋ္ဌကထာ၌ကား ဗုဒ္ဓ ၂၇-ဆူ ဖြစ်လာကြောင်း၊ ဤတွင် အခြားဂိုဏ်းများက ဒီပင်္ဂရ ဘုရားတစ်ဆူတွင်သာ အဆိုတူ၍ အခြား ဘုရားများတွင် အရေအတွက်နှင့် အမည်နာမ ကွဲပြားစွာ ရှိသည်ဟု အီးဂျေသောမတ် ဆိုသူက သူ၏ “ဗုဒ္ဓဝါဒ အတွေးအခေါ် သမိုင်း” နှာ ၁၄၇-တွင် ဆိုသည်။

၅၂။ အလားတူပင် ဒီဃနိကာယ်၊ မဟာဝဂ္ဂ မဟာအဒါနသုတ်ကို အင်္ဂလိပ်ဘာသာပြန်ဆိုသော စီအေအက်ရိုက်စ်ဒေးဗစ် ဆိုသူက ယင်းသုတ်၏နိဒါန်းတွင် ဤသို့ ဆို၏ -

“ဗုဒ္ဓသည် အခြားရဟန္တာ သာဝကတို့ထက် ထူးထူးခြားခြား သဗ္ဗညုတဉာဏ် အထူးထူးသော တန်ခိုးပြာဋိဟာတို့နှင့် ပြည့်စုံသူဖြစ်သည်” ဟူသော BuddhaDoctrine ဘုရား အမြတ်ဆုံးဝါဒ ပေါ်လာသည်နှင့် တစ်ပြိုင်နက် အရိယမဂ္ဂင်ဟူသော မဂ္ဂသစ္စာ အပယ်ခံရလေတော့သည်၊ ဗုဒ္ဓကို အမွှန်းတင်လွန်းရာမှ ဘုရားအဆူဆူဟူသော ဝါဒဝင်လာရာ “ကိုယ့်ဟာကိုယ်အားထုတ်၊ ကိုယ့်ဟာကိုယ်ချုပ်တည်း” ဟူသော ရှေးအစဉ်အလာကို မေ့ပျောက်ပစ်လိုက်ကြတော့၏၊ အမှန်သစ္စာထက် ဘုရားအမြတ်ဆုံးဝါဒ တည်းဟူသော ပေါင်းမြက်ကထူ၍လာတော့သည်၊ ဘာသာဝါဒအသစ်ထူထောင်ဖို့ တူညီသော အခြေခံအချက်များအရ (ဗောဓိသတ္တ) အလောင်းလျာများသည် နှစ်ကာလ ကမ္ဘာခြားပြီးမှ ပေါ်လာကြသည်ဟု အိန္ဒိယသားများ ခံယူထားကြ၏၊ ဤခံယူချက်တွင်လည်း ဗုဒ္ဓဝါဒက ရှေ့တန်းမှ ပြေးနေသည်။

၅၃။ ရှေးဟောင်း ဗုဒ္ဓစာပေများတွင် ဗုဒ္ဓဝါဒနှင့် ဗုဒ္ဓအဆူဆူဝါဒ ရောနှောဖက်စပ်ကာ ပါဝင်လာ၏၊ ဥပမာ-

(က) သုတ္တနိပါတ် ပဗ္ဗဇ္ဇသုတ်၌ဘုရားမဖြစ်မီ အလောင်းတော်ဘဝ၌ ရှိသေးသော ဂေါတမကို “အဂမာ ရာဇဝတံ ဗုဒ္ဓေါမာဂဓနံ ဂိရိဗ္ဗဇံ” [ဗုဒ္ဓသည် မဂဓတိုင်းသားတို့၏ နွားခြံပမာ တောင် ၅ လုံးကာရံထားသော ရာဇဂြိုဟ်သို့ ဆွမ်းခံကြွလာသည်ဟု] ဗုဒ္ဓဟူသော စကားလုံးကို သုံးကာ ဆိုထားသည်။

(ခ) “ဗုဒ္ဓံ ဝေရတယာတီတံ မယံ ပုစ္ဆာမ ဂေါတမံ” [လောဘ ဒေါသ စသည် ဘေးရန်ကို လွန်ပြီးသော ဂေါတမနွယ်ဖွား ဗုဒ္ဓကိုပြဿနာ မေးလျှောက်အံ့] ဟူ၍ သုတ္တနိပါတ် တေမဝတသုတ်၌ ဗုဒ္ဓကို ရည်ညွှန်းသော စကားလုံးကို ဣတိဝုတ် ပထမရာဂသုတ်၌ “ဃဝေရဘယာတီတံ အာဟု သဗ္ဗပဟာယီနံ” [လောဘ ဒေါသ ဘေးရန်တို့ကို လွန်ပြီးသော၊ အလုံးစုံသော အကုသိုလ်ကို ပယ်ပြီးသော ရဟန်းကို “ဗုဒ္ဓ”ဟု ဆိုကြသည်]ဟု သာမန် ရဟန္တာများအတွက် သုံးနှုန်းထားသည်ကို တွေ့ရသည်၊ ထို့ကြောင့် ဗုဒ္ဓနှင့် သာဝကရဟန္တာ များစွာမကွာခြားလှ [ဗောဓိသတ္တကို လည်းကောင်း၊ သာမန်ရဟန္တာကိုလည်းကောင်း၊ ဂေါတမကို လည်းကောင်း ဗုဒ္ဓသဒ္ဒါဟောသည်ဟု ဆိုလိုသည်]။

(ဂ) ဗောဓိပင် အနီးတဝိုက်တွင် နေစဉ်နှင့် ဓမ္မစကြာ ဟောတော်မူစဉ် ဗုဒ္ဓကိုရည်ညွှန်း၍ သမ္မာသမ္ဗုဒ္ဓ-ဟူသော စကားလုံး သုံးသည်ကို တွေ့ရပြီး၊ ယင်းနှင့်တွဲဖက်သော အရဟန္တာ-ဟူသော ပုဒ်မှာ အခြား တပည့်ရဟန္တာများနှင့် ဆက်ဆံလျက်ရှိသည်ကို မြင်ရသောကြောင့် လည်းကောင်း။

(ဃ) မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသ တေဝိဇ္ဇဝစ္ဆဂေါတ္တသုတ်၌ ငါ့ကို “တေဝိဇ္ဇ” ဟုဆိုလျှင် အမှန်ဆိုရာရောက်ကြောင်း၊ ဗုဒ္ဓကိုယ်တော်တိုင် မိန့်ဆိုသော စကားအရ တေဝိဇ္ဇ (ဝိဇ္ဇာ ၃-ပါးရသူ) အဖြစ်ဖြင့် အခြား သာဝကရဟန္တာတို့နှင့် ဗုဒ္ဓများစွာ မကွားခြားလှသည်ကို တွေ့မြင်ရသောကြောင့် လည်းကောင်း၊ ဗုဒ္ဓကို လူသားမဟုတ်သော လူသားတို့၏ သဘာဝထက်ပိုလွန်သော ဂုဏ်ပုဒ်တို့ဖြင့် အလွန်အကျွံဆိုကာ ဗုဒ္ဓဝါဒကို နှောင်းလူတို့ ထွင်လာကြသည်။

၅၄။ ယင်းသို့ ထွင်လာခဲ့သော ဗုဒ္ဓဂုဏ်ပုဒ်များကို လေးနက်စေရန် ဗုဒ္ဓဖြစ်ကြောင်း ပါရမီတို့ကို ဖန်တီးကြပြန်ကာ ဗုဒ္ဓအစဉ်အလာကိုပြရန် ဘုရား ၆-ဆူ ဝါဒကိုတီထွင်ပြန်ကာ မဟာပဒါနသုတ်ကို ရေးစီ၍ ပိဋကထဲ ထည့်သွင်းကြသည်ဟု ဆိုလေသည်။ ဤကား ရိုက်စ်ဒေးဗစ်၏ အဆိုတည်း။

ဤမျှမက အီးဂျေသောမတ်စ်၏ ဓမ္မသမိုင်း နှာ-၁၃၃-၌ ဤသို့ဆိုထားသေး၏၊

“Here” everything that we learn in the scriptures about his personal history is coloured by dogmatic views comcerning the nature And destiny of a Buddha and of those acts which were essential steps in his career.”

