မာတိကာသို့ ခုန်သွားရန်

ဝိနည်းပဒေသာသင်တန်း/ပါဋိဒေသနီအာပတ်

ဝီကီရင်းမြစ် မှ

ပါဋိဒေသနီအာပတ်

အာပတ် (၆)မျိုး အကျဉ်းချုံးပြီး သင်ကြားပြီးခဲ့လေပြီ။ ယခု ပါဋိဒေသနီ အာပတ် (၄)မျိုးကို ဆက်လက်ပြဆိုပါမည်။ ပါဋိဒေသနီအာပတ်များကို အခြားအာပတ်များ ဒေသနာပြောကြားသကဲ့သို့ မပြောကြားရဘဲ သိက္ခာပုဒ် ပါဠိ၌ ပါရှိသည့်အတိုင်း သီးခြား ဒေသနာကြားရ၏၊

“ဂါရယှံ အာဝုသော (ဘန္တေ) ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ၊ တံ ပဋိဒေသေမိ”ဟု ဆို၍ ဒေသနာပြောကြားရ၏၊ ထို့ကြောင့် ပါဋိဒေသနီယဟု ခေါ်သည်။

အာဝုသော =ငါ့ရှင် (ဘန္တေ =အရှင်ဘုရား)။ အဟံ = ငါသည် (တပည့်တော်သည်)။ ဂါရယှံ = ကဲ့ရဲ့ထိုက်သော။ အသပ္ပါယံ = နတ်ပြည်နိဗ္ဗာန်အား မလျောက်ပတ်သော။ ပါဋိဒေသနီယံ = ပါဋိဒေသနီမည်သော။ ဓမ္မံ = အာပတ်သို့၊ အာပဇ္ဇိံ = ရောက်ပါပြီ။ တံ = ထိုပါဋိဒေသနီအာပတ်ကို။ ပဋိဒေသေမိ = သီးခြား ပြောပါ၏၊ (ဝါ) သီးခြား ဒေသနာကြားပါ၏၊

(မှတ်ချက်) ဤ ပါဋိဒေသနီအာပတ်ကို အခြားအာပတ်များ ဒေသနာကြားသကဲ့သို့ ရိုးရာအတိုင်း ဒေသနာကြားလျှင်လည်း အာပတ်မှမထဟု မဆိုသာချေ။ ထို့ကြောင့် ဤဒေသနာကြားနည်းဖြင့် ကြားသူ နည်းပါးနေသည်။

၁။ ပထမ ပါဋိဒေသနီ

ရွာတွင်းသို့ ဆွမ်းခံဝင်သော ဆွေမျိုးမတော်စပ်သော ရဟန်းမိန်းမ၏ လက်မှ ခဲဖွယ်ကိုဖြစ်စေ ဘောဇဉ်ကိုဖြစ်စေ မိမိလက်ဖြင့် (ကိုယ်တိုင်)ခံယူ၍ မစားရ။ စားလျှင် မျိုတိုင်းမျိုတိုင်း ပထမပါဋိဒေသနီအာပတ် သင့်၏၊

၂။ ဒုတိယပါဋိဒေသနီ

ဒါယကာတို့ ဆွမ်းစားပင့်ဖိတ်၍ အိမ်၌ ရဟန်းတို့ ဆွမ်းဘုဉ်းပေးနေစဉ် ရဟန်းမိန်းမကဤအရှင်၏ သပိတ်၌ ဟင်းထည့်ပေးလော့ ထမင်းထည့်ပေးလော့”ဟု စီရင် ပြောဆိုငြားအံ့၊ ထိုရဟန်းမိန်းမကို တစ်ဦးတစ်ယောက်သော ရဟန်းကမျှ “နှမ ..ရဟန်းတော်တို့ ဆွမ်းဘုဉ်းပေးနေတုန်း သင် တခြားသို့ သွားနေလော့”ဟု မမောင်းမဲဘဲလျက် ဆက်လက်ခံယူ၍ မစားရ။ စားလျှင် မျိုတိုင်းမျိုတိုင်း ဒုတိယပါဋိဒေသနီအာပတ် သင့်၏၊

