ဝိနည်းပဒေသာသင်တန်း/ဥဇ္ဈဂ္ဃိကဝဂ် သိက္ခာပုဒ် ၁၀-ပုဒ်
၂။ ဥဇ္ဈဂ္ဃိကဝဂ် သိက္ခာပုဒ် ၁၀-ပုဒ်
(၁၁+၁၂) ဥဇ္ဇဂ္ဃိက သိက္ခာပဒ
မြို့ရွာအတွင်း၌ တဟားဟားစသည့် ကျယ်စွာ ရယ်ခြင်းဖြင့် မသွားအံ့ မနေထိုင်အံ့ဟု ကျင့်ရမည်။ ထိုသို့ မကျင့်ခြင်းကြောင့် ဥဇ္ဇဂ္ဃိကဒုက္ကဋ်အာပတ် သင့်၏၊
(၁၃+၁၄) အပ္ပသဒ္ဒ သိက္ခာပဒ
တစ်ဆယ့်နှစ်တောင်ကွာ သဝနူပစာ ကြားလောက်ရုံ တိုးသောအသံ ရှိသည်ဖြစ်၍ မြို့ရွာအတွင်း၌ သွားအံ့၊ နေထိုင်အံ့ဟု ကျင့်ရမည်။ ထိုသို့ မကျင့်ခြင်းကြောင့် အပ္ပသဒ္ဒဒုက္ကဋ်အာပတ် သင့်၏၊
(၁၅+၁၆) ကာယပ္ပစာလက သိက္ခာပဒ
ကိုယ်ကို လှုပ်စေ လှုပ်စေ၍ မြို့ရွာအတွင်း၌ မသွားအံ့၊ မနေထိုင်အံ့ဟု ကျင့်ရမည်။ ဤသို့မကျင့်ခြင်းကြောင့် ကာယပ္ပစာလကဒုက္ကဋ်အာပတ် သင့်၏၊
(၁၇+၁၈) ဗာဟုပ္ပစာလက သိက္ခာပဒ
လက်ရုံးကို လှုပ်စေ လှုပ်စေ၍ မြို့ရွာအတွင်း၌ မသွားအံ့၊ မနေထိုင်အံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ဗာဟုပ္ပစာလကဒုက္ကဋ်အာပတ် သင့်၏၊
(၁၉+၂၀) သီသပ္ပစာလက သိက္ခာပဒ
ဦခေါင်းကို လှုပ်စေ လှုပ်စေ၍ မြို့ရွာအတွင်း၌ မသွားအံ့၊ မနေထိုင်အံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် သီသပ္ပစာလကဒုက္ကဋ်အာပတ် သင့်၏၊
ဥဇ္ဇဂ္ဃိကသိက္ခာပုဒ်နှစ်ခု အဓိပ္ပာယ်
ဥ-သဒ္ဒါသည် မြင့်မြင့်ကျယ်ကျယ် မဟန္တ-အနက်ကို ဟော၏၊ ဇဂ္ဃ-သဒ္ဒါကား ရယ်ရွင်ခြင်း ဟသန-အနက် ဟော၏၊ က-ပစ္စည်း အနက်ထူးမရှိ (သောတ္ထ)၊ နာ-ဝိဘတ် ဣတ္ထမ္ဘူတအနက်၌ သက်ထားသည်။ ကျယ်စွာ ရယ်ခြင်းဖြင့်ဟု အနက်ပေးရသည်။ အသံမြင့်မြင့် ကျယ်ကျယ် ရယ်ခြင်းကို ဥဇ္ဈဂ္ဃိကဟု ခေါ်သည်။ ရယ်စရာ အကြောင်းတစ်စုံတစ်ခု တိုက်ဆိုင်ဖြစ်ပေါ်လာသော် မြို့တွင်းရွာတွင်းဖြစ်မူ ဟားဟား ဟားဟား စသည်ဖြင့် ကျယ်လောင်စွာ အော်ဟစ် မရယ်ရ၊ ပြုံးရုံလောက်သာ ပြုံးရမည်။ အနာဒရိယ စိတ်မရှိဘဲ အသံညှင်းညှင်း ထွက်သွားသော်လည်း အပြစ် မရှိတန်ရာ။
(၁၃+၁၄) အပ္ပသဒ္ဒသိက္ခာပုဒ်နှစ်ခု အဓိပ္ပာယ်