မြန်မာပြန်

သူ၏ ကိုယ်ရေးရာဇဝင်နှင့် စပ်၍ ပိဋကစာပေများ၌ ကျွန်ုပ်တို့တွေ့ရသော အချက်အလက်တိုင်းသည် ဗုဒ္ဓနှင့် ဗုဒ္ဓ၏ဘုရားအဖြစ်ရောက်အောင် အားထုတ်ရာတွင် အရေးကြီးသော (ခြေလှမ်းများ)ဟု ဆိုအပ်သော အပြုအမူများ၏သဘာဝနှင့် ပန်းတိုင်ကို အကြောင်းပြု၍ ဓမ္မစွဲအနေဖြင့် ချယ်မှုန်းထားအပ်သောအချက်များသာ ဖြစ်သည်။

၅၅။ တစ်ဖန် ချားလ်စ် အီလီယော့ဆိုသူက သူ၏ “ဟိန္ဒူဝါဒနှင့် ဗုဒ္ဓဝါဒ” ဟူသောစာအုပ် အတွဲ-၁၊နှာ-၃၄၂-၌ ဓမ္မ၏ အဆက်မပြတ် တည်ရှိနေပုံနှင့် ယင်းဓမ္မကို ဟောပြောဆုံးမပုံများ ခေတ်အမျိုးမျိုး၌ တူညီပုံကို အလေးအနက်ပြုစေရန် မဟာပဒါနသုတ်ဖြင့် ဘုရား ၇-ဆူအကြောင်းကို ဖော်ထုတ်ကြသည် ဟူ၍လည်းကောင်း၊ တဖန် နှာ-၃၄၃ ၌ “ဘုရား ၇-ဆူအပြင် အခြားဗုဒ္ဓများရှိကြောင်း သုတ္တန် ပါတ္တန်ဠိတော်များ၌ ဖော်ပြခြင်း မရှိကြောင်း၊ ဗုဒ္ဓဝံသခေါ် နောက်ရေးကျမ်း၌ကား ဘုရား၂၅-ဆူ ဖော်ထုတ်ကြပြန်ကြောင်း၊ ဂျိန်း(တိတ္ထင်္ကရ)ဘုရားများ ၂၄-ဆူရှိခြင်း ဗိသျှနု၏ အဝတာရ ဝင်စားဘုရားများလည်း အချို့အမှတ်အသားအရ ၂၄-ပါးပင်ရှိခြင်းတို့သည် တစ်ကမ္ဘာနှင့် တစ်ကမ္ဘာ၌ ရှိနိုင်သော သူတော်မြတ်တို့ကို ခန့်မှန်းတွက်ချက်ခြင်းအပေါ် တည်သော အရေအတွက်များ ဖြစ်ဖွယ်ရှိကြောင်း ၂၅-ဆူသော ဗုဒ္ဓဝင်တို့၏ အရပ်အမြင့်နှင့်ပွင့်ရာနှစ် အပိုင်းအခြားများသည် ပိုလွန်သော ပမာဏများ ဖြစ်ကြောင်း ဆိုထားလေသည်။

၅၆။ ယင်းစာအုပ် နှာ-၃၄၃ ၌ သည်မျှမက ဆိုထားပုံက -

“The biographies of these Buddhas are bridf and monotonous. They also record how each met gotama in one of his previous births and prophasied his future glory. The object of these biographies is less to give imformation about previous Buddhas than to trace the career of gotama as a Bodhisattra.”

“ဤဘုရားရှင်တို့၏ အတ္ထုပ္ပတ္တိများသည် တိုကျဉ်း၍ တပုံစံတည်းရှိကြသည်၊ အသီးသီးသော ဘုရားရှင်တို့ ဂေါတမနှင့် တွေ့ဆုံ၍ နောင် ဗုဒ္ဓဖြစ်မည့်အကြောင်း ဗျာဒိတ်စကား မိန့်ကြားတော်မူပုံကို ယင်းအတ္ထုပ္ပတ္တိများက” မှတ်တမ်းတင်ခဲ့ကြသည်၊ ယင်းသို့ ဗုဒ္ဓဖြစ်တော်မူစဉ်များကို ထုတ်ဖော်ရခြင်း၏ ရည်ရွယ်ချက်မှာ ရှေးဘုရားရှင်တို့ အကြောင်းကို ပြောလိုသည်ထက် ဂေါတမဘုရားလောင်းဘဝပါရမီဖြည့်ပုံကို ပြလိုခြင်းက ပိုလေသည်”.....ဟူ၍ ဖြစ်သည်။

၅၇။ အီးဂျေသောမတ်စ်၏ ဓမ္မသမိုင်းစာမျက်နှာ ၂၇၉-၌ မြောက်ပိုင်း အပဒါန် ကျမ်းစာ တစ်စောင်ဖြစ်သော ဒိဗျာဝဒါနကျမ်းတွင် အတ္ထုပ္ပတ္တိရှင် ၃၈-ပါး (၃၅-မဟုတ်)ရှိကြောင်းအဆိုကိုတွေ့ကြပြန်သည်။ အထက်ပါနိုင်ငံခြား ဘာသာအခြားလူမျိုးတို့၏ ရေးသားချက် မူရင်းတို့ကို သမ္မာဒိဋ္ဌိသုတေသနသမားတို့၏ ဗုဒ္ဓဘာသာစွပ်စွဲပုတ်ခတ်ချက်များနှင့် နှိုင်းယှဉ်ကြည့်သည်ရှိသော် သမ္မာဒိဋ္ဌိသုတေသီဆိုသူတို့သည် မိမိတို့ဉာဏ်စွမ်း ဉာဏ်စမရှိဘဲ နိုင်ငံခြားက ဗုဒ္ဓဘာသာ ပျက်စီးရေး ဝေဖန်ချက်တို့ကို နို့သက်ခံစို့ထားကြောင်း တွေ့ရပေလိမ့်မည်၊ ဗုဒ္ဓဘာသာကို တိုက်ခိုက်ရာတွင် ဘာသာခြားတို့နှင့် ရုပ်ဝါဒီတို့လက်တွဲမိသော အချက်သက်သေပေတည်း။

နိုင်ငံခြားသားတို့၏ ရေးသားချက်ကို ရှင်းလင်းချက်

၅၈။ နိုင်ငံခြားသား ဘာသာခြားတို့၏အထက်ပါအချက်များကို တစ်ခုစီရှင်းပြပါအံ့၊ ဗုဒ္ဓသည် အခါအားလျော်စွာ ကိုယ်တော်မြတ် ကိုယ်တိုင်က မိမိကိုယ်ကို သတ္ထာ(ဆရာ)ဟူ၍ လည်းကောင်း၊ သမ္မာသမ္ဗုဒ္ဓ(အမှန်, ကိုယ်တိုင်သိသူ)ဟူ၍လည်းကောင်း၊ အရဟန္တ(လူနတ်ဗြဟ္မာအားလုံးတို့၏ ပူဇော်အထူးကို ခံထိုက်သူ)ဟူ၍ လည်းကောင်း ခေါ်ဝေါ်သကဲ့သို့ ဗုဒ္ဓဟူ၍လည်း ခေါ်ဝေါ်ကြောင်း မိန့်တော်မူခဲ့သည်။ (ဝိ၊၃၊၁၂) ယင်းကိုလည်း မဇ္ဈိမပဏ္ဏာသ၊ ဗသလသုတ် ဗြဟ္မာယုသုတ်၌ အောက်ပါ ဂါထာများအရသိရသည်၊ ရိုစ်ဒေးဗစ် ရေးသကဲ့သို့ ဗုဒ္ဓသည် သူ့ကိုယ်ကို ဗုဒ္ဓခေါ်ကြောင်း မပြောခဲ့သည်မှာ မဟုတ်မှန်ပေ။