(မှတ်ချက်) ဤပထမနှင့်ဒုတိယ ပါဋိဒေသနီသိက္ခာပုဒ်နှစ်ပုဒ်တို့သည် ယခု အခါ၌ ဘိက္ခုနီမများ မရှိတော့၍ အာပတ်သင့်ဖို့ရာအကြောင်း မရှိတော့ပါ။

၃။ တတိယပါဋိဒေသနီ

သေက္ခဟု သမုတ်အပ်ကုန်သော အကြင်အမျိုးတို့သည် ရှိကုန်၏၊ ထိုသို့ သဘောရှိကုန်သော သေက္ခဟုသမုတ်အပ်ကုန်သော အမျိုးတို့၌ အိမ်၏ ဥပစာသို့ မရောက်မီ ရှေ့အဖို့က ပင့်လည်း မပင့်အပ်၊ ဂိလာနလည်း မဟုတ်ဘဲ ခဲဖွယ်ကိုဖြစ်စေ ဘောဇဉ်ကိုဖြစ်စေ မိမိကိုယ်တိုင် ခံယူ၍ ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ ထိုရဟန်းသည် “ဂါရယှံ အာဝုသော ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ၊ တံ ပဋိဒေသေမိ”ဟု ဆို၍ သီးခြား ဒေသနာ ပြောရမည်။

(မှတ်ချက် သေက္ခဟု သမုတ်ရလောက်အောင် သဒ္ဓါတရားကောင်းသော်လည်း ပစ္စည်းဥစ္စာ ဆုတ်ယုတ်နေသောကြောင့် အလှူခံလာသမျှ ဆွမ်းခံလာသမျှကို လှူနေလျှင် ထိုသူတို့ ပို၍ ပင်ပန်းသွားမည် စိုးသောကြောင့် ရှေးဦးစွာ သိမ်ထဲ၌ သံဃာစည်းဝေး၍ ဉတ်ကမ္မဝါစာဖြင့် သေက္ခဟု သမုတ်ထားရသည်။ ထိုအိမ်၌ သံဃာတော်တို့ ဆွမ်းခံခြင်းစသော အလှူခံမှု မပြုရဟု ပညတ်တော်မူ၍ သူတို့ တတ်နိုင်သမျှ ပင့်ဖိတ်သောအခါ၌သာလျှင် သူတို့ သဒ္ဓါတရားမပျက်အောင် အလှူခံရန် ခွင့်ပြုတော်မူခြင်း ဖြစ်သည်။

ဤသိက္ခာပုဒ်တော်၌ ဘုရားရှင်၏ ကရုဏာတော် မေတ္တာတော်နှင့် မြော်မြင်တော်မူပုံများကို စဉ်းစားဆင်ခြင် ကြည်ညိုပြီးလျှင် မိမိတို့နှင့် စပ်ဆိုင်ရာ ဒါယကာဒါယိကာမတို့အားလည်း သူတို့ လှူလိုတိုင်း လက်မခံဘဲ အရာရာ ထောက်ထား၍ အလှူခံသင့်မှ ခံစေလိုသော ဘုရားရှင်၏ အလိုတော်ကို နားလည်ကြပါလေ။

သေက္ခပုဂ္ဂိုလ်နှင့် သေက္ခဟုသမုတ်ပုံ

သောတာပန် သကဒါဂါမ် အနာဂါမ် (အရိယာ)ဖြစ်ပြီးသူများကို သေက္ခ ဟု ခေါ်၏၊ ထိုသူတို့ကား သေက္ခအစစ်အမှန်များတည်း။ (သေက္ခ = ကျင့်ဆဲ ပုဂ္ဂိုလ်) ထိုသို့ အရိယာဖြစ်ပြီးသူများသည် အလှူဒါန၌ လွန်စွာ မွေ့လျော်ကြ ၏၊ အစစ်အမှန် အလှူခံပုဂ္ဂိုလ်က သူတို့နှင့်ထိုက်တန်သော ပစ္စည်းကို အလှူခံလာလျှင် မိမိမှာ ရှိနေသောပစ္စည်းကို မပေးမလှူဘဲ မနေနိုင်ကြ၊ ဤကား သေက္ခပုဂ္ဂိုလ်တို့၏ ထုံးစံတည်း။

