သမ္ဗဟုလဘိက္ခုဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၁၄-ဗုဒ္ဓဝဂ္ဂ။ ၈. သမ္ဗဟုလဘိက္ခုဝတ္ထု
၁၉၄။ သုခေါ ဗုဒ္ဓါနမုပ္ပါဒေါ၊ သုခါ သဒ္ဓမ္မဒေသနာ၊
သုခါ သံဃဿ သာမဂ္ဂီ၊ သမဂ္ဂါနံ တပေါ သုခေါ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လောကမှာ ချမ်းသာဟူသည် အဘယ်နည်းဟု ပြောဆိုဆွေးနွေးကြသော ရဟန်းငါးရာတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ရဟန်းငါးရာတို့ ရဟန္တာဖြစ်ကြသည်။
အနက်
ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏။ ဥပ္ပါဒေါ၊ ပွင့်ထွန်းပေါ်ပေါက်ခြင်းသည်။ သုခေါ၊ ချမ်းသာ၏။ သဒ္ဓမ္မဒေသနာ၊ သူတော်ကောင်းတရားကို ဟောကြားတော်မူခြင်းသည်။ သုခါ၊ ချမ်းသာ၏။ သံဃဿ၊ သံဃာ၏။ သာမဂ္ဂီ၊ ညီညွတ်ခြင်းသည်။ သုခါ၊ ချမ်းသာ၏။ သမဂ္ဂါနံ၊ စိတ်ဓာတ်ညီညွတ်သူတို့၏။ တပေါ၊ အကျင့်သည်။ သုခေါ၊ ချမ်းသာခြင်း၏ အကြောင်းတည်း။
စကားပြေ
ဘုရားရှင်ပွင့်ထွန်းပေါ်ပေါက်ခြင်း၊ သူတော်ကောင်းတရားကို ဟောကြားတော်မူခြင်း၊ သံဃာများ ညီညွတ်ခြင်းတို့သည် ချမ်းသာခြင်း အစစ်တည်း။ စိတ်ဓာတ်ညီညွတ်သူတို့၏ အကျင့်သည် ချမ်းသာကြောင်း အစစ်အမှန်တည်း။
သုခေါ ဗုဒ္ဓါနမုပ္ပါဒေါ– ဘုရားရှင်များ ဖြစ်ပေါ်လာသည်ရှိသော် လူအပေါင်းတို့ကို ရာဂအစရှိသော ခရီးခဲမှ လွတ်မြောက်စေသောကြောင့် ဘုရားရှင်တို့၏ ဖြစ်ပေါ်ခြင်းကို ချမ်းသာသည်ဟု ဆိုပါသည်။
သုခါ သဒ္ဓမ္မဒေသနာ– တရားဟောခြင်းကို အကြောင်းပြု၍ ဇာတိစသော သဘောရှိသော သတ္တဝါတို့သည် ဇာတိစသည်မှ လွတ်မြောက်ကုန်သောကြောင့် တရားဟောခြင်းကို ချမ်းသာသည်ဟု ဆိုပါသည်။
သုခါ သံဃဿ သာမဂ္ဂီ၊ သမဂ္ဂါနံ တပေါ သုခေါ– စိတ်သဘောတူ၍ ညီညွတ်သော ပုဂ္ဂိုလ်တို့အား ဘုရား၏ စကားတော်တို့ကို သင်ခြင်းငှာလည်းကောင်း၊ ဓုတင်တို့ကို ဆောင်ခြင်းငှာလည်းကောင်း၊ ရဟန်းတရားကို ပွားများခြင်းငှာလည်းကောင်း စွမ်းနိုင်သောကြောင့် သံဃာညီညွတ်မှုနှင့် ညီညွတ်သူတို့၏ အကျင့်ကို ချမ်းသာသည်ဟု ဆိုပါသည်။