အဘိညေယျံ အဘိညာတံ၊ ဘာဝေတဗ္ဗဉ္စ ဘာဝိတံ။
ပဟာတဗ္ဗံ ပဟီနံ မေ၊ တသ္မာ ဗုဒ္ဓေါသ္မိဗြာဟ္မဏ (ခု၊၁၊၃၆၈။) (မ၊၂၊၃၄၄-၃၅၂။)။

မြန်မာပြန်

ပုဏ္ဏား၊ ငါသည် အထူးသိရမည့်တရားကို သိတော်မူပြီ။ ပွားစေရမည့် တရားကိုလည်း ပွားများစေခဲ့ပြီ။ ပယ်ရမည့် တရားကိုလည်း ပယ်စွန့်ခဲ့ပြီ၊ (စသဒ္ဒါအရ-နိဗ္ဗာန်ကိုလည်း မျက်မှောက် ပြုတော်မူခဲ့ပြီ) ထို့ကြောင့် ငါသည် ဗုဒ္ဓဖြစ်ခဲ့လေပြီ။

ဗြဟ္မာယု ပုဏ္ဏားကြီးက “ဗုဒ္ဓေါ ကိန္တိဝဝုစ္စတိ”(အဘယ်သို့၊ အဘယ်ကြောင့် ဗုဒ္ဓဟု ခေါ်ဆိုရပါသလဲ)ဟု မေးလျှောက်၍ ဗုဒ္ဓက အောက်ပါအတိုင်း ဖြေဆိုတော် မူလေသည်-

စိတ္တံ ဝိသုဒ္ဓံ ဇာနာတိ၊ မုတ္တံ ရာဂေဟိ သဗ္ဗသော။
ပဟီန ဇာတိမရဏော၊ ဗြဟ္မစရိယဿ ကေဝလီ။
ပါရဂူ သဗ္ဗဓမ္မာနံ၊ ဗုဒ္ဓေါ တာဒီ ပဝုစ္စတိ (မ၊၂၊၃၄၅)။

မြန်မာပြန်

အလုံးစုံသော ရာဂ(ကိလေသာ)တို့မှ လွတ်သည်ဖြစ်၍ အထူးစင်ကြယ်သောစိတ်ကို သိသူ၊ ပဋိသန္ဓေနေခြင်း သေခြင်းကို ပယ်ပြီး အလုံးစုံသော မြတ်သောအကျင့်ကို ကျင့်ပြီးသူ၊ အလုံးစုံသော သင်္ခတအသင်္ခတတရားတို့၏ အဆုံးသို့ ဉာဏ်ဖြင့် ရောက်ပြီးသူကို ဗုဒ္ဓဟူ၍ ခေါ်ဆိုရလေသည်။

ဤ၌ ဗုဒ္ဓသဒ္ဒါသည် သိစရာကို သိပြီးသူ၊ နိုးကြားပြီးသူ ဟူသော အနက်ကိုဟောသည်၊ မကြာမတင် သိတော့မည့်သူ၊ နိုးကြားတော့မည့်သူကိုလည်း ဟောသည်။ ထို့ကြောင့် ပဗ္ဗဇ္ဇသုတ်၌ “အဂမာ ရာဇဂတံ ဗုဒ္ဓေါ”ဟု ဗုဒ္ဓဖြစ်မည့်ဆဲဆဲ အလောင်းတော်ကို ဗုဒ္ဓဟု သုံးနှုန်းသည်မှာ သင့်မြတ်လှပေသည်။

တစ်ဖန် ဗုဒ္ဓသဒ္ဒါသည် ဂေါတမဗုဒ္ဓကို ရည်ညွှန်းသောအခါ Proper Name (ဧကဝိဓနမ်) ဖြစ်သော်လည်း အခြား ရဟန္တာများကို ရည်ညွှန်းသောအခါ Adjective (နာမဝိသေသန)ဖြစ်သည်၊ သိုဖြစ်၍ “ဗုဒ္ဓံဝေရဘယာတီတံ” ဟူသော သုတ္တနိပါတ် ဟေမဝတသုတ်၊ ဣတိဝုတ်ပထမရာဂသုတ် ၂-သုတ်၌လာသော ဗုဒ္ဓသဒ္ဒါသည် (in Accordance with syntacic meaning) စာအနေအထား၊ ဝါကျအနေအထားအလိုက် အဓိပ္ပာယ် ကောက်ယူရမည့် စကားလုံးမျိုး ဖြစ်ပေသည်။

အခြား မည်သည့် ပုဂ္ဂိုလ်မျိုးကို ဗုဒ္ဓဟူ၍ ခေါ်ဝေါ်သုံးစွဲသေး သနည်းဟုစိစစ်သော် အခါတပါး အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အရှင်ကစ္စည်း၊ အရှင်ကောဋ္ဌိက၊ အရှင်ကပ္ပိန၊ အရှင်စုန္ဒ၊ အရှင်အနုရုဒ္ဓါ၊ အရှင်ရေဝတ၊ အရှင်နန္ဒ (ရဟန်းကြီး ၉-ပါး၊ ဧတဒဂ်ဘွဲ့ထူး ဂုဏ်ထူး အသီးသီးရှိကြသော) တပည့်ကြီးများ ဘုးရားရှင်ထံတော် ရှေ့ရှုကြွလာကြသည်ကို မြင်တော်မူသောအခါ “ဧတေ ခေါ ဘိက္ခဝေ အာဂစ္ဆန္တိ ဧတေ ခေါ ဘိက္ခဝေ အာဂစ္ဆန္တိ” (ရဟန်းတို့သူတို့လာနေကြသည်၊ သူတို့လာနေကြသည်)ဟုမိန့်တော်မူကာဗုဒ္ဓမြတ်စွာသည် အောက်ပါဂါထါကို ဥဒါန်းပါဗုဒ္ဓဠိတော်၌ ဟောတော်မူသည်။

ဗာဟိတွာ ပါပကေ ဓမ္မေ၊ သေ စရန္တိ သဒါ သတာ။
ခီဏသံယောဇနာ ဗုဒ္ဓါ၊ တေ ဝေ လောကသ္မိ ဗြာဟ္မဏာ (ခု၊၁၊၈၁)။

ဟု ဥဒါန်းကျုးတော်မူသည်။ [လောက၌ အကုသိုလ်တရားတို့ကို ပယ်ခွာ၍ အမြဲသတိရှိကာ လှည့်လည်ကျက်စားကြသော သံယောဇဉ်ကုန်၍နိုးကြားပြီးသောသူတို့သည် ဗြာဟ္မဏ စစ်စစ် မည်ကုန်၏၊]

၅၉။ ဤဗုဒ္ဓဟူသော စကားလုံးနှင့် စပ်၍ အဋ္ဌကထာဆရာများသည် ဗုဒ္ဓလေးမျိုးရှိကြောင်း ထုတ်ပြကြသည်။ (၁) သဗ္ဗညုတဗုဒ္ဓ (၂)ပစ္စေကဗုဒ္ဓ (၃) စတုသစ္စဗုဒ္ဓ (၄) သုတဗုဒ္ဓ-ဟူ၍ ဖြစ်သည်။ ထိုတွင်