အိမ်တစ်အိမ်၌ကား သမီးခင်ပွန်း ဇနီးမောင်နှံနှစ်ယောက်လုံးပင် သေက္ခ (အရိယာ) မဖြစ်သေးသော်လည်း သဒ္ဓါတရားမှာ သေက္ခ (အရိယာ)တို့ကဲ့သို့ပင် ထက်သန်ကြ၏၊ ပစ္စည်းဥစ္စာမှာ ဆုတ်ယုတ်နေအံ့၊ (လှူရလွန်း၍ဖြစ်စေ အရောင်းအဝယ် မကောင်း၍ဖြစ်စေ တစ်နည်းနည်းဖြင့် ဆုတ်ယုတ်နေအံ့၊) သံဃာအများအား သိမ်အတွင်း၌ စုဝေးကာဉတ္တိဒုတိယကမ္မဝါစာဖြင့် ထိုအိမ်သူအိမ်သားများကို သေက္ခဟု သမုတ်ထားရလေသည်။

သမုတ်ပုံ

ရှေးဦးစွာ ကျောင်းတိုက်တွင်း၌ ရဟန်းတော်များကို သိမ်အတွင်း၌ အချင်းချင်း နှစ်တောင့်ထွာအတွင်း ရှိအောင် စုဝေးစေရ၏၊ သံဃာစုံညီသောအခါ သွက်သွက်လက်လက် ထက်ထက်မြက်မြက်ရှိသော ရဟန်းတော် တစ်ပါးသည် ကမ္မဝါစာ ကံပြုသောစကားဟုခေါ်သော ပါဠိစကားဖြင့် အောက်ပါအကြောင်းအရာကို သံဃာတော်အား ပြောပြရသည်။ ထိုသို့ ပြောပြခြင်းကိုပင် ကမ္မဝါဖတ်ခြင်းဟု ခေါ်သည်။ အမှန်မှာ စာမကြည့်ဘဲ ရွတ်ဆိုရမည်သာ ဖြစ်သည်။ စာကြည့်ဖတ်ခြင်းကား အရကျက်မထားနိုင်၍, ရသော်လည်း မတော်တဆ ကမ္မဝါစာ တစ်လုံးတစ်လေ မှားမည်စိုး၍ ကြည့် ဖတ်ခြင်း ဖြစ်သည်။

ကမ္မဝါစာဖတ်ပုံ

ဉတ်စကား ---- သုဏာတု မေ ဘန္တေ သံဃော (ဣတ္ထန္နာမံ) ကုလံ သဒ္ဓါယ ဝဍ္ဎတိ၊ ဘောဂေန ဟာယတိ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော (ဣတ္ထန္နာမဿ) ကုလဿ သေက္ခသမ္မုတိံ ဒဒေယျ၊ ဧသာ ဉတ္တိ။

ကမ္မဝါစာ --- သုဏာတု မေ ဘန္တေ သံဃော (ဣတ္ထန္နာမံ) ကုလံ သဒ္ဓါယ ဝဍ္ဎတိ၊ ဘောဂေန ဟာယတိ၊ သံဃော (ဣတ္ထန္နာမဿ) ကုလဿ သေက္ခသမ္မုတိံ ဒေတိ၊ ယဿာယသ္မတော ခမတိ (ဣတ္ထန္နာမဿ) ကုလဿ သေက္ခသမ္မုတိယာ ဒါနံ၊ သော တုဏှဿ။ ယဿ နက္ခမတိ၊ သော ဘာသေယျ။

