ဝိနည်းပဒေသာသင်တန်း/ပရိမဏ္ဍလဝဂ် သိက္ခာပုဒ်
၁။ ပရိမဏ္ဍလဝဂ် သိက္ခာပုဒ် ၁၀-ပုဒ်
(၁+၂) ပရိမဏ္ဍလ သိက္ခာပဒ
သင်းပိုင်ကို ပုဆစ်ဒူးနှစ်ဘက်အောက် လက်ရှစ်သစ်မျှ ချပြီးလျက် ချက်ဝန်း, ညာဘက်ပုဆစ်ဒူးဝန်း, ဘယ်ဘက်ပုဆစ် ဒူးဝန်းဟူသော အဝန်းသုံးပါး၊ ထက်ဝန်းကျင် ဝန်းဝိုင်းစွာ ဝတ်အံ့ဟု ကျင့်ရမည်။ ထိုသို့ မကျင့်ခြင်းကြောင့် ပရိမဏ္ဍလနိဝါသနဒုက္ကဋ်အာပတ် သင့်၏၊
ကိုယ်ရုံကို ပုဆစ် ဒူးနှစ်ဘက်အောက် လက်လေးသစ်မျှ ချလျက် အဝန်းသုံးပါး ထက်ဝန်းကျင် ဝန်းဝိုင်းစွာ ရုံရန်းအံ့ဟု ကျင့်ရမည်။ ထိုသို့ မကျင့်ခြင်းကြောင့် ပရိမဏ္ဍလပါရုပနဒုက္ကဋ်အာပတ် သင့်၏၊
(၃+၄) သုသံဝုတ သိက္ခာပဒ
အနားပတ်သီးကို တပ်ပြီးမှ အလျားနားပတ်ဖြင့် လည်ပင်း, လက်ကောက်ဝတ်တို့ကို ကောင်းစွာ ဖုံးလွှမ်းရုံလျက် ရွာတွင်း၌ သွားအံ့၊ နေထိုင်အံ့ ဟု ကျင့်ရမည်။ ထိုသို့ မကျင့်ခြင်းကြောင့် သုပ္ပဋိစ္ဆန္နဒုက္ကဋ်အာပတ် သင့်၏၊
(၅+၆) သုသံဝုတ သိက္ခာပဒ
လက် ခြေတို့ကို မကစားဘဲ ကောင်းစွာ ဣန္ဒြေတို့ကို ကောင်းစွာ စောင့်ရှောက်လျက် ရွာတွင်း၌ သွားအံ့၊ နေထိုင်အံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် သုသံဝုတဒုက္ကဋ်အာပတ် သင့်၏၊
(၇+၈) ဩက္ခိတ္တစက္ခု သိက္ခာပဒ
လေးတောင်ခန့်မျှ မြေအဖို့ကို ကြည့်သဖြင့် ချအပ်သော မျက်လွှာရှိသည် ဖြစ်၍ ရွာတွင်း၌ သွားအံ့၊ နေထိုင်အံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ဩက္ခိတ္တစက္ခုဒုက္ကဋ်အာပတ် သင့်၏၊
(၉+၁၀) ဥက္ခိတ္တက သိက္ခာပဒ
တစ်ဘက်မှ ဖြစ်စေ၊ နှစ်ဘက်လုံးမှဖြစ်စေ ခါးမှ အထက် ခါးပန်းကြိုး စသည်ကို မြင်ရအောင် သင်္ကန်းကို ပင့်မြှောက်လျက် ရွာတွင်း၌ မသွားအံ့၊ မနေထိုင်အံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် န ဥက္ခိတ္တကာယဒုက္ကဋ်။