(၁) သဗ္ဗညုတဗုဒ္ဓကား သမ္မာသမ္ဗုဒ္ဓ-ဟူသော သီးသန့်ဘွဲ့ထူးဖြင့်ထင်ရှားသော သဗ္ဗညုတ ဉာဏ်တော်ရှင် ဗုဒ္ဓပေတည်း။
(၂) ပစ္စေကဗုဒ္ဓကား သယမ္ဘူ, သမ္ဗုဒ္ဓေါ-ဟူသော ဝိသေသနဂုဏ် ပုဏ်တို့ဖြင့် အပဒါန်ပါဠိတော်၌ လာသော သီးခြားဘုရားငယ်တည်း။
(၃) စတုသစ္စဗုဒ္ဓကား အထက်ဥဒါန်းပါဠိတော်၌ လာသော ဗုဒ္ဓကိုယ်တော်တိုင် ချီးမြှောက်၍ ခေါ်ဝေါ်အပ်သော ရဟန္တာပုဂ္ဂိုလ်များ ဖြစ်သည်။
(၄) သုတဗုဒ္ဓ ဟူသည်ကား သာသနာတော်ကို တင့်တယ်စေသူဟု ဗုဒ္ဓကိုယ်တော်တိုင် ဒီယနိကာယ်၊ ပါသာဒိကသုတ်၍ ချီးကျုးမြှောက်စား၍ ဟောတော်မူခဲ့သော ဗဟုသုတ (စာပေပိဋက တတ်ကျွမ်းသော) ပုထုဇဏဉ် ရဟန်းမျိုး ဖြစ်သည်။

ဤစကားစဉ်အရ ရိုက်ဒေးဗစ်အလိုအားဖြင့် ဗုဒ္ဓဟူသော စကားလုံးမှာ ဗုဒ္ဓရှင်တော်မြတ်နှင့်သာမက သာမန် ရဟန်းများနှင့်ပါ သက်ဆိုင်နေသောစကားလုံးဖြစ်၍ ဗုဒ္ဓသည် အလွန်ထူးခြားသော ပုဂ္ဂိုလ်မြတ်ကြီးမဟုတ်နိုင်၊ လမ်းပြရှေ့ဆောင်ဆရာကြီးတစ်ဆူ အဖြစ်သည်သာ သမိုင်းဝင် အမှန်တရား (Historical Fact) ဖြစ်သည်ဟု ဆိုလိုဟန် တူ၏၊

၆၀။ အမှန်စင်စစ်မှာကား တထာဂတဇာတိခယန္တဒဿီ စသောဗုဒ္ဓမြတ်စွာကို ဆိုလိုရာတွင်း သုံးနေကျ စကားလုံးများဖြင့် ဗုဒ္ဓသည် တပည့်သာဝကတို့အား ချီးပင့်၍ ဆိုတော်မူသည်ကို အခါများစွာ တွေ့ရပေသည်။ ဥပမာ -

(က) ယဿ ရာဂေါ စ ဒေါသော စ၊ အဝိဇ္ဇာစ ဝိရာဇိတ။
တံ ဘာဝိတတ္တညတရံ၊ ဗြဟ္မဘူတံ တထာဂတံ။
ဗုဒ္ဓံ ဝေရဘယာတီတံ၊ အာဟု သဗ္ဗပ္ပဟာယိနံ (ခု၊၁၊၂၃၄)။

မြန်မာ

ရာဂ ဒေါသ အဝိဇ္ဇာကို ကင်းစေတတ်သူ၊ ပွားစေအပ်ပြီးသော စိတ်နှလုံးရှိသော ရဟန္တာတို့တွင် တစ်ပါးအဝင်ဖြစ်သူ၊ မြတ်သော အရဟတ္တဖိုလ်သို့ရောက်ပြီးသူ (တထာဂတံ) ရှေးရဟန္တာများနည်းတူ မဇ္ဈိမပဋိပဒါဖြင့် နိဗ္ဗာန်သို့ရောက်ပြီးသူကို ရန်ဘေးလွန်မြောက်၊ ကိလေသာ အလုံးစုံကို ပယ်ဖျောက်ပြီးသော နိုးကြားသူဟူ၍ ဆိုကြကုန်၏၊ ဤ၌ ရဟန္တာ ရိုးရိုးကို တထာဂတ ဟု သုံးနှုန်းထားသည်။

တဖန် (ခ) တသ္မာ သဒါ စျာနရတာ သမာဟိတ၊
အာတာပိနော ဇာတိခယန္တဒဿိနော။
မာရံ သသေနံ အဘိဘုယျ ဘိက္ခဝေါ၊
ဘဝထ ဇာတိမရဏဿ ပါရဂါ (ခု၊၁၊၂၂၂)။

မြန်မာ

ရဟန်းတို့ ထို့ကြောင့် စျာန်၌ မွေ့လျော် သမာဓိထား လုံ့လများကြသည်ဖြစ်၍ (ဇာတိခယန္တဒဿီ)ပဋိသန္ဓေနေခြင်း၏ကုန်ရာအဆုံးကို မြင်ကြကုန်လျက် စစ်တပ်နှင့် တကွသော မာရ်နတ်ကို လွှမ်းမိုး၍ ဇာတိမရဏ၏ ကမ်းတစ်ဖက်သို့ ကူးမြောက်ကုန်လော။

ဤ၌ဧကာယနံ ဇာတိခယန္တဒဿီ စသည်ဖြင့်(မဟာဝဂ္ဂသံယုတ်၊ သတိပဌာနသုတ်-၁၆၂) ဗုဒ္ဓမြတ်စွာကို ရည်ညွှန်းနေကျ စကားလုံးဖြင့် ရဟန်းများကို ချီးပင့်၍ ဟောထားသည်ကို တွေ့ရပေမည်၊ သို့သော် ဗုဒ္ဓဂုဏ်ပုဒ်များသည် အများအားဖြင့် ဗုဒ္ဓကိုသာ ဆိုလိုကြောင်းကို ပိဋကတ် တတ်ကျွမ်းသူများ နားလည်ပေသည်။ ဟိုနေရာ ဒီနေရာ၌ အထူးရည်ရွယ်ချက်ဖြင့် ရှားရှားပါးပါး ချီးပင့်၍ ဟောတော်မူခဲ့သော စကားလုံးများကို ရှာကြံထုတ်ဖော်ကာ ပြဿနာ မဖန်တီးသင့်ပေ။

၆၁။ အမှန်အားဖြင့်ကား -
ဗုဒ္ဓမြတ်စွာကို သမ္မာသမ္ဗုဒ္ဓ
ပစ္စေကဗုဒ္ဓကို သမ္ဗုဒ္ဓ , ဝါ- ပစ္စေကဗုဒ္ဓ
ရိုးရိုးရဟန္တာကို ဗုဒ္ဓ-ဟူ၍ ခေါ်ဝေါ်သုံးနှုံးပုံ

(Scriptural Usage) ပါဠိပဋကအသုံးကိုကောက်ချက်ချ၍ ဥဒါန်းအဋ္ဌကထာ ဗြာဟ္မဏသုတ် နှာ-၅၃ ၌ ဗုဒ္ဓတိ စတုသစ္စသမ္ဗောဓေန ဗုဒ္ဓ။ တေ စ ပန သာဝကဗုဒ္ဓါပစ္စေကဗုဒ္ဓါ သမ္မာသမ္ဗုဒ္ဓါတိ တိဝိဓာ - ဟု ဖွင့်ဆိုထားသည်ကို သတိပြုသင့်ပေသည်။

၆၂။ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်သည် အခြားမည်သူနှင့်မျှ ဆက်ဆံသောဂုဏ်မဟုတ်၊ ဗုဒ္ဓတစ်ဦးတည်း၏ ဂုဏ်တော်သာ ဖြစ်သည်။ သစ္စာ၄ပါးကို တစ်ပါးသူ အကူအညီမရဘဲ (အနည နေယျော) စောင်းဖယ်တိမ်းယိမ်းခြင်း မရှိဘဲ (အဝိပရိတံ) အပြန်သုံးလီ (တိပရိဝဋ္ဋံ) ပြင်ညီ ၁၂-သွယ် (ဒွါဒသာကာရံ) အကျယ်ဖြတ်ပိုင်း အမှန်အတိုင်း သိတော်မူသည်၏ အခြားမဲ့၊ ပစ္စဝေက္ခဏာဉာဏ်တော်မှစ၍ သဗ္ဗညုတဉာဏ်တော်ကို ရရှိသူ သမ္မာသမ္ဗုဒ္ဓဖြစ်တာ်မူကြောင်း ဗုဒ္ဓ ကိုယ်တော်တိုင် မဟာဝဂ္ဂ သစ္စသံယုတ် ဓမ္မစက္ကပဝတ္တနသုတ် နှာ-၃၇၀ ၌ ကြေငြာတော်မူခဲ့ပေသည်။ သစ္စာ ၄-ပါးကို သိတတ်သော အရဟတ္တမဂ်ဉာဏ်ကို အကြောင်းပြု၍ အရဟတ္တမဂ်ဉာဏ် ပေါ်ပေါက်လာရပေသည်။ ထို့ကြောင့် အဋ္ဌသာလိနီ မူလဋီကာ နှာ-၄ ၌ -

