သာရိပုတ္တတ္ထေရဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၈ - သာရိပုတ္တတ္ထေရဝတ္ထု
၁၁။ အသာရေ သာရမတိနော၊ သာရေ စ အသာရဒဿိနော။
တေ သာရံ နာဓိဂစ္ဆန္တိ၊ မိစ္ဆာသင်္ကပ္ပဂေါစရာ။
၁၂။ သာရဉ္စ သာရတော ဉတွာ၊ အသာရဉ္စ အသာရတော။
တေ သာရံ အဓိဂစ္ဆန္တိ၊ သမ္မာသင်္ကပ္ပဂေါစရာ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန်တို့၏ ဆရာဟောင်းဖြစ်သော သိဉ္စည်းဆရာ၏ ဘုရားရှင်အထံ မလာခြင်းကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်၏အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။
အနက်
ယေ၊ အကြင်သူတို့သည်။ အသာရေ၊ အနှစ်မရှိသောတရား၌။ သာရမတိနော၊ အနှစ်ရှိ၏ဟု အယူရှိကြကုန်၏။ သာရေ စ၊ အနှစ်ရှိသောတရား၌မူကား။ အသာရဒဿိနော၊ အနှစ်မရှိဟု အယူရှိကြကုန်၏။ တေ၊ ထိုသူတို့သည်။ မိစ္ဆာသင်္ကပ္ပဂေါစရာ၊ မှားသောကြံစည်မှုလျှင် အာရုံရှိကြကုန်သည်ဖြစ်၍။ သာရံ၊ အနှစ်ရှိသော သီလစသော ဂုဏ်ကျေးဇူးတရားကို။ နာဓိဂစ္ဆန္တိ၊ မရနိုင်ကြကုန်။
ယေ၊ အကြင်သူတို့သည်။ သာရဉ္စ၊ အနှစ်ရှိသောတရားကိုလည်း။ သာရတော၊ အနှစ်ရှိသောအားဖြင့်။ အသာရဉ္စ၊ အနှစ်မရှိသောတရားကိုလည်း။ အသာရတော၊ အနှစ်မရှိသောတရားအားဖြင့်။ ဉတွာ၊ သိကုန်၍။ တေ၊ ထိုသူတို့သည်။ သမ္မာသင်္ကပ္ပဂေါစရာ၊ မှန်ကန်သောကြံစည်မှုလျှင် အာရုံရှိကုန်သည်ဖြစ်၍။ သာရံ၊ အနှစ်ရှိသော သီလစသော ဂုဏ်ကျေးဇူးတရားကို။ အဓိဂစ္ဆန္တိ၊ ရကုန်၏။
စကားပြေ
အနှစ်မရှိသောတရားကို အနှစ်ရှိ၏ အနှစ်ရှိသောတရားကို အနှစ်မရှိဟု မှတ်ထင်၍ အယူမှားသောသူတို့သည် သီလစသော ဂုဏ်ကျေးဇူး အနှစ်သာရကို မရကြကုန်။
အနှစ်ရှိသောတရားနှင့် အနှစ်မရှိသောတရားတို့ကို အယူမှန် အမြင်မှန်ဖြင့် သိသောသူတို့သည် သီလစသော ဂုဏ်ကျေးဇူးအနှစ်သာရကို ရကြကုန်၏။
အသာရေ သာရမတိနော— ၌ အသာရ အရ ပစ္စည်း ၄-ပါး ၁၀-ပါးသော အကြောင်းရှိသော မိစ္ဆာအယူ မိစ္ဆာအယူဖြင့် ဘရာဟောကြားမှုဖြစ်သည်။