ပရိမဏ္ဍလနိဝါသန သိက္ခာပုဒ်အဓိပ္ပာယ်
လူတို့၏ ဝတ်ရုံနည်းဟူသည် -
၁။ လူတို့ ပုဆိုးဝတ်သလို သင်းပိုင်ကို ဝတ်ခြင်း၊
၂။ ဆင်နှာမောင်းကဲ့သို့ ရှေးက အစချ၍ ဝတ်ခြင်း၊
၃။ ငါးကြင်းမြီးကဲ့သို့ အစခွဲချ၍ ဝတ်ခြင်း၊
၄။ ရပ်ဝန်းကဲ့သို့ အစဝိုင်းချ၍ ဝတ်ခြင်း၊
၅။ များစွာ အတွန့်ပြု၍ ဝတ်ခြင်း၊
၆။ ခါးတောင်းကျိုက်၍ ဝတ်ခြင်းတို့သည် ဂိဟိပါရုတ (လူတို့ဝတ်ရုံနည်း) မည်၏၊
ဤဝတ်ခြင်းတို့ကား ခရီးသွားသော ရဟန်း, နာသော ရဟန်းတို့အားသော်လည်း မအပ်၊ ခရီးသွားသော ရဟန်းက အစွန်းတစ်ခုကိုဖြစ်စေ, နှစ်ခုကို ဖြစ်စေ ချီမြှောက်၍ သင်းပိုင်၏ အထက်၌ ချိတ်ဆွဲထားအံ့ မအပ်။ အတွင်း၌ သင်းပိုင်တစ်ထည်ကို ဆိုခဲ့ပြီးသော နည်းများအတိုင်း အတွင်းခံ ဝတ်၍ အပေါ်၌ သင်းပိုင်တစ်ထည် ထပ်ဝတ်သော်လည်း မအပ်၊ မနာသော ရဟန်း သင်းပိုင်နှစ်ထည် ဝတ်လိုသော် ရိုးရိုးထပ်၍သာ ဝတ်အပ်၏ဟု သိ။
သင်္ကန်းနှင့်ဆိုင်သော ဗဟုဿုတ
ယခုကာလ ချုပ်လုပ်ကြသော သင်္ကန်းများ ရှည်လျားဟန် တူကြောင်း သင်္ကန်းအခန်း၌ ပြဆိုခဲ့ပြီ။ စီဝရက္ခန္ဓက၌လည်း လည်ပင်း, ခြေသလုံးတို့၌ အထိအခိုက်များ၍ သင်္ကန်းအနား စုတ်လွယ်သောကြောင့် ဂီဝေယျက (= လည်ပင်းဖုံး အနားပတ်)၊ ဇင်္ဃေယျက (= ခြေသလုံးဖုံး အနားပတ်)တို့ကို ခွင့်ပြုတော်မူထား၏၊ သို့ဖြစ်လျှင် သင်္ကန်းရန်းသည့်အခါ အထက်ပိုင်း အဆုံးသည် လည်ပင်း လုံရုံသာဖြစ်၍ အောက်ပိုင်းအဆုံးသည် ခြေသလုံးကြွက်သား လုံရုံသာ ရှိပေလိမ့်မည်။ သို့ဖြစ်လျှင် မြတ်စွာဘုရား သင်္ကန်းတော်ပမာဏ ပြထားသော နန္ဒသိက္ခာပုဒ်၌ အလျား (၉)ထွာ၊ အနံ (၆)ထွာဟု ဆိုထားရာ မိမိတို့သင်္ကန်းလည်း မိမိတို့အထွာဖြင့် အလျား (၉)ထွာ၊ အနံ (၆)ထွာ၊ အရှည် အလျား (၄)တောင်ထွာ၊ အနံ (၃)တောင်ရှိသော သင်္ကန်းသည် ပရိမဏ္ဍလ ဖြစ်အောင် ရုံနိုင် ရန်းနိုင်လောက်၏၊ ထိုအတိုင်းအထွာအတိုင်း ဝတ်သင့်သည် ဟု ထင်မြင်ယူဆပါသည်။ ယခုခေတ် သင်္ကန်းများမှာ အလျား (၅)တောင်ထွာ၊ အနံ (၄)တောင်ထွာခန့်မျှ ရှိနေကြသည်။