သဗ္ဗညုတာယ ဟိ ပဒဋ္ဌာနဘူတံ မဂ္ဂဉာဏံ မဂ္ဂဉာဏပဒဋ္ဌာနဉ္စ သဗ္ဗညုတဉာဏံ မဟာဗောဓီတိ ဝုစ္စတိ။

[သဗ္ဗညုတဉာဏ်၏နီးစွာသော အကြောင်းဖြစ်သော အရဟတ္တမဂ်ဉာဏ်ကို လည်းကောင်း၊ အရဟတ္တမဂ်ဉာဏ်ကို တည်းဟူသော အကြောင်းရှိသော သဗ္ဗညုတဉာဏ်ကိုလည်းကောင်း မဟာဗောဓိ (ဝါ-သမ္မာသမ္ဗောဓိ) ဟူ၍ခေါ်ဆို ရပေသည်။]

၆၃။ ထိုမှ တစ်ပါး ခန္ဓဝဂ္ဂသံယုတ် သမ္မာသမ္ဗုဒ္ဓသုတ် နှာ-၅၄ ၌ -
“ရဟန်းတို့ ကိလေသာတို့မှ ကင်းဝေးတော်မူပြီးသော တရားအလုံးစုံကို ကိုယ်တိုင် အမှန်အတိုင်းသိပြီးသူ ငါဘုရားကို ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏတို့နှင့် စပ်၍ ငြီးငွေ့ခြင်း (နိဗ္ဗိဒါ)တပ်ခြင်းကင်းမှု (ဝိရာဂ)ချုပ်ပျောက်စေခြင်း (နိရောဓ)ကြောင့် စွဲလမ်းမှုကင်းကွာ၊ ကိလေသာတို့မှ လွတ်မြောက်တော်မူ၍ သမ္မာသမ္ဗုဒ္ဓဘွဲ့မည်ဖြင့် ခေါ်ဝေါ်အပ်ပေသည်၊ (ငါ၏ ညွှန်ပြသွန်သင်ချက်ကြောင့်) ရဟန်း ၁-ပါးကို ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏနှင့် စပ်၍ ငြီးငွေ့ခြင်း၊ တပ်စွဲမှုကင်းခြင်း၊ ချုပ်စေခြင်းကြောင့် စွဲလမ်းမှုကင်းကွာ ကိလေသာတို့မှ လွတ်မြောက်လျက် ပညာဝိမုတ္တိ (ပညာဖြင့် လွတ်မြောက်သူ)”ဟု ခေါ်ဆိုနိုင်ပေသည်။

စွဲလမ်းမှုကင်းကွာ, ကိလေသာတို့မှ လွတ်မြောက်သူချင်းတူလျှင် သာဝကတို့ထက် ဘယ်အချက် ဘယ်အရာတွင် ဗုဒ္ဓကသာလွန်၍ ထူးပါသနည်းဟုမေးလျှင် ဗုဒ္ဓမြတ်စွာကိုယ်တိုင်ပင် အောက်ပါအတိုင်း အဖြေပေးတော်မူခဲ့သည်။

“တထာဂတော ဘိက္ခဝေ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အနုပ္ပန္နဿ မဂ္ဂဿ ဥပ္ပါဒေတာ အသဉ္ဇာတဿ မဂ္ဂဿ သဉ္ဇနေတာ အနက္ခာတဿ မဂ္ဂဿ အက္ခာတာ၊ မဂ္ဂညူ မဂ္ဂဝိဒူ မဂ္ဂကောဝိဒေါ၊ မဂ္ဂါနုဂါ စ ဘိက္ခဝေ ဧတရဟိ သာဝကာ ဝိဟရန္တိ ပစ္ဆာသမန္နဂတာ။” (ခန္ဓဝဂ္ဂ သံယုတ် သမ္မာသမ္ဗုဒ္ဓသုတ် -၅၄)

မြန်မာပြန်အကျဉ်း

ရဟန်းတို့ ငါဘုရားသည် ကိလေသာတို့မှ ဝေးကွာ ကိုယ်တိုင်သာ အမှန်သိတော်မူပြီးသည် ဖြစ်၍ မရှိသေးသော လမ်းကို ထုတ်ဖော်သူ၊ မဖြစ်သေးသောလမ်းကို ဖြစ်စေသူ၊ သူတကာမပြောသေးသော လမ်းကို ပြောပြသူ၊ လမ်းကျွမ်းကျင်သူ ဖြစ်တော်မူ၏၊ ယခုအခါ တပည့်ရဟန်းတို့ကား ငါညွှန်သော လမ်းကို လိုက်ကြ၍ နောက်မှ ပြည့်စုံသူ (နောက်မှလမ်းမှန်ရောက်သူ)များ ဖြစ်၍ နေကြလေသည်။

၆၄။ အနောက်တိုင်း သမိုင်းသုတေသီတို့သည် ဗုဒ္ဓဝါဒီများမဟုတ်ကြ၊ ထာဝရ ဘုရား၏ ဖန်ဆင်းမှုကို ယုံကြည်သော အတိတ်ဘဝ အနာဂတ်ဘဝ မရှိသော ဖန်ဆင်းရှင်၏ လောင်းရိပ်၌ ကြီးပြင်းလာသူများဖြစ်ကြ၍ သဗ္ဗညုတဉာဏ်တော်၏ အစွမ်းအားကို သဘောမပေါက်နိုင်၊ လက်မခံနိုင်ကြ၊ လမ်းကိုညွှန်ပြနိုင်ဖို့ အဘယ်မျှလောက် ကြိုးစားရသည်ကို နားမလည်နိုင်ကြချေ။ အတိတ်ဘဝပိုင်းကို လက်မခံနိုင်သောကြောင့် အတိတ် ကာလတို့၌ သဗ္ဗညုတဉာဏ်တော်ရကြောင်းဖြစ်သော ပါရမီတို့ကို ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့ရခြင်းကို သူတို့ဉာဏ် မမီကြပေ။ ထို့ကြောင့် ကံကို ပယ်ကြသည်၊ သဗ္ဗညုတဉာဏ်ကို ပယ်ကြသည်၊ ပါရမီကို ပယ်ကြသည်၊ အတိတ် ဘဝကို ပယ်ကြသည်။

ဤနေရာ၌ “BUDDHIST THOUGHT IN INDIA” “အိန္ဒိယပြည်ရှိ ဗုဒ္ဓအတွေးအခေါ် စာအုပ်ရေးသူ အက်ဒွတ်ကွန်ဇေ ဆိုသူ၏ မှတ်ချက်ကလေးကို ထုတ်ပြသင့်သည်။

Mrs. Rhys Davids purges Buddhism of the Doctrine of Not-sous and of monesticism and H.J Jenings, in cold blood, removes all references to reincarntion from the scriptures and claims thereby to have restored their original meaning. Dr.P. Dahlke ignores all the magic and mythology with which traditional buddhism is replete and reduces the doctorine of the Buddha to quite reasonable agnostic theory.