သာရေ စ အသာရဒဿိနော— ၌ သာရ အရ ၁၀-ပါးသော အကြောင်းရှိသော သမ္မာအယူဖြင့် တရားဟောကြားမှုဖြစ်သည်။
တေ သာရံ နာဓိဂစ္ဆန္တိ— ၌ သာရ အရ သီလ, သမာဓိ, ပညာ အရဟတ္တဖိုလ် ဟု ဆိုအပ်သော ဝိမုတ္တိ ပစ္စဝေက္ခဏာဉာဏ် ဟု ဆိုအပ်သော ဝိမုတ္တိဉာဏဒဿန, ပရမတ္ထသာရခေါ်သော နိဗ္ဗာန်ဖြစ်သည်။
မိစ္ဆာသင်္ကပ္ပဂေါစရာ— ၌ မိစ္ဆာ အရ မိစ္ဆာဒိဋ္ဌိအယူဖြစ်၍ သင်္ကပ္ပ အရ ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာဝိတက် ဟူသော ဝိတက် ၃-ပါးဖြစ်သည်။
ဗျာဒိတ်ခံယူ နှစ်ကျိပ်ငါးဆူ
ဂေါတမဘုရားလောင်းလျာသည် ဒီပင်္ကရာဘုရား ကောဏ္ဍညဘုရား မင်္ဂလဘုရား, သုမနဘုရား, ရေဝတဘုရား, သောဘိတဘုရား, အနောမဒဿီဘုရား, ပဒုမဘုရား, နာရဒဘုရား, ပဒုမုတ္တရဘုရား, သုမေဓဘုရား, သုဇာတဘုရား, ပီယဒဿီဘုရား, အတ္ထဒဿီဘုရား, ဓမ္မဒဿီဘုရား, သိဒ္ဓတ္ထဘုရား, တိဿဘုရား, ဖုဿဘုရား, ဝိပဿီဘုရား, သိခီဘုရား, ဝေဿဘူဘုရား, ကကုသန္ဓဘုရား, ကောဏာဂမနဘုရား, ကဿပ ဘုရားရှင်များထံတွင် ဗျာဒိတ်ခံယူခဲ့ပြီး ဒါနာဒိပါရမီများကို ဆည်းပူးခဲ့သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၅၃။)
ဥပတိဿနှင့် ကောလိတ
ရှင်သာရိပုတ္တရာ အလောင်း ဥပတိဿနှင့် ရှင်မောဂ္ဂလ္လာန် အလောင်း ကောလိတတို့သည် ဉာဏ်နုစဉ်အခါ၌ ရွှေထမ်းစင်ငါးရာ, အာဇာနည်မြင်းကသော ရထားငါးရာတို့ဖြင့် မြစ်ဆိပ်, ဥယျာဉ်, ပွဲသဘင်သို့သွားကြပြီး ပွဲကြည့်ကြသည်။ ရယ်ရွှင်ဖွယ်ကိုကြားရလျှင် ရယ်မောလျက် ဝမ်းနည်းစရာ မြင်ရ ကြားရ ပြန်လျှင် ဝမ်းနည်းလိုက်ကြကာ သဘင်သည်တွေကို ဆုချပြီး အချိန်ကုန်စေကြသည်။ ဉာဏ်ရင့်လာသောအခါ ရယ်ရွှင်ဖွယ် ကြားရသော်လည်း မရယ် ဝမ်းနည်းဖွယ် မြင်ရ တွေ့ရသော်လည်း ဝမ်းမနည်းကြသည့်အပြင် ဆုလာဘ်ကိုလည်း မတော့ပဲ ကြည့်ယင်း ကြည့်ယင်း အနှစ်သာရ မတွေ့ကြတော့သည့်အတွက် ဤဘဝမှ လွတ်မြောက်ရာကို ရှာရန် တိုင်ပင်ကြသည်။ အရှင်သာရိပုတ္တရာသည် သာရီပုဏ္ဏေးမ၏ သားဖြစ်သောကြောင့် သာရိပုတ္တ ဥပတိဿရွာသားဖြစ်သောကြောင့် ဥပတိဿ ဟု အမည်ရသည်။ အရှင်မောဂ္ဂလ္လာန်သည် မောဂ္ဂလိပုဏ္ဏေးမ၏ သားဖြစ်သောကြောင့် မောဂ္ဂလိပုတ္တ ကောလိတရွာသားဖြစ်သောကြောင့် ကောလိတ ဟု အမည်ရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၅၆။)
ဆရာစွဲမထားသင့်
ဥပတိဿနှင့် ကောလိတတို့သည် သိဉ္စည်းဆရာကြီးထံ ဆည်းကပ်၍ သံသရာမှ လွတ်မြောက်ရေးတရား ရှာကြရာ စိတ်တိုင်းကျ မဖြစ်သဖြင့် သိဉ္စည်းထံမှ ခွဲခွါ၍ ဥပတိဿသည် ပဉ္စဝဂ္ဂီငါးဦးတွင် အပါအဝင်ဖြစ်သော အဿဇိထေရ်ထံ ပြောင်းရွှေ့ဆည်းကပ်သည်။ အရှင်အဿဇိထေရ်သည်—
ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယောနိရောဓော၊ ဧဝံဝါဒီ မဟာသမဏော။
ဟူသော ဂါထာကို ဟောကြားရာ ရွှေ့နှစ်ပါဒဖြင့်ပင် ဥပတိဿသည် သောတာပန်ဖြစ်သည်။ ဥပတိဿသည် သူငယ်ချင်း ကောလိတအား ယင်းဂါထာကိုပင် တဆင့် ဟောပြန်ရာ ဂါထာအဆုံး၌ ကောလိတလည်း သောတာပန် ဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၅၉။)
နှစ်ဦးလုံး ရဟန္တာဖြစ်ကြပြီ
ဥပတိဿနှင့် ကောလိတတို့သည် သောတာပန် ဖြစ်ကြပြီးသည့်နောက် ဘုရားရှင်ထံရောက်ကြရာ ဧဟိ ဘိက္ခု ရဟန်းဖြစ်ကြသည်။ ၇-ရက်မြောက်သောအခါ ကောလိတ ရဟန္တာဖြစ်၍ ၁၅-ရက်မြောက်သောအခါ ဥပတိဿ ရဟန္တာဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၆၁။)
ဥပတိဿ ရဟန္တာအဖြစ် နောက်ကျပုံ
ဆင်းရဲသား ခရီးသွားရာ၌ မြန်မြန်အိမ်မှထွက်နိုင်ပြီး ရှင်ဘုရင် စသောသူတို့ ခရီးထွက်သောအခါ၌ အခြံအရံများ ပြင်ဆင်နေရမှုကြောင့် မြန်မြန်ထွက်မဖြစ်နိုင်သကဲ့သို့ ထိုအတူ ဥပတိဿသည် ဉာဏ်ပညာကြီးကျယ်သည့်အတွက် ပရိကံများပြားမှုကြောင့် ရဟန္တာဖြစ် နောက်ကျရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၆၁။)
အရှင်ကောဏ္ဍည အဂ္ဂသာဝက ရာထူးမရ