အဝန်းညီစွာ ဝတ်ရာဌာနများ
ဤပရိမဏ္ဍလသိက္ခာပုဒ် နှစ်ပါးကို ကျောင်းတိုက်အတွင်း၌ လည်းကောင်း, ရွာတွင်း၌လည်းကောင်း ကျင့်ရမည်ဟု အဋ္ဌကထာ ဆို၏၊ ဘုရားဝတ်တက်ရာ, သံဃာ့အစည်းအဝေး ကြွရာ, သံဃာအများနှင့် ဆက်ဆံရာ, ဆွမ်းစားကျောင်း ဒကာ ဒကာမတို့ရှေ့ စသည်နှင့် ဆရာသမား မထေရ်ကြီးများရှေ့ စသည်ဖြင့် ကျောင်းတိုက်အတွင်း၌လည်း ကျင့်အပ်သော ကျင့်ဝတ်တို့သာတည်း။ ဝါသူပဂတဖြစ်မူ ရွာတွင်း၌လည်း ဤပရိမဏ္ဍလသိက္ခာပုဒ် နှစ်ပုဒ်ကို ကျင့်ရမည်။ အိပ်ပျော်နေသည့်အခါ မိမိချည်းနေသည့်အခါ တခြားသီတင်းသုံးဖော်များနှင့် လွတ်လပ်စွာ နေသည့်အခါတို့၌ ရှေးသိက္ခာပုဒ်နှစ်ပါးအတိုင်း နေနိုင်ရန် ခဲယဉ်း၏၊ ထိုသို့ မနေနိုင်ခြင်းကြောင့် အပြစ်ရှိသည် ဟုလည်း အဆို မရှိချေ။
အာပတ်မသင့်ပုံများ
ဝတ္ထုကို လွန်ကျူးလိုသော စေတနာမရှိသော ရဟန်း၊သတိမေ့၍ ဝတ် သော ရဟန်း၊ ဝတ်ပုံကို မသိသေးသော ရဟန်း၊ (ဝတ်ပုံကို မသိသော ရဟန်း အာပတ်မသင့်သော်လည်း ဝတ်ပုံကို သိအောင် သင်ထားရမည်၊) နာသော ရဟန်း၊ ဘေးရန်ရှိသော ရဟန်း၊ ဥမ္မတ္တကရဟန်း စသည်တို့အား အာပတ် မသင့်။ သလုံးမြင်းခေါင်း ခြောက်ကပ် ပိန်လှီသော ရဟန်း၊ ခြေသလုံး ကြီးသော ရဟန်း၊ အမာရွတ်ရှိခြင်း, အနာပေါက်နေခြင်း စသည်ကြောင့် ခြေသလုံးပေါ်နေလျှင် မသင့်လျော်သောကြောင့် လက်ရှစ်သစ်လောက်ထက် အလွန် တွဲလျားချ၍, တို၍ ဝတ်သော ရဟန်းတို့အား အာပတ်မသင့်။ ညီညီဝတ်မည်ဟု နှလုံးသွင်း၍ ဝတ်ရာ မညီမညွတ် ဖြစ်သွားခြင်းတို့ကြောင့်လည်း အာပတ်မသင့်။
အင်္ဂါ (၃) ပါး
၁။ သိက္ခာပုဒ်ကို မကျင့်လိုသော အနာဒရိယ စိတ်ထား ရှိခြင်း။
၂။ အနာပတ္တိဖြစ်ရန် အကြောင်း မရှိခြင်း။