ထို အရှင်သည် ငါသဘောမတူဟု ပြောနိုင် ကန့်ကွက်နိုင်သည်။ (ဤသို့ မေးသောအခါ မည်သူမျှ မကန့်ကွက်ဘဲ ဆိတ်ဆိတ်နေကြလျှင် ထိုသေက္ခသမုတ်မှု အထမြောက်တော့၏၊)

နိဂုံးစကား --- ဒိန္နာ သံဃေန (ဣတ္ထန္နာမဿ) ကုလဿ သေက္ခသမ္မုတိ၊ ခမတိ သံဃဿ၊ တသ္မာ တုဏှီ၊ ဧဝမေတံ ဓာရယာမိ။

ဤအချိန်ကျမှ သမုတ်မှုကိစ္စ ပြီးစီး၏၊ ဤသို့ သမုတ်ထားသော အိမ်မှ ခဲဖွယ် ဘောဇဉ်များကို ဆွမ်းခံသလို ကိုယ်တိုင် မခံယူရတော့ချေ။

မှတ်သားဖွယ် ဗဟုသုတ

ဤနေရာဝယ် ဘောဇဉ် မတ္တညုတာ (အလိုက်သိမှု)ဟု ဟောတော်မူသည်နှင့်စပ်၍ ကျမ်းစာတို့၌ ဖွင့်လေ့ရှိသော အလိုက်သိပုံများကို သိထားသင့်သည်။ ရဟန်း သာမဏေများသည် ဆွေမျိုးမတော်သော အလှူရှင် (သို့မဟုတ်) “အလိုရှိရာ တောင်းခံပါ”ဟု ဖိတ်မန်လျှောက်ထားခြင်း မရှိဖူးသော အလှူရှင်တို့ထံမှ မည်သည့်ပစ္စည်းကိုမျှ, အယုတ်ဆုံး ရေကိုမျှ မတောင်းကောင်းကြောင်း သေခိယ သူပေါဒနဝိဉတ္တိသိက္ခာပုဒ်, သင်္ကန်း စသည်မှာ အညာတကဝိညတ္တိသိက္ခာပုဒ်တို့ဖြင့် သိပါ။

အလှူရှင် (၃) မျိုး

ဤနေရာ၌ အလှူခံကောင်းသော (၁) ဉာတိ = ဆွေမျိုးအလှူရှင်၊ (၂) ပဝါရိတ = ဖိတ်မန်ထားသော အလှူရှင်၊ (၃) ဆွမ်းခံသလိုရပ်၍ ဘာမျှ မပြောဘဲ အလှူခံရသော အလှူရှင်ဟု (၃)မျိုး ရှိ၏၊ ဤ (၃)မျိုးတို့အပေါ်၌ အလှူခံပုဂ္ဂိုလ်က အလိုက်သိရသော အချက် (၃) ချက် ရှိ၏၊

အချက် (၃) ချက်

ထိုသုံးချက်ကား - ၁။ အလှူရှင်၏ အလိုဆန္ဒ ၂။ လှူဖွယ်ဝတ္ထု၏ပမာဏ (အနည်းအများ) ၃။ အလှူခံပုဂ္ဂိုလ်၏ အတိုင်းအရှည်သိမှု - ဤသုံးပါးတို့တည်း။ ထိုတွင် ---

၁။ အလှူရှင်မှာ ပစ္စည်းဥစ္စာ ပေါများပါသော်လည်း သူ့ဆန္ဒက နည်းနည်းသာ လှူလိုလျှင် (သူ့မှာ ပစ္စည်းဥစ္စာ မည်မျှပင်ပေါပေါ မိမိမှာ မည်မျှပင် အသုံးလိုလို) သူ၏ဆန္ဒ, သူ၏သဒ္ဓါတရားကိုလိုက်၍ နည်းနည်းသာ အလှူခံပါ။ များများအလှူခံနေလျှင် သူ၏ သဒ္ဓါ, ဆန္ဒနှင့် မကိုက်ညီ၍ အလိုက်မသိရာ ရောက်လိမ့်မည်။