အရှင်ကောဏ္ဍည လောင်းလျာသည် ကိုးကြိမ်တိုင်တိုင် ကောက်ဦးလှူပြီး အဂ္ဂသာဝကအရာကို ဆုမတောင်းခဲ့ပဲ အမြတ်ဆုံး အရဟတ္တဖိုလ်တရားကို ရှေးဦးစွာ ထိုးထွင်းပြီးသိရန်သာ ဝိပဿီဘုရားရှင်ထံ ဆုတောင်းခဲ့သဖြင့် ရှေးဦးစွာ ရဟန္တာဖြစ်သော်လည်း အဂ္ဂသာဝကရာထူးကို မရ။ (ဓမ္မ၊ဋ္ဌ၊၁၊၆၁-၃။)
မျက်နှာကြီးငယ်လိုက်၍ ရာထူးပေးသည်မဟုတ်
အရှင်သာရိပုတ္တရာ လောင်းလျာဖြစ်သော သရဒသေ့သည် အနောမဒဿီဘုရားရှင်ထံ ပထမအဂ္ဂသာဝကအဖြစ် ဆုတောင်းခဲ့ပြီး အရှင်မောဂ္ဂလ္လာန် လောင်းလျာဖြစ်သော သိရီဝဍ္ဎနသူဌေးသည်လည်း အနောမဒဿီဘုရားရှင်ထံ ဒုတိယအဂ္ဂသာဝကအဖြစ် ဆုတောင်းခဲ့ကြသဖြင့် ဆုတောင်းအားလျော်စွာ အဂ္ဂသာဝကရာထူးကို ပေးသည်။ မျက်နှာလိုက်၍ ပေးသည်မဟုတ်။ (ဓမ္မ၊ဋ္ဌ၊၁၊၆၇၊ ၇၂။)
အနောမဒဿီဘုရားရှင်
ဤကမ္ဘာမှအထက် တသင်္ချေနှင့် ကမ္ဘာတသိန်းထက်၌ အနောမဒဿီဘုရား ပွင့်ခဲ့သည်။ မြို့မှာ စန္ဒဝတီမြို့ဖြစ်၍ ခမည်းတော်သည် ယသဝါ၊ မယ်တော်သည် ယသောဓရာ၊ ဗောဓိပင်သည် ထောက်ကြံ့ပင်၊ အဂ္ဂသာဝက နှစ်ပါးသည် အရှင်နိသဘ နှင့် အရှင်အနောမ၊ အလုပ်အကြွေးသည် အရှင်ဝရုဏ၊ အဂ္ဂသာဝိကာနှစ်ပါးသည် အရှင်မ သုန္ဒရာ နှင့် အရှင်မ သုမနာ၊ သက်တမ်းသည် အနှစ်တသိန်း၊ ခန္ဓာကိုယ်သည် ၅၈-တောင်၊ ကိုယ်တော်ရောင်သည် ၁၂ ယူဇနာ ရှိပြီး အခြံအရံသည် ရဟန္တာပေါင်းတသိန်း ခြံရံလျက်ရှိသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၆၇။)
ပါဠိသဒ္ဒါခက်ဆစ်
အသာရေ = နတ္ထိ သာရော ဧတ္ထာတိ အသာရော။ န + သာရ + ဧတ။
သာရမတိ = သာရော ဣတိ မတိ ယေသန္တိ သာရမတိနော။ သာရ + မတိ + ယ ။
မိစ္ဆာသင်္ကပ္ပဂေါစရာ = မိစ္ဆာသင်္ကပ္ပော ဂေါစရော ယေသန္တိ မိစ္ဆာသင်္ကပ္ပဂေါစရာ။ မိစ္ဆာ + သင်္ကပ္ပ + ဂေါစရ + ယ။
သာရိပုတ္တတ္ထေရဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၁-ယမကဝဂ်
၈-သာရိပုတ္တတ္ထေရဝတ္ထုအဋ္ဌကထာဂါထာ
သဒေဝကံ တာရယန္တော, ဗုဇ္ဈဿု အမတံ ပဒံ။