၃။ ထက်ဝန်းကျင် ဝန်းဝိုင်းစွာ မဝတ်ခြင်းအားဖြင့် အင်္ဂါ (၃)ပါးတည်း။
(မှတ်ချက်) ဤအင်္ဂါ (၃)ပါးတွင် ရှေးနှစ်ပါးသည် သေခိယအားလုံး၌ဆိုင်၏၊ နောက်ဆုံး တစ်ပါးမှာ သိက္ခာပုဒ်၌ ပြသော ကျင့်ဝတ်ကို ပြောင်းပြန် ပြန်ထားသော အင်္ဂါ ဖြစ်သည်။ ထို့ကြောင့် ရှေ့လာမည့် သုပ္ပဋိစ္ဆန္နသိက္ခာပုဒ်၌ တတိယအင်္ဂါအဖြစ် ကောင်းစွာ မဖုံးလွှမ်းဘဲ ရုံခြင်း ဖြစ်လိမ့်မည်။ ထို့ကြောင့် နောက်နောက် သေခိယတို့၌ အင်္ဂါကို အထူးပြဖွယ် မလိုပြီ၊ နည်းယူ၍ ထုတ် တတ်ပါစေ။
(ဆောင်) မရိုသေဘိ၊ အာပတ္တိ၏ ကြောင်းမရှိခြင်း အဝန်းညီစွာ မဝတ်ပါဘိ၊ သုံးအင်ပြည့်က ဒုက္ကဋ၊ မှတ်ကြ နောက်လည်း ထို့တူတည်း။
(မေဒိနီ၊၄၄၆။)
ပရိမဏ္ဍလပါရုပန သိက္ခာပုဒ်အဓိပ္ပာယ်
ပါရုပိဿာမိ = ရုံအံ့ဟု ဆိုသော်လည်း ယခုကာလ မြို့ရွာတွင်း သွားသောအခါ သင်္ကန်းရုံခြင်းမျိုးကို မဆိုလို၊ ရန်းခြင်းကိုသာ ဆိုလိုသည်။ ပါရုပန၏ သဒ္ဒါနက်မှာ ခြုံခြင်းပင်တည်း။ အဝန်းညီစွာ ကိုယ်ဝတ်သင်္ကန်းကို ရုံခြင်းဟူသည် ခန္ဓက၌လာသော ဂိဟိပါရုတ စသော ဖောက်ပြန်သော ရုံခြင်းမျိုးလည်းမဟုတ်၊ သေခိယ၌လာသော နည်းဖြင့် သင်္ကန်းအစွန်းနှစ်ဘက် အညီထား၍ ရန်းခြင်းသည် လက်ဝဲတစ်ဘက် ပုခုံးထက်သို့ တင်သော ကိုယ်ဝတ်၏ ကျောဘက်၌ကျသော အစွန်းတစ်ခုနှင့် ဝမ်းဘက်၌ ကျသော အစွန်းတစ်ခု ဤအနားစွန်းနှစ်ခုတို့ကို ညီညီထား၍ ရန်းရမည်ဟု ဆိုကြ၏၊
ဂိဟိပါရုတ (၉) မျိုး
၁။ အဝတ်ဖြူဝတ်သော တက္ကတွန်းတို့ကဲ့သို့ အထက်ပိုင်း ကိုယ်မျှကိုသာ ဝတ်ခြင်းဟူသော သေတပါရုတ။
၂။ ပရိဗိုဇ်တို့ကဲ့သို့ ပခုံးစွန်းနှစ်ဘက်ကို တင်၍ ရင်ဘတ်ကို ဖော်ပြီး ဝတ်ခြင်းဟူသော ပရိဗ္ဗာဇကပါရုတ။
၃။ ပုဆိုးတစ်ထည်သာရှိသော သူတို့သည် ဝတ်သော ပုဆိုး၏ အစွန်းတစ်ခုဖြင့် ကျောက်ကုန်းကို ခြုံ၍ အစွန်းနှစ်ဘက်ကို ပုခုံးစွန်းသို့ တင်၍ ဝတ်ရုံခြင်းဟူသော ဧကသာဋကပါရုတ။