မြန်မာ

“မစ်ရိုက်စ်ဒေးဗစ်သည် ဗုဒ္ဓဝါဒထဲမှ အနတ္တသဘောတရားနှင့် ရဟန်းကျင့်စဉ်ကို ထုတ်ပယ်ပစ်၍ အိတ်-ဂျေ-ဂျင်းနင်းကား ဗုဒ္ဓစာပေတွေထဲမှ တမလွန်ဝါဒနှင့် စပ်သမျှကို စိတ်ရှည်ရှည်နှင့် နုတ်ပယ်ပစ်ကာ (အကြွင်းမျှကို) မူလကျမ်းရင်းအဓိပ္ပာယ်ဟု ဆိုသည်။ ဒေါက်တာ ပီဒါလကေမူကား အစဉ်အလာဗုဒ္ဓဝါဒထဲတွင် ပြည့်နှက်နေသော တန်ခိုးပြဋိဟာနှင့် ဇာတ်နိပါတ်များကို လျစ်လျူရှုကာ ဗုဒ္ဓဝါဒကို ၃၁-ဘုံ လက်မခံဝါဒ” အဖြစ်ယူဆသည်။

ဤသို့ ဆိုပြီး ဆက်လက်၍ “Theirs is not the Buddhism of the Buddhists.” [သူတို့၏ အယူအဆများကား ဗုဒ္ဓဝါဒီတို့ လက်ခံထားကြသော ဗုဒ္ဓဝါဒမဟုတ်ချေ။ ဗုဒ္ဓဝါဒဟု သူတို့ဘာသာတံဆိပ်တပ်ကာ ရေးသားဟောပြောသည့် သူတို့အဆို သက်သက်သာဖြစ်ကြောင်း]ဟု အက်ဒွပ်ကွန်ဇေ က မှတ်ချက်ချထားလေသည်။

၆၅။ ဆိုသင့်လှပေစွ။ အထက်ဆိုခဲ့ပြီး သမ္မာသမ္ဗုဒ္ဓသုတ်ကို အပေါ်ယံမျှ အဓိပ္ပာယ်ကောက်ယူ၍ ဗုဒ္ဓနှင့် အခြားရဟန္တာများ အလွန်ကြီး မကွာလှ၊ ဗုဒ္ဓကလမ်းပြ အခြားသာဝကများက နောက်လိုက်မျှသာ ထူးခြားသည်ဟု သာမန်ခေါင်းဆောင်ကြီးတစ်ယောက် အနေဖြင့်သာ သမိုင်းသုတေသီတို့ မြင်ကြရေးကြခြင်း ဖြစ်သည်၊ အမှန်ကား သာမန်ခေါင်းဆောင်မျှမဟုတ်၊ နတ်လူတို့ကို ခေါင်းဆောင်နိုင်ရန် သူမတူအောင်ဆည်းပူး အားထုတ်တော် မူခဲ့သော ဆရာမြတ်ကြီးဖြစ်တော်မူပါပေသည်။

မဟာဝဂ္ဂ သံယုတ်၊ ဒုတိယ သူရိယသုတ် နှာ-၁၈၇ ၌ -
“ရဟန်းတို့ ......လောက၌ လ၊ နေတို့ မဖြစ်ပေါ်သေးသမျှ ကြီးစွာသော အရောင်အလင်းဟူ၍ မရှိသေး၊ တစ်ခဲနက် ပိတ်ပိတ်သားမှောင်သော အမှောင်ထုသာရှိ၏၊ နေ့, ည, လ, ဥတု, နှစ် အပိုင်းအခြားဟူ၍ မရှိ၊ ဤနည်းအတိုင်း ဗုဒ္ဓမြတ်စွာ ပေါ်ပေါက်မလာသေးသမျှ ကြီးစွာသောဉာဏ် အရောင်အလင်း မဖြစ်နိုင်၊ (အဝိဇ္ဇာ) အမှောင်ထုသာ ကျိတ်ခဲသိပ်သဲ၍ နေ၏၊ သစ္စာလေးပါးကို ဟောပြောပြသခြင်း၊ ထင်စွာပြခြင်း၊ ရှင်းလင်းထုတ်ဖော်ခြင်း မရှိနိုင်၊ သမ္မာသမ္ဗုဒ္ဓ အမည်ရသော သဗ္ဗညုတဉာဏ်ရှင် ဘုရားသခင် ပေါ်ထွန်းလာသော အခါကြီးစွာသော ဉာဏ်အလင်းအရောင် ပေါ်လာသည်။ အဝိဇ္ဇာအမှောင်ထု မရှိတော့ချေ၊ သစ္စာ ၄-ပါးကို ဟောပြောခြင်း, ထင်စွာပြခြင်း, ရှင်းလင်းထုတ်ဖော်ခြင်း ရှိနိုင်လေသည်။

ဤသုတ်တော်အရ ရှေးက မထုတ်ဆောင် မပြရသေးသော လမ်းကို ထုတ်ဆောင်ရာတွင် ကမ္ဘာဦးက နေ၊ လတို့ပမာ မည်မျှခဲယဉ်းကြောင်း သိသာလှပေတော့သည်။

၆၆။ ယခုအခါ ဘုရား ရ-ဆူနှင့် ဘုရား ၂၅-ဆူ မတူထူးခြား ကွဲပြားစွာ ဟောတော်မူခြင်း အကြောင်းကို ရှင်းပြပေအံ့ -

မဟာပဒါနသုတ်၌ ကိုယ်တော်မြတ်နှင့်တကွ ဗုဒ္ဓ ၇-ဆူမျှကို ဟောတော်မူ၏၊ အဘယ်ကြောင့် ၇-ဆူမျှသာ ဟောတော်မူသနည်း၊ ဗုဒ္ဓဝံသပါဠိတော်၌ကဲ့သို့ အဘယ်ကြောင့် ၂၅-ဆူ ဟောတော်မမူသနည်း၊ အဖြေကားရှင်းလှပေသည်၊ ငါတို့ ဘုရားရှင် နိယတဗျာဒိတ်ခံယူခဲ့ရာ ဗုဒ္ဓတို့ကိုပြဖို့ရန် ဗုဒ္ဓဝံသပါဠိတော်၌ ၂၅-ဆူ ဟောတော်မူပေသည်၊ မဟာပါနသုတ်၌ကား ဗြဟ္မာ့ပြည်သို့ ရောက်ရှိနေကြသော လူ့ပြည်၌ဖြစ်နေစဉ် တစ်ချိန်က ထိုဘုရားရှင်တို့၏ ထံတော်များ၌ တရားကျင့်ခဲ့ကြသောဗြဟ္မာတို့ကို ချီးမြှောက်တော်မူရန် ထို ၇-ဆူမျှသော ဗုဒ္ဓတို့ကို ဟောတော်မူပေသည်၊ အချုပ်မှာ တရားနာသတ္တဝါတို့၏ အလိုသို့လိုက်၍ ဝေနေယျဇ္ဈာသယအားဖြင့် ဟောတော်မူခြင်းဖြစ်၍ ဘုရား ၂၅-ဆူလုံး မလိုဘဲ ၇-ဆူ မျှ ဤသုတ်၌ ဟောတော်မူကြောင်း သုတ်မဟာဝါဋီကာ နှာ-၁၄ ၌ ဋီကာ ဆရာ ရှင်းပြထားပေသည်။