မဟာဝီရ၊ ကြီးသော လုံလရှိသော။ ဒေဝ၊ အရှင်နတ်မင်း! ကာလော၊ ဘုရားဖြစ်ချိန်တန်ပါပြီ။ မာတုကုစ္ဆိယံ၊ မယ်တော်၏ ဝမ်း ၌။ ဥပ္ပဇ္ဇ၊ ဖြစ်ပြီး၍။ သဒေဝကံ၊ နတ်နှင့်တကွသောသတ္တဝါအပေါင်း ကို။ တာရယန္တော၊ ကယ်တင်တော်မူလျက်။ [“တာရယန္တော၊ ကူးစေ တော်မူလျက်”ဟု သဒ္ဒတ္ထပေး။] အမတံ၊ မအို မသေခြင်း၏ အကြောင်း ဖြစ်သော နိဗ္ဗာန်ကို။ ဗုဇ္ဈဿု၊ သိတော်မူပါ။ (ဋ္ဌ-၄၁) [အနက်ပေးပုံ အမျိုးမျိုးနှင့် အခြားမှတ်ဖွယ်ကို ဓမ္မဘာ-၁-၂၂၀၌ရှု။]
ဣမေ ပဉ္စ ဝိလောကေတွာ, ဥပ္ပဇ္ဇတိ မဟာယသော။
ကာလံ၊ ဘုရားဖြစ်ရာအခါလည်းကောင်း။ ဒေသဉ္စ၊ ဘုရားဖြစ် ရာအရပ်ဒေသလည်းကောင်း။ ဒီပဉ္စ၊ ဘုရားဖြစ်ရာကျွန်းလည်းကောင်း။ ကုလံ၊ ဘုရားဖြစ်ရာအမျိုးလည်းကောင်း။ မာတရမေဝ စ၊ မယ်တော်ရင်းသာလျှင်လည်းကောင်း။ ဝါ၊ မယ်တော်ရင်း၏ အသက်အပိုင်းအခြားသာလျှင်လည်းကောင်း။ (ဣတိ၊ ဤသို့။) ဣမေ ပဉ္စ၊ ဤ၅မျိုးသော အရာတို့ကို။ ဝိလောကေတွာ၊ ကြည့် ရှုပြီး၍။ မဟာယသော၊ များသော အခြွေအရံအကျော်အစော ရှိသော အလောင်းတော်နတ်မင်းသည်။ ဥပ္ပဇ္ဇတိ၊ မယ်တော်ဝမ်း၌ ဖြစ်၏။ (ဋ္ဌ-၄၂)
နိဗ္ဗုတာ နူန သာ နာရီ, ယဿာယံ ဤဒိသော ပတိ။
(ယဿာ မာတုယာ၊ အကြင်မိခင်၏။ ဤဒိသော၊ ဤမောင် တော်ကဲ့သို့ ရှုအပ်သော။ အယံ ပုတ္တော၊ ဤသားကောင်းရတနာ သည်။ အတ္ထိ၊ ရှိ၏။) သာ မာတာ၊ ထိုသားကောင်မိခင်သည်။ နိဗ္ဗုတာ နူန၊ သောကခပ်သိမ်း, ပူမလိမ်းသဖြင့် အေးငြိမ်းပေလိမ့် တကား။ (ယဿ ပိတုနော၊ အကြင်ဖခင်၏။ ဤဒိသော၊ သော။ အယံ ပုတ္တော၊ သည်။ အတ္ထိ၊ ၏။) သော ပိတာ၊ ထိုသားကောင်း ဖခင်သည်။ နိဗ္ဗုတော နူန၊ သောကခပ်သိမ်း, ပူမလိမ်းသဖြင့် အေးငြိမ်းပေလိမ့်တကား။ (ယဿာ နာရိယာ၊ အကြင်အမျိုးသမီး ၏။ ဤဒိသော၊ သော။ အယံ ပတိ၊ ဤကြင်ဖက်လင်သည်။ အတ္ထိ၊ ၏။) သာ နာရီ၊ ထိုအမျိုးသမီးသည်။ နိဗ္ဗုတာ နူန၊ ကား။ (ဋ္ဌ-၄၃) [အနက်ပေးပုံအမျိုးမျိုးနှင့် အခြားမှတ်ဖွယ်ကို ဓမ္မဘာ-၁-၂၂၃ ၌ရှု။]