၄။ သေသောက်ကြူးတို့သည် ပုဆိုးဖြင့် လည်ပင်းကို ရစ်ပတ်၍ အစွန်းနှစ်ဘက်ကို ရင်၌လည်းကောင်း၊ ကျောက်ကုန်း၌ ချ၍ ဝတ်သကဲ့သို့ ဝတ်ရုံခြင်းဟူသော သူရာသောဏ္ဍပါရုတ။
၅။ နန်းတွင်းသူတို့သည် မျက်စိမျှကို ပြ၍ ဦးခေါင်း ခြုံထားသကဲ့သို့ ဝတ်ရုံခြင်း ဟူသော အန္တေပုရိကပါရုတ။
၆။ လက်သမားကြီးတို့သည် ပုဆိုးရှည်ကို ဝတ်၍ ထိုပုဆိုးရှည်၏ အစွန်းတစ်ခုဖြင့် တစ်ကိုယ်လုံး ရစ်ပတ်၍ ရုံသကဲ့သို့ ဝတ်ရုံသော မဟာဇေဋ္ဌကပါရုတ။
၇။ လယ်သမားတို့သည် လယ်တဲသို့ ဝင်သည်ရှိသော် ပုဆိုးကို ရစ်ပတ်၍ လက်ကတီးကြား၌ ထားပြီး တစ်ခုသော အစွန်းဖြင့် ကိုယ်ကို ခြုံသကဲ့သို့ ဝတ်ရုံသော ကုဋိပဝေသကပါရုတ။
၈။ ပုဏ္ဏားတို့သည် လက်ကတီးကြား နှစ်ဘက်သို့ သွင်း၍ ပုခုံးစွန်းနှစ်ဘက်သို့ တင်ထားသကဲ့သို့ ဝတ်ရုံသော ဗြဟ္မဏပါရုတ။
၉။ စီတန်းခြင်းပြုသော ရဟန်းသည် ပုခုံးစွန်းတစ်ဘက်သို့ လုံးတင်လျက် လက်မောင်းကို ဖော်၍ ရုံသကဲ့သို့ ဝတ်ရုံသော ပါဠိကာရကပါရုတ။
ဤအလုံးစုံသော ပါရုတတို့ကို ဂိဟိပါရုတဟု ခေါ်သည်။
ဤ ဂိဟိပါရုတဝတ်ရုံနည်း (၉)မျိုးတို့အတိုင်း အာရာမ်တွင်းဖြစ်စေ ရွာတွင်း၌ဖြစ်စေ မရိုမသေ ဝတ်ရုံက ဒုက္ကဋ်အာပတ် သင့်၏၊ (မေဒိနီ၊၄၄၇။)
သုပ္ပဋိစ္ဆန္နသိက္ခာပုဒ်နှစ်ခု အဓိပ္ပာယ်
မြို့တွင်း ရွာတွင်းသို့ သွားလိုသောအခါ အနားပတ်သီးကို တပ်ပြီးလျှင် လည်ပင်း, လက်ကောက်ဝတ်များကို ဖုံးမိလောက်အောင် သင်္ကန်းရုံ၍ သွားခြင်းကို သုပ္ပဋိစ္ဆန္နသွားခြင်းဟု ခေါ်၏၊ လည်မျိုမှအထက် ဦးခေါင်းကို လည်းကောင်း, လက်ကောက်ဝတ်မှ ပြင်ဘက် အဖျားဘက်လက်ကိုလည်းကောင်း, သလုံးသားမှ အောက်ခြေကိုလည်းကောင်း ဖော်ပြီးလျှင် အခြားကိုယ်အင်္ဂါများကို ဖုံး၍ထိုင်ခြင်းကို သုပ္ပဋိစ္ဆန္နထိုင်ခြင်းဟု ခေါ်သည်။ ဦးခေါင်းအတွက်မှာ ဩဂုဏ္ဌိတသိက္ခာပုဒ်ရှိ၍ လုံးလုံး မဖုံးမိစေရ။ လက်ဖျားနှင့် အောက်ပိုင်း ခြေတို့ကိုကား ဖုံးမိခြင်းကြောင့် အပြစ်သင့်ဖွယ် မရှိ။