၆၇။ တစ်ဖန် အပဒါန်ပါဠိတော်၌ အဘယ်ကြောင့် ၃၅-ဆူ သို့မဟုတ် ၃၈-ဆူ ဖြစ်လာရသနည်း မေးငြားအံ့၊ အမှန်မှာ ၃၅-ဆူ လည်း မဟုတ်၊ ၃၈-ဆူလည်း မဟုတ်ပေ၊ ငါတို့ ဘုရားရှင် ဗျာဒိတ်တော်ခံယူရာ ၂၄-ဆူနှင့် အစောဆုံး ဆုပန်ဆင်ရာ ဒီပင်္ကရာဘုရားပွင့်တော်မူသော ကမ္ဘာ၌ အခြား တဏှင်္ကရ, မေဓင်္ကရ, သရဏင်္ကရ ဘုရား၃-ဆူလည်း ပွင့်တော်မူသွားကြပြီးဖြစ်၍ ယင်းဘုရားသုံးဆူကိုပါ ထည့်သွင်း၍ ၂၇-ဆူမျှ ဟောတော်မူခြင်း ဖြစ်သည်။ ကြွင်းသော အဇ္ဇုန, အနောမ စသော အမည်နာမများနှင့် လာသော သမ္ဗုဒ္ဓ ၁၉-ဆူ တို့ကား ဗုဒ္ဓများ မဟုတ်ဘဲ ပစ္စေကဗုဒ္ဓါများ ဖြစ်ကြလေသည်။ ဤမျှအထိ နိုင်ငံခြား စာရေးဆရာတို့ မသိကြချေ။

ယင်း ပစ္စေကဗုဒ္ဓါတို့ကို စာရင်းချ၍ ကောက်ယူလိုက်သော် အောက်ပါအတိုင်း ဖြစ်၏၊

အရေအတွက် ဘွဲ့အမည်တော် ပွင့်ရာ ကမ္ဘာနှင့် ပါဠိတော် စာမျက်နှာ
အဇ္ဇုန ၃၁-ကမ္ဘာထက် ပထမအုပ် နှာ-၃၄၅
အနောမ ၃၁-ကမ္ဘာထက် ပထမအုပ် နှာ-၃၃၂
သုဒဿန ၃၁-ကမ္ဘာထက် ပထမအုပ် နှာ-၃၂၁
၄-၅ သမ္ဘဝ၊ ကကုဓ ၃၁-ကမ္ဘာထက် ဒုတိယအုပ် နှာ-၁၀၀၊၉၄
သုမန ၃၁-ကမ္ဘာထက် ဒုတိယအုပ် နှာ-၅၃
ကကုဓ ၃၂-ကမ္ဘာထက် ပထမအုပ် နှာ-၂၅၄
၈-၉ သမ္ဘဝ၊ အာနန္ဒ ၉၁-ကမ္ဘာထက် ပထမအုပ် နှာ-၃၂၂၊၂၅၆
၁၀ သတရံသီ ၉၂-ကမ္ဘာထက် ပထမအုပ် နှာ-၃၄၁
၁၁-၁၂ ဥပတိဿ၊ ရောမသ ၉၄-ကမ္ဘာထက် ပထမအုပ် နှာ-၃၂၂၊၂၆၈
၁၃ သုမင်္ဂလ ၉၄-ကမ္ဘာထက် ပထမအုပ် နှာ-၂၂၄
၁၄-၁၅ သတရံသီ၊ ရောသိတ ၉၄-ကမ္ဘာထက် ဒုတိယအုပ် နှာ-၄၁၊၄၈
၁၆-၁၇ သုစိန္တိတ၊ အဇ္ဇုန ၉၄-ကမ္ဘာထက် ဒုတိယအုပ် နှာ-၇၇၊၉၀
၁၈ သုမန ကမ္ဘာ တစ်သိန်း ပထမအုပ် နှာ-၃၇၇
၁၉ အနုရုဒ္ဓ ကမ္ဘာအရေအတွက်မဆို ပထမအုပ် နှာ-၄၁၀

၆၈။ မဟာယာနကျမ်း စာဒိဗျာဝဒါန၌လာသော ၃၈-ဆူ ဟူသည်ကား ဤ၌ ထည့်သွင်းစဉ်းစားရန် မလိုပေ။ သမ္မာဒိဋ္ဌိသုတေသီဆိုသူတို့သည် မိမိတို့ ထေရဝါဒကျမ်းစာများကို နှံ့စပ်စွာမလေ့လာ မသုံးသပ်ကြဘဲ အစဉ်အလာအားဖြင့် မှတ်သားလာသော Buddhist- Tradition ဟု ခေါ်သည့် အဋ္ဌကထာ ဋီကာများ၏ အဆိုအမိန့် အမှတ်အသားများကိုလည်း အလေးပြုရမှန်း မသိကြဘဲ ဗုဒ္ဓဘာသာမဟုတ်သော အနောက်တိုင်းသုတေသီတို့၏ Hypothesis ခေါ်သည့် ခေတ္တယာယီမျှ မှတ်တမ်းတင်ထားချက်များကို အခိုင်အမာယူဆကြပြီး ပိဋကတ်ကို ခြေကန်သူများ ဖြစ်ကြ၍ အဓမ္မဝါဒီများဟု ဆိုရန်မှ တစ်ပါး အခြားဆိုရန် မရှိတော့။

၆၉။ ယခုအခါ ဗုဒ္ဓကို ပုဂ္ဂိုလ်စွဲကြည်ညိုမှုဖြင့် ဘုရားအမြတ်ဆုံးဝါဒကို ဗုဒ္ဓဝါဒီတို့ တီထွင်ကြသည် ဟူသော ဗုဒ္ဓဘာသာမဟုတ်သည့် ပညာရှိတို့ အဆိုကို စဉ်းစားဦးအံ့၊ ဗုဒ္ဓမြတ်စွာသည် သတ္တဝါအစားစားကို နာနာဓာတုဝိနိ ဗ္ဘောဂဉာဏ်တော် ဣန္ဒြိယပရောပရိယတ္တိဉာဏ်တော်တို့ဖြင့် မြင်တော်မူ သိတော်မူသည်၊ အချို့မှာ သဒ္ဓါ သတိ စသော ဣန္ဒြေနု၍ အချို့မှာကား ရင့်ကျက်ကြသည်၊ အချို့မှာ မနုမရင့် သင့်တင့်ရုံမျှရှိသည်၊ သက်ရှိလူသတ္တဝါများသာ မဟုတ်၊ သက်မဲ့အရာဝတ္ထုတိုင်း၌လည်း အနု အရင့် အသင့်အတင့်ဟူ ၍ ၃-မျိုးရှိရာ ဗုဒ္ဓမြတ်စွာသည် ယင်းတို့ကိုလည်း အနေကဓာတု ဝိနိဗ္ဘောဂဉာဏ်၊ နာနာဓာတုဝိနိဗ္ဘောဂဉာဏ်၊ ဣန္ဒြိယပရောပရိယတ္တိ ဉာဏ်တော်တို့ဖြင့် အကြွင်းမဲ့သိတော်မူသည်၊ သိတိုင်းမပြောဟောသော်လည်း ပြောဟောတိုင်း မှန်သည်ချည်းသာ ဖြစ်သည်။

၇၀။ ယင်းသို့ လူနှင့်တကွ သတ္တဝါအားလုံးတွင် အနုဆုံး အမျိုးအစားကို သူနှင့်တန်ရုံ အနုဆုံး၊ တစ်နည်း အညံ့ဆုံးဖြစ်သော အဆင့်မျှ ပြညွှန်သွန်သင်တော်မူသည်၊ အလယ်အလတ်သမားများအား မနိမ့်လွန်းမမြင့်လွန်းသော ဒေသနာကို ဟောပြတော်မူသည်။ အမြင့်ဆုံး ပုဂ္ဂိုလ်သတ္တဝါသည် အဆင့်နိမ့်ကိုသာ ခံယူကျင့်သုံးနေပါက ခြိမ်းခြောက်ငေါက်ငန်း၍ပင် မြှင့်တင်ပေးသွားတော်မူပေသည်၊ သမိုင်းဆရာတို့ ညွှန်ပြလေ့ရှိကြသော ဝက္ကလိသည် ယခုဘဝတွင် ထိပ်ဆုံးအဆင့်မြင့်မားသော အရဟတ္တဖိုလ်ဉာဏ်ကို ရမည့်သူဖြစ်သည်၊ ဘာမဟုတ်သည့် ရူပပ္ပမာဏ (ရုပ်ပုံတော်ကို ကြည်ညိုမှု)ဖြင့် နေထိုင်သွားလျှင် နိဗ္ဗာန်နှင့်ဝေး၍ နတ်ပြည်လောက်မျှ၌ သောင်တင်နေပေလိမ့်ဦးမည်၊ ထို့ကြောင့် “ဝက္ကလိ ငါ့ကိုယ်တော်ကြီးကို ကြည့်ရှုနေရုံဖြင့် ဘယ်အကျိုးရှိမည်နည်း၊ ငါ့အနားမှ ရှောင်ဖယ် ထွက်ခွာသွားလော့” ဟု မောင်းမဲတော်မူသည်။