အတ္ထေနေဝ မေ အတ္ထော, ကိံ ကာဟသိ ဗျဉ္ဇနံ ဗဟုံ။
အပ္ပံ ဝါ၊ အနည်းငယ်ကိုသော်လည်းကောင်း။ ဗဟုံ ဝါ၊ အများ ကိုသော်လည်းကောင်း။ ဘာသဿု၊ ဟောပါလော။ မေ၊ တပည့် တော်အား။ အတ္ထံယေဝ၊ အနက်အဓိပ္ပာယ်ကိုသာ။ ဗြူဟိ၊ ဟောပါ လော။ မေ၊ အား။ အတ္ထေနေဝ၊ အနက်အဓိပ္ပာယ်ဖြင့်သာ။ အတ္ထော၊ အလိုရှိပါ၏။ ဗဟုံ၊ များစွာသော။ ဗျဉ္ဇနံ၊ သဒ္ဒါသည်။ (စကားလုံး သည်။) ကိံ၊ ဘာကို။ ကာဟသိ၊ ပြုလိမ့်မည်နည်း? (တစ်နည်း) ဗဟုံ၊ သော။ ဗျဉ္ဇနံ၊ ကို။ (ဝတွာ၊ ဟောနေ၍။) ကိံ ကာဟသိအဘယ်သို့ ပြုလိမ့်မည်နည်း? (ဋ္ဌ-၄၄)
ကာဟသိ ။ ။ ပထမနည်းအလို ကာဟသိ၏ ကတ္တားမှာ “ဗျဉ္ဇနံ” ဖြစ်သောကြောင့် ကရဓာတ်, ဩပစ္စည်း, ပဌမပုရိသ် ဿတိဝိဘတ်၊ ကရ ကို ကာဟပြု, ကွစိ ဓာတုသုတ်ကြီးဖြင့် တိကို သိပြု၊ ဒုတိယနည်းအလို ဗျဉ္ဇနံ၏ စပ်ပုဒ်ကို “ဝတွာ”ဟု ထည့်၍ ကာဟသိ၏ ကတ္တားကို “တွံ”ဟု ထည့်ရမည်ဖြစ်သောကြောင့် မဇ္ဈိမပုရိသ် ဿသိဝိဘတ်တည်း။ [ကိံ ကာဟသီတိ ကိံ ကာဟတိ၊ ကိံ ကရောတိ။ ကိံ ကရောသီတိ ဝါ ဗျဉ္ဇနံ ဝတွာတိ အတ္ထော၊-ဝဇိရ၊၄၁၅။]
ဧသာနိသံသော ဓမ္မေ သုစိဏ္ဏေ, န ဒုဂ္ဂတိံ ဂစ္ဆတိ ဓမ္မစာရီ။
ဓမ္မော၊ ကုသလကမ္မပထတရား၁၀-ပါးသည်။ ဟဝေ၊ စင်စစ်။ ဓမ္မစာရိံ၊ တရားကို ကျင့်လေ့ရှိသူကို။ ရက္ခတိ၊ ပြန်၍စောင့်ရှောက် ၏။ သုစိဏ္ဏော၊ ကောင်းစွာကျင့်အပ်သော။ ဓမ္မော၊ ကုသလကမ္မ ပထတရား ၁၀-ပါးသည်။ သုခံ၊ ကိုယ်စိတ်၂-ဖြာ ချမ်းသာခြင်းကို။ ဝါ၊ လူနတ်နိဗ္ဗာန် ၃တန်သော ချမ်းသာကို။ အာဝဟတိ၊ ဆောင်နိုင် ၏။ [ဆန်းကြောင့် ဒီဃပြု၍ ဂါထာ၌ “အာဝဟာတိ”ဟု ရှိ၏။] ဓမ္မစာရီ၊ တရားကို ကျင့်လေ့ရှိသော ပုဂ္ဂိုလ်သည်။ ဒုဂ္ဂတိံ၊ မကောင်းသော ဂတိသို့။ န ဂစ္ဆတိ၊ မရောက်နိုင်။ ဧသ (ဧသော)၊ ဤဒုဂ္ဂတိသို့ မရောက်ရခြင်းသည်။ သုစိဏ္ဏေ၊ ကောင်းစွာ ကျင့်အပ်သော။ ဓမ္မေ၊ တရား၏။ အာနိသံသော၊ အကျိုးတည်း။ (ဋ္ဌ-၄၅)
ဓမ္မော...မာဝဟတိ။ ။ အထက်၌ ကျက်မှတ်ရလွယ်ကူအောင် အလွယ်ပေးခဲ့သည်၊ အဖွင့်နှင့်အညီပေးမူ အောက်ပါအတိုင်း ပေးရမည်။