အန္တရဃရ = မြို့တွင်းရွာတွင်း
အန္တရေ အန္တရေ ဃရာနိ ဧတ္ထာတိ အန္တရဃရော၊ အကြားအကြား၌ အိမ်ရှိသော မြို့ရွာကို ရ၏၊ ထိုမြို့ရွာတွင်း သွားသော ရဟန်း သာမဏေသည် ဆိုအပ်ပြီးသော နည်းအတိုင်း သင်္ကန်းရုံ၍ သွားရ, နေရမည်။ ဤသိက္ခာပုဒ်သည် ပရိမဏ္ဍလသိက္ခာပုဒ်နှင့် ဆက်ဆံသောကြောင့် ပုဆစ်ဒူးဝန်းမှ အောက် လက်လေးသစ် ချ၍ ထိုအောက် အပိုအလွန် တွဲလျက် မကျစေဘဲ အဝန်းညီစွာ ရုံရမည်။ ဤသို့ မရုံဘဲ ဒူးကိုလည်းကောင်း, ရင်ဘတ်ကိုလည်းကောင်း, လည်ဂုတ် ပခုံးကိုလည်းကောင်း ဖွင့်၍သွားသောရဟန်း ဒုက္ကဋ်။ စေတနာနှင့် တကွ အနားပတ်သီးကို မတပ်သော ရဟန်းအားလည်း အာပတ်မှ မလွတ်ဟု ဆိုကြ၏၊ အန္တရဃရအရ ရွာ၌ဖြစ်စေ, ကျောင်းတွင်း၌ဖြစ်စေ, လူတို့ ချက်ပြုတ်စားသောက်ရာ အရပ်ကို ယူ၊ ထိုကြောင့် ကျောင်းတွင်း၌ပင် ဖြစ်စေကာမူ လူတို့ ချက်ပြုတ်စားသောက်ရာ အရပ်သို့ သုပ္ပဋိစ္ဆန္နသိက္ခာပုဒ်နှင့်အညီ သင်္ကန်းမရုံဘဲ ဝင်သွားသော် အာပတ်သင့်ကြောင်းကို ဝိနယဝိနိစ္ဆယဋီကာကို ထောက်၍ ပြောဆိုကြ၏၊
ဝါသူပဂတ = နေခြင်းအကျိုးငှာ ကပ်ရောက်သူ
ဤသိက္ခာပုဒ် အနာပတ္တိဝါရ၌ ဝါသူပဂတသာ ပို၏၊ မြို့တွင်းရွာတွင်း၌ နေခြင်းအကျိုးငှာ ကပ်ရောက်ပြီး ခေတ္တခဏ တည်းခိုနေထိုင်သော ရဟန်းအား သင်္ကန်းမရုံသော်လည်း အာပတ်မသင့်၊ သို့သော် တည်းခိုနေထိုင်ရန် သွားသောအခါ သင်္ကန်းရုံ၍ သွားရမည်။ သင်္ကန်းမရုံဘဲ နေထိုင်သည့်အခါလည်း ပရိမဏ္ဍလသိက္ခာပုဒ်အတိုင်း နေထိုင်ရမည်ဟု သိ။
တည်းခိုနေထိုင်ခြင်းမျိုး မဟုတ်ဘဲ ပရိတ်ရွတ်, တရားဟော စသော ကိစ္စများအတွက် နေထိုင်ရာ၌ကား အချိန်ကြာသော်လည်း သင်္ကန်းရုံ၍ နေထိုင်ရမည်သာတည်း။
ကေစိဝါဒ, အပရေဝါဒတို့နှင့် ဝိမတိဆရာဝါဒ