၇၁။ မှန်လှ၏၊ နုလွန်းသောပုဂ္ဂိုလ်များအား ခက်ခဲသော အကျင့်၊ မြင့်သော တရားများကို ပြ၍ မဖြစ်၊ အောက်ထစ်ဆုံး ကာမာဝစရကုသိုလ်မျှ ဖြစ်ပါစေ ဟူသော သဘောဖြင့် ဗုဒ္ဓါရမ္မဏ ကုသိုလ်၊ ဗုဒ္ဓါနုဿတိ အစရှိသော ကမ္မဋ္ဌာန်းကို ပေးတော်မူလိုက်သော် ယခုဘဝ၌လည်း စိတ်ချမ်းသာ၍ ရောဂါကင်းပျောက် ကြီးပွားခြင်းသို့ ရောက်မည်၊ နတ်ပြည်သုဂတိသို့လည်း ရောက်မည် ဧကန် ဖြစ်သည်။

၇၂။ ထို့ကြောင့် ဣတိဝုတ်၊ တိက၊ အဂ္ဂပသာဒသုတ် နှာ-၂၅၄ ၌

“ရဟန်းတို့ အခြေမရှိသော သတ္တဝါ, အခြေ ၂-ချောင်း, အခြေ ၄-ချောင်းရှိသော သတ္တဝါ၊ အခြေများသော သတ္တဝါ၊ ရုပ်ရှိသော သတ္တဝါ၊ ရုပ်မရှိသော သတ္တဝါတို့တွင် ကိလေသာတို့မှ ကင်းဝေး၍ အမှန်တရားကို ကိုယ်တော်တိုင် သိမြင်တော်မူသော ငါဘုရားကို အမြတ်ဆုံးဟု ဆိုအပ်၊ ဆိုနိုင်၏၊ ဘုရား၌ ကြည်ညိုလျှင် အမြတ်ဆုံး၌ ကြည်ညိုသူမည်၍ အမြတ်ဆုံးသော အကျိုးကိုရပေ၏” ဟု ဟောတော်မူ၏၊

၇၃။ ဗုဒ္ဓကို ကြည်ညိုမှသာမဟုတ် သံဃာကို ကြည်ညိုလျှင်လည်းကောင်း၊ သီလရှိသောရဟန်းကို ကြည်လျှင်လည်းကောင်း၊ အယုတ်ဆုံး မျက်စိဖြင့် ကြည်လင်စွာ ဖူးမျှော်ရုံမျှပင် အကျိုးကြီးလှကြောင်းကို ဣတိဝုတ် စတုက္က သီလသမ္ပန္န သုတ်-၂၆၇ ၌-

“ရဟန်းတို့ သီလ နှင့်ပြည့်စုံ၊ သမာဓိ, ပညာနှင့် ပြည့်စုံ၊ ဝိမုတ္တိ ဝိမုတ္တိဉာဏဒဿနနှင့် ပြည့်စုံ၍ ဆုံးမသွန်သင်တတ် သူတော်ကောင်းတရားကို ပြောဟောတတ်သော ရဟန်းတို့ကို ဖူးမြင်ခြင်းမျှပင် လွန်စွာ အကျိုးကြီး၏ ဟု ငါဘုရားဟောတော်မူ၏” စသည်ဖြင့် ဟောတော်မူသည်။

၇၄။ ဗုဒ္ဓကို ကြည်ညို၍ ဗုဒ္ဓသာသနာ၌ တရားကျင့်ကာ အဝိဟာဘုံသို ရောက်နေသူ ဟတ္ထကမည်သော အဝိဟာဗြဟ္မာတစ်ဦးသည် ဗုဒ္ဓခြေတော်ရင်း၌ ပေါ်လာ၍-

ရှင်တော်မြတ်ဘုရား၊ တပည့်တော်သည် ဘုရားရှင်ကို ဖူးမြင်ရခြင်း၌ တစ်ရံတစ်ခါမျှ ရောင့်ရဲတင်းတိမ်ခြင်း မရခဲ့ပါ၊ သံဃာတော်ကို လုပ်ကျွေးရခြင်း၊ တရားနာရခြင်း၌လည်း ရောင့်ရဲတင်းတိမ်ခြင်း မရခဲ့ပါ၊ အဓိသီလသိက္ခာကို ကျင့်သုံးလျက် တရားနာရခြင်း၌ မွေ့လျော်ကာ (အထက်ပါ) အချက် ၃-ချက်၌ ရောင့်ရဲမှုမရခဲ့သော တပည့်တော် ဟတ္ထကသည် အဝိဟာဗြဟ္မာဘုံသို့ ရောက်နေခဲ့ပါသည် ဘုရား” ဟု လျှောက်ဖူးလေသည်။

၇၅။ ဆိုခဲ့ပြီးသော ဤအချက်တို့ကို ထောက်ဆ၍ မဟာပရိနိဗ္ဗာနသုတ်၌ လာသော “ဘုရားရှင်၏ ဓာတ်တော် မွေတော်တို့ကို လမ်းဆုံ လမ်းမ၌ ဌာပနာ၍ စေတီတည်ထားလျှင် နတ်လူဗြဟ္မာတို့အဖို့ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော အကျိုးရလိမ့်မည်” ဟူသော စကားကိုလည်းကောင်း၊ ဘုရားလောင်းဖွားတော်မူရာ လုမ္ဗိနီ, ဘုရားဖြစ်ရာ မဟာဗောဓိ, တရားဦးဟောရာ မိဂဒါဝုန်, ပရိနိဗ္ဗာန်စံရာ ကုသိနာရုံ ဟူသော သံဝေဂပွားရာဖြစ်သော သံဝေဇနိယဌာန ၄-ချက် တို့ကို ပြက်ပြက်ထင်ထင် ဟောပြ၍ သဗ္ဗညုတဉာဏ်တော်ကို ရယူတော်မူရာ အရပ်စသည်သို့ သွားရောက်ပူဇော်၊ သံဝေဂယူဖို့ရန် တိုက်တွန်းတော်မူချက်ကိုလည်းကောင်း၊ ဗုဒ္ဓကိုယ်တော်တိုင် ဟောတော်မူခဲ့ကြောင်း ယုံမှားဖွယ်ရာ မရှိရာ၊ ဗုဒ္ဓဘုရားရှင်ကို မယုံကြည် မကြည်ညိုတတ်သော နိုင်ငံခြားသား၊ ဘာသာခြားတို့ စကားကို အစုံစမ်းမရှိ၊ အရမ်းယုံ အကန်းယုံ ယုံကာ၊ ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ အစဉ်အလာကို ပျက်ရယ်ပြု၍ မှိုချိုးမျှစ်ချိုး ပက်ပက်စက်စက် ဆိုမိ ဆိုရာ ဆိုတတ်ကြသော ဦးဥက္ကဋ္ဌ၊ သခင်မြတ်ဆိုင်နှင့် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့သည် ဓမ္မဝါဒီများမဟုတ်၊ အဓမ္မဝါဒီများသာ ဖြစ်ကြောင်း အမှတ်-၂၊ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်ဆရာတော်များ အညီအညွတ် ဆုံးဖြတ်တော် မူကြသည်။

(ဤအမှတ်-၁၉၊ စောဒနာ၌ ကြွင်းသော အချက်တို့ကို အမှတ်-၆၊ စောဒနာ၌ စိစစ်ဆုံးဖြတ်ပြီးဖြစ်သည်။)