အဖွင့်နှင့်အညီပေးပုံ။ ။ “ဓမ္မော-လောကီ လောကုတ္တရာသုစရိုက် တရားသည်၊ ဓမ္မစာရိံ-သူကို၊ ရက္ခတိ-(အပါယ်ဆင်းရဲ သံသရာဝဋ်ဆင်းရဲ မှ) စောင့်ရှောက်၏၊ [ဟဝေအနက်မဲ့၊-ဟဝေတိ နိပါတမတ္တံ(နေတ္တိ၊ဋ္ဌ၊၄၄)။] သုစိဏ္ဏော-အပ်သော၊ ဓမ္မော-လောကီလောကုတ္တရာ သုစရိုက် တရားသည်၊ သုခံ-လောကီလောကုတ္တရာချမ်းသာကို၊ အာဝဟတိ-၏၊ ဓမ္မစာရီ-သည်၊ ဓမ္မေ-လောကီလောကုတ္တရာ သုစရိုက်တရားကို၊ သုစိဏ္ဏေ-ကောင်းစွာ ကျင့်အပ်သည်၏အဖြစ်ကြောင့်၊ (တစ်နည်း) သုစိဏ္ဏေ-အပ်သော၊ဓမ္မေ-ကြောင့်၊ဒုဂ္ဂတိံ-သို့၊န ဂစ္ဆတိ-နိုင်၊ ဧသ(ဧသော)-သည်၊ သုစိဏ္ဏေ-ကောင်းစွာ ကျင့်အပ်သော၊ ဓမ္မေ-တရား၏၊ အာနိသံသော-တည်း။
ဓမ္မေ သုစိဏ္ဏေ အနက်၂မျိုး။ ။ “ဓမ္မေ သုစိဏ္ဏေ”ကို တန္တနည်း စသည်အရ န ဂစ္ဆတိ၌စပ်ခိုက် နိမိတ်အနက်တည်း၊ အာနိသံသော၌ စပ်ခိုက် ပဉ္စမျတ္ထေစ၌ စသဒ္ဒါဖြင့် ဆဋ္ဌီအနက်၌ သတ္တမီသက်။ (ထေရ၊ဋ္ဌ၊၂၊၂၇၊ နေတ္တိဝိ-၆၁၊ ဝိဗော)
အဖွင့်များ။ ။ ဓမ္မောတိ လောကိယလောကုတ္တရော သုစရိတဓမ္မော၊ ရက္ခတီတိ အပါယဒုက္ခတော ရက္ခတိ၊ သံသာရဒုက္ခတော စ ဝိဝဋ္ဋူပနိဿယဘူတော ရက္ခတိယေဝ၊ သုစိဏ္ဏောတိ သုဋ္ဌု စိဏ္ဏော ကမ္မဖလာနိ သဒ္ဒဟိတွာ သက္ကစ္စံ စိတ္တီကတွာ ဥပစိတော၊ သုခန္တိ လောကိယလောကုတ္တရသုခံ(ထေရ၊ဋ္ဌ၊၂၊၂၇)။
ပုပ္ဖာသနံ ပညာပေတွာ, ဣဒံ ဝစန မဗြဝိ။
နာနာပုပ္ဖဉ္စ၊ အမျိုးမျိုးသောပန်းကိုလည်းကောင်း။ ဂန္ဓဉ္စ၊ (အမျိုး မျိုးသော) နံ့သာကိုလည်ကောင်း။ သမ္ပာဒေတွာန၊ ကောင်းစွာပြီး စေ၍။ ဝါ၊ ပြည့်စုံစေ၍။ (စုံအောင်ရှာ၍)။ ဧကတော၊ တစ်ပေါင်း တည်း။ ပုပ္ဖာသနံ၊ ပန်းတို့ဖြင့် ပြုအပ်သောနေရာကို။ ပညာပေတွာ၊ ခင်းစေ၍။ ဣဒံ ဝစနံ၊ ဤစကားကို။ အဗြဝိ၊ လျှောက်ပြီ။ (ကိံ၊ အဘယ်သို့ လျှောက်သနည်း?) (ဋ္ဌ-၄၆)
မမ စိတ္တံ ပသာဒေတွာ, နိသီဒ ပုပ္ဖမာသနေ။
ဝီရ၊ ရဲရင့်တော်မူသော မြတ်စွာဘုရား! တဝ၊ ရှင်တော်ဘုရား အား