ရဟန်းတစ်ပါးက ရှေးဦးစွာ ရွာတွင်းထဲသို့ သွား၍ နေပြီးသော် နောက်မှ သွားသော ရဟန်းတို့သည် အလိုမရှိဘဲ သင်္ကန်းမရုံဘဲ ကျောင်းတွင်းကဲ့သို့ မှတ်၍ ထိုရဟန်းရှိရာ နေရာသို့ သွားကောင်း, နေကောင်းသည်ဟု ကေစိဝါဒ ဆရာတို့ ဆိုကြ၏၊ အိမ်ရှင်တို့က အရှင်ဘုရား နေထိုင်နေသမျှ ကာလပတ်လုံး အရှင်ဘုရားတို့အား ဤအိမ်ကို ကျောင်းအဖြစ် လှူပါ၏ဟု ဆို၍ လျှောက်ထားသော် ဝါသာဓိပ္ပာယပင် မရှိသော်လည်း ကျောင်းအာရာမ်တွင်း၌ကဲ့သို့ သင်္ကန်းမရုံဘဲ အလိုရှိတိုင်း သွားလာနေထိုင်ခြင်းငှာ အပ်၏ဟု အပရေဝါဒ ဆရာတို့က ဆိုကြ၏၊
ထိုကေစိ အပရေဆရာတို့ ဆိုသောအတိုင်း ပါဠိအဋ္ဌကထာတို့၌ မလာသောကြောင့်လည်းကောင်း, လှူခြင်းလက္ခဏာ မရှိခြင်းကြောင့်လည်းကောင်း, အခိုက်အတန့် လှူကာမျှဖြင့် ကျောင်းဟူသော ခေါ်ဝေါ်ခြင်းသို့ မရောက်သောကြောင့်လည်းကောင်း ဤအကြောင်းသုံးပါးကြောင့် ဝါဒနှစ်ပါးလုံး မသင့်။ ဒါနဟူသည် ဝတ္ထုကို အပြီးအပိုင် စွန့်ခြင်းလက္ခဏာ ရှိသည်ကို ထောက်ရမည်ဟု ဝိမတိဆရာ ဆို၏၊
(မှတ်ချက်) ဒကာ ဒကာမများက ဤအိမ်ကို ကျောင်းအဖြစ် အရှင်ဘုရားအား လှူပါ၏ဟု လျှောက်ထားကြ၏၊ လျှောက်ထားသူကား စိတ်ကောင်း စေတနာကောင်းဖြင့် လျှောက်ထားခြင်းကြောင့် ကုသိုလ်ဖြစ်ဖွယ် ရှိ၏၊ ရဟန်းတော်များက ဝါသာဓိပ္ပာယ မရှိလျှင် တည်းခိုခြင်းငှာ ကပ်ရောက်ခြင်း မဟုတ်လျှင် လျှောက်ထားတိုင်း သင်္ကန်းရုံဖျက်ခြင်း စသည်ကို မပြုအပ်။ တည်းခိုခြင်း ငှာ ကပ်ရောက်လျှင်ကား ဒါယကာတို့က မည်သို့မျှ မလျှောက်ထားစေကာမူ သင်္ကန်းရုံစသည် ဖျက်၍ နေထိုင်နိုင်ခွင့် ရှိ၏၊ ညဉ့်နေ့ မရွေး ကိုယ်ကို ဖွင့်၍ ပရိမဏ္ဍလသိက္ခာပုဒ်အတိုင်း နေသော် အာပတ်မသင့်နိုင်ပေ။
သုသံဝုတ သိက္ခာပုဒ်နှစ်ခု အဓိပ္ပာယ်