ချမ်းသာစစ်– မင်းစည်းစိမ် ကာမဂုဏ်စည်းစိမ် သလဲသား ပြွမ်းထမင်း အရသာတို့သည် ဝဋ်ဆင်းရဲနှင့် ရောပြွမ်းနေမှုကြောင့် ချမ်းသာသည် မမည်။ ဘုရားပွင့်ပေါ်ခြင်း တရားနာရခြင်း သံဃာအချင်းချင်း ညီညွတ်ခြင်း ဝမ်းမြောက်စရာ တရားကျင့်ရခြင်းတို့သည် ချမ်းသာအစစ်ဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၆၂)
ပါဠိသဒ္ဒါခက်ဆစ်
သဒ္ဓမ္မဒေသနာ = သဒ္ဓမ္မဿ ဒေသနာ သဒ္ဓမ္မဒေသနာ။ သဒ္ဓမ္မ + ဒေသနာ။
သာမဂ္ဂီ– သမံ သမကာလမေဝ ဂဏှာတီတိ သမဂ္ဂေါ။ သမ္မ + ဂဟ + ကွိ။ သမဂ္ဂါနံ ဘာဝေါ သာမဂ္ဂီ။ သမဂ္ဂ + ဏ + ဤ။
သမ္ဗဟုလဘိက္ခုဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၁၄-ဗုဒ္ဓဝဂ်
၈-သမ္ဗဟုလဘိက္ခုဝတ္ထုပါဠိဂါထာ
သုခါ သံဃဿ သာမဂ္ဂီ, သမဂ္ဂါနံ တပေါ သုခေါ။
ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏။ ဥပ္ပာဒေါ၊ ပွင့်တော်မူခြင်းသည်။ သုခေါ၊ ချမ်းသာ ကြောင်းတည်း။၂ သဒ္ဓမ္မဒေသနာ၊ သူတော်ကောင်းတရားကို ဟောပြောခြင်းသည်။ သုခါ၊ တည်း။ သံဃဿ၊ သံဃာ၏။ သာမဂ္ဂီ၊ ညီညွတ်သူ၏အဖြစ်သည်။ (ညီညွတ်ခြင်း သည်) သုခါ၊ တည်း။ သမဂ္ဂါနံ၊ ညီညွတ်သူတို့၏။ တပေါ၊ အကျင့်သည်။ သုခေါ၊ တည်း။ (ပါ-၁၉၄)
၂။ သုခေါ ဗုဒ္ဓါနမုပ္ပါဒေါ။ ။ သုခသဒ္ဒါသည် သုခဝေဒနာ, သုခမူလ, သုခါရမ္မဏ, သုခဟေတု, သုခပစ္စယဋ္ဌာန, အဗျာပဇ္ဇ, နိဗ္ဗာန်စသော အနက်တို့ကိုဟောရာ ဤ၌ သုခမူလ ဟူသော အနက်ကို ဟော၏၊ ဥပ္ပါဒေါလည်း “ဥပ္ပဇ္ဇမာနဥပ္ပါဒ, ဥပ္ပန္နဥပ္ပါဒ”ဟု ၂မျိုးရှိရာ တော ထွက်တော်မူရာအခါ, တုသိတာနတ်ပြည်, ဒီပင်္ကရာမြတ်စွာဘုရား၏ ခြေတော်ရင်းတို့မှ စ၍ အရဟတ္တမဂ်အထိသည် ဥပ္ပဇ္ဇမာနဥပ္ပါဒတည်း၊ အရဟတ္တဖိုလ်အခိုက်သည် ဥပ္ပန္နဥပ္ပါဒတည်း၊ ထို၂မျိုးလုံးသည် သုခမူလ(ချမ်းသာဖို့ အကြောင်းရင်း)ချည်း ဖြစ်သည်။ (ဓမ္မဋီ)
သမ္ဗဟုလဘိက္ခုဝတ္ထုဂါထာနိဿယပြီးပြီ။