၂။ အလှူရှင်သည် သဒ္ဓါတရား ကောင်းလှ၏၊ မိမိအတွက်ဆိုလျှင် ကုန်ကုန် ခမ်းခမ်း လှူဒါန်းမည်သာ။ သို့သော် သူ့မှာ ပစ္စည်းဥစ္စာကား ပေါများလှသည် မဟုတ်၊ (လှူဖွယ်ဝတ္ထုကား နည်းနည်းသာ ရှိနေ၏၊) ထိုကဲ့သို့သော အလှူရှင်မျိုးထံ (သူ့သဒ္ဓါတရား ဘယ်လောက်ပင် ကောင်းကောင်း, မိမိမှာ မည်မျှပင် အသုံးလိုလို) သူ၏ လှူဖွယ်ဝတ္ထုအခြေအနေကို ထောက် ထား၍ နည်းနည်းပါးပါးသာ အလှူခံပါ။

များများအလှူခံနေလျှင် သူ့မှာရှိသော ပစ္စည်းနှင့် မကိုက်ညီ၍ အလိုက်မသိရာ ရောက်လိမ့်မည် ဟူလို၊ ဤသိက္ခာပုဒ်အရ သေက္ခမျိုးဟု ကမ္မဝါစာဖြင့် သမုတ်ရခြင်းမှာလည်း ဤအလှူရှင်မျိုးကို ညှာတာခြင်းပင်တည်း။

၃။ အလှူရှင်တစ်ဦးကား ပစ္စည်းဥစ္စာတွေလည်း ပေါများ၏၊ သဒ္ဓါတရားလည်း ကောင်းလှ၏၊ သို့သော် (သူက တစ်ရာတန် လှူနိုင်သော်လည်း မိမိမှာ တစ်ဆယ်တန်သာ အသုံးလိုလျှင်) မိမိ အသုံးလိုသလောက်သာ အလှူခံပါ။ အလှူရှင်က ပစ္စည်းပေါသလောက် သဒ္ဓါတရား ကောင်းသလောက် အလှူခံနေလျှင် မိမိသုံး၍ ပိုနေသမျှ အချည်းနှီးဖြစ်စရာရှိသောကြောင့် (ဘုန်းကြီးတွေ အလိုက်မသိတတ်ဘူးဟု) ဘေးလူများ၏ အကဲ့အရဲ့ဒဏ်ကို တစ်သာသနာလုံး ခံရမည်ဟူလို။ ထိုကြောင့် အလှူခံပုဂ္ဂိုလ်တို့မှာ အဘက်ဘက်က အလိုက်သိတတ်မှသာ လူအများနှင့် ဆက်ဆံရာဝယ် ပြေပြေပြစ်ပြစ် ဖြစ်နိုင်ဖွယ်ရာ ရှိပါသည်။ (ဧကနိပါတ အင်္ဂုတ္တရအဋ္ဌကထာ ဝီရိယာရမ္ဘာဒိဝဂ်၊ ဘုရားဥပဒေတော်ကြီး၊၂၇၅၊၊)

သတ္တာဟကာလိက ယာမကာလိက ယာဝဇီဝိကတို့ကို အာဟာရအလို့ငှာ အလှူခံလျှင် ဒုက္ကဋ်အာပတ် သင့်၏၊