အပ္ပသဒ္ဒါ၌ အနည်းငယ်ဟူသော အနက်ပေးရိုး ရှိသော်လည်း ဤ၌ တိုးတိုးဟု ဆိုလိုသည်။ တစ်ဆယ့်နှစ်တောင် ကျယ်သော အိမ်ဝယ် မြောက်အစွန်း၌တစ်ပါး အလယ်၌တစ်ပါး တောင်အစွန်း၌တစ်ပါး ထိုင်နေလျှင် မြောက်ဆုံးပုဂ္ဂိုလ်က ခြောက်တောင်ခန့် ကွာဝေးသော အလယ်ပုဂ္ဂိုလ်ကို လှမ်း၍ စကားပြောရာ၌ အလယ်ပုဂ္ဂိုလ်သာ အသံကိုလည်းကြား စကား၏ အဓိပ္ပာယ်ကိုလည်း နားလည်ရာ တောင်ဆုံးအစွန်းပုဂ္ဂိုလ်မှာ အသံသာ ကြား၍ အဓိပ္ပာယ်ကို သည်းသည်းကွဲကွဲ နားမလည်လျှင် အပ္ပသဒ္ဒ ဖြစ်၏၊ တောင်ဆုံးစွန်း ပုဂ္ဂိုလ်မှာလည်း ကွဲကွဲပြားပြား အဓိပ္ပာယ်နားလည်လျှင်ကား မဟာသဒ္ဒဖြစ်၍ အပြစ်သင့်သည်။
ဝိမတိဋီကာအဆို
ဤ အပ္ပသဒ္ဒသိက္ခာပုဒ်မှာ ရဟန်းအချင်းချင်း အလွတ်စကားပြောရာ၌ ပညတ်တော်မူလိုဟန် ရှိ၏၊ ဘာ့ကြောင့်နည်း မြို့ရွာအတွင်း တရားဟောသည့်အခါနှင့် အနီးအပါး ချဉ်းကပ်လာသူတို့အား စကားပြောဟောသည့် အခါတို့၌ ခြောက်တောင်ကွာလောက် နေသူကိုသာ အဓိပ္ပာယ်ကွဲပြား နားလည်ရုံလောက် ပြောလျှင် အကျိုးမရသည့်အပြင် အပြစ်ပင် ရဖွယ်ရှိသောကြောင့်တည်း။
အာပတ်မသင့်ပုံ
မြို့ရွာအတွင်း မဟာသဒ္ဒဖြစ်က အာပတ်သင့်၏ဟု ဆိုသော်လည်း တရားဟောသော ရဟန်း, ပါတိမောက်ပြသော ရဟန်း, ပရိတ်တရား ရွတ်ဖတ်သော ရဟန်းတို့အား ပရိသတ်အားလုံး ကြားလောက်အောင် အသံကျယ်ကျယ် ရွတ်ဆိုသော်လည်း အာပတ်မသင့်၊ ယခုခေတ်၌ကား အသံချဲ့စက်များဖြင့်ပင် အကူအညီယူ၍ တရားဟောကြားနေကြသည်။
ပစာလကသိက္ခာပုဒ် ခြောက်ပုဒ် အဓိပ္ပာယ်
ပ = အပြားအားဖြင့်(အမျိုးမျိုး)၊ စာလက = လှုပ်စေသည်။ လှုပ်ဟူရာ၌ ကိုယ်ကို ငြိမ်သက်တည့်မတ်စွာ မထားဘဲ ဆန့်ခြင်း, တန်းခြင်း, ဝှေ့ရမ်းခြင်း။ ဗာဟုအရ လက်ကောက်ဝတ်မှ စ၍ ပခုံးစွန်းတိုင်အောင် ယူ၊ လက်ကို မြှောက် ရမ်းခြင်း၊ ဦးခေါင်းကို ငြိမ်သက်တည့်မတ်စွာ မထားဘဲ ငိုက်စိုက်ထားခြင်း၊ စောင်းငဲ့ခြင်း၊ ခေါင်းငြိမ့်ခြင်း, ခါခြင်း, ရမ်းခြင်း စသည့်များကို ပစာလကဟု ခေါ်သည်။ ထိုကဲ့သို့ မလှုပ်စေရအောင် ခန္ဓာကိုယ် လက်ရုံး ဦးခေါင်းတို့ကို တည့်မတ်စွာနှင့် ငြိမ်သက်စွာထား၍ သွားလာနေထိုင်ရမည်။ ပစာလက၌ နိဂ္ဂဟိတ်မှာ ကြိယာဝိသေသနအနက်ကို ဟောသော ဒုတိယာဝိဘတ်၏ ကာရိယတည်း။ ထို ကြိယာဝိသေသနမျိုးကို “၍, စွာ, လျောက်, လျက်, အောင်” စသည်ဖြင့် သင့်သလို အနက်ပေးနိုင်သည်။
ဤသိက္ခာပုဒ် နှစ်ခုနှစ်ခုတို့၌ ထိုင်ခြင်းနှင့်စပ်သော သိက္ခာပုဒ်တို့တွင် ဝါသူပဂတ ပိုသည်၊ အနာပတ္တိ အာပတ်မသင့်ဟု သိ။