သံဝရိယတေတိ သံဝုတော၊ စောင့်စည်းအပ်သော လက်, ခြေတို့ကို ရ၏၊ သုဋ္ဌု သံဝုတော ယဿာတိ သုသံဝုတော၊ ကောင်းစွာ စောင့်စည်းအပ်သော လက်ခြေရှိသော ရဟန်းကို ရ၏၊ “သုသံဝုတော = လက်ခြေကို မကစားဘဲ ကောင်းစွာ ဣန္ဒြေကို စောင့်စည်းလျက်”ဟု ရှေးနိဿယများ၌ သဒ္ဒါနက်ကို မသုံးဘဲ အဓိပ္ပာယ်ပေါ်လွင်အောင် ပေးကြ၏၊ ဘာသာဋီကာ၌ “သုသံဝုတော = ကောင်းစွာ စောင့်စည်းအပ်သော လက်ခြေရှိသည်၊ ဟုတွာ = ဖြစ်၍”ဟု သဒ္ဒါနည်း မလွတ်အောင် အနက်ပေးထားသည်။ လက်ခြေတို့ကို မလှုပ်မရှား မဆော့မကစားမိအောင် ကောင်းစွာ စောင့်ရှောက်ပြီး မြို့တွင်းရွာတွင်း၌ သွားလာနေထိုင်ရမည် ဟူ၏၊
ဩက္ခိတ္တစက္ခုသိက္ခာပုဒ်နှစ်ခု အဓိပ္ပာယ်
ဩ-သည် အဝ-၏ ကာရိယတည်း။ (အဝ = အောက်၌ + ခိတ္တ = ချထားအပ်သော + စက္ခု = မျက်စိ)။ ယဉ်ကျေးသူ ပီသအောင် လေးတောင်လောက်ကိုသာ မှန်း၍ ကြည့်ဖို့ရန် မျက်လွှာကို အောက်သို့ချလျက် သွားလာ နေထိုင်ရမည်။ ညဉ့်အိပ်နေ့နေ ကပ်ရောက်သော ဝါသူပဂတပုဂ္ဂိုလ်မှာ ပင့်မြှောက်သင့်၍ ပင့်မြှောက်မှုကြောင့် အာပတ်မသင့်၊ သို့သော် ပရိမဏ္ဍလ စသော သိက္ခာပုဒ်များ မပျက်အောင်ကား သတိထားရမည်။
ဥက္ခိတ္တကာယ သိက္ခာပုဒ်အဓိပ္ပာယ်
ဥက္ခိတ္တက = မြှောက်ပင့်အပ်သောသင်္ကန်း၊ အာယ-ကား နာ-ဝိဘတ်၏ ကာရိယတည်း။ နာ-ဝိဘတ်လည်း ဣတ္ထမ္ဘူတလက္ခဏအနက်၌ သက်ရကား ဦနပဉ္စဗန္ဓနေန - ဖြင့်ဟူရာ၌ကဲ့သို့ မြှောက်ပင့်သော သင်္ကန်းဖြင့်ဟု အနက်ပေးသည်။
သင်းပိုင် ဧကသီများကို အထက်သို့ ပင့်ကာ ပင့်ကာ စွန်တောင်ဆွဲကာ (လူများ ဟန်ပါပါသွားသကဲ့သို့) မြို့ရွာအတွင်း၌ မသွားရ၊ ထိုင်သည့်အခါ၌လည်း အတွင်းလွယ်အိတ်ထဲမှ ရေစစ်စသည်ကို ထုတ်ရာ၌ ပင့်ရုံထားသော သင်္ကန်းကို ခါးပေါ်အောင် မပင့်မမြှောက်မိစေရ။ ညဉ့်အိပ်နေ့နေ ကပ်ရောက် သော ဝါသူပဂတပုဂ္ဂိုလ်မှာ ပင့်မြှောက်သင့်၍ ပင့်မြှောက်မှုကြောင့် အာပတ် မသင့်၊ သို့သော် ပရိမဏ္ဍလစသော သိက္ခာပုဒ်များ မပျက်အောင်ကား သတိ ထားရမည်။