၄။ စတုတ္ထပါဋိဒေသနီ

ခိုးသူ, သူပုန်တို့ဖြင့် ရွံရှာဖွယ် ယုံမှားဖွယ်ရှိ၏ဟု သမုတ်အပ်သော ဘေးဘျမ်းနှင့်တကွဖြစ်သော တောရကျောင်း၌နေသော ရဟန်းသည် မိမိအား ခဲဖွယ်, ဘောဇဉ်တို့ကို လာလှူပါမည်ဟု ရှေးဦးစွာ ကြိုတင်၍မလျှောက် ထားဘဲ ပို့လှူလာသော ခဲဖွယ်ကိုဖြစ်စေ, ဘောဇဉ်ကိုဖြစ်စေ အာရာမ် အတွင်း၌ မနာမဖျားဘဲလျက် မိမိလက်ဖြင့် (ကိုယ်တိုင်) ခံယူ၍ မစားရ။ စားလျှင် မျိုတိုင်းမျိုတိုင်း စတုတ္ထပါဋိဒေသနီအာပတ် သင့်၍ “ဂါရယှံ အာဝုသော (ဘန္တေ) ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ၊ တံ ပဋိဒေသေမိ”ဟုဆို၍ ဒေသနာကြားရမည်။ (ခံယူအံ့ ဒုက္ကဋ်၊ မျိုတိုင်းမျိုတိုင်း ပါဋိဒေသနီအာပတ်သင့်၏၊)

ပုဗ္ဗေ အပ္ပဋိသံဝိဒိတံ - ပုဗ္ဗအရ ရှေးဦးစွာဟူသည် အာရာမ်၏ ဥပစာသို့ မရောက်မီ ရှေးရှေးအချိန်အခါများတည်း၊ နက်ဖြန် ဘောဇဉ်ကို တောကျောင်းသို့ သွား၍ ပို့လိုလျှင် ယနေ့လိုကဖြစ်စေ, အာရာမ်ဥပစာသို့ မရောက်မီ အချိန်ကပ်၍ဖြစ်စေ မည်သူက ခဲဖွယ်ကို (သို့) ဘောဇဉ်ကို (သို့) နှစ်မျိုးလုံးကို ပို့လှူလာပါလိမ့်မည်ဘုရား”ဟု ရှေးဦးစွာ ကြိုတင်၍ မလျှောက်အပ်သော အာမိသကို အပ္ပဋိသံဝိဒိတဟု ခေါ်သည်။ နက်ဖြန် မည်သူက ဆွမ်းကပ်လာပါလိမ့်မည်ဟု မလျှောက်အပ် ဟူလို။

ကြိုတင်၍သိစေခြင်း အကျိုး

တင်ကြို၍ လျှောက်ထားလာသောအခါ “အနီးအပါးမှာ ခိုးသူဘေးရန်တွေရှိကြောင်း”ကို ပြောပြရသဖြင့် အလှူရှင်တို့မှာ ဘေးအန္တရာယ်တွေ လွတ်ကင်းအောင် အစောင့်အရှောက်များစွာနှင့် လာနိုင်ခွင့်ရခြင်း အကျိုးရှိ၏၊ ထို့ပြင် ခိုးသူ သူပုန်များကိုလည်း “နက်ဖြန် ဆွမ်းပို့လာသူ လူတွေလာကြလိမ့်မည် သင်တို့ကို မဖမ်းမိအောင် မသိအောင် လွတ်ရာသို့ ရှောင်နေကြ”ဟု သတိပေးရခြင်း အကျိုးရှိသည်။

ထိုသို့ ပြောမထားလျှင် “ရဟန်းများသည် ငါတို့ကိုမျှ သတိမပေးကြ”ဟု အလှူရှင်ဘက်, ခိုးသူဘက် နှစ်ဘက်လုံးကပင် အပြစ်တင်စရာ ရှိသည်။

(မှတ်ချက်) နောက်ဆုံးကွက်ဇယားသည် ဘိက္ခုနီမနှင့် သီလရှင်များအတွက် ရည်ရွယ်သည်။

မဟာဝါပါဠိတော်၌ ဆရာလေးပါး တပည့်လေးပါးတို့ကို အဖအမှတ်၊ သားအမှတ်အနေဖြင့် စိတ်ထားရန် ဟောတော်မူသည်။ ခုဒ္ဒသိက္ခာဘာသာဋီကာ (စာမျက်နှာ-၂၀၈ ၌ အာစရိယသည် ဦးကြီး ဦးလေး၊ ဘကြီး ဘထွေးနှင့် တူ၏၊ အန္တေဝါသိကတပည့်ကား တူနှင့် တူသည်ဟု ဆိုထားပါ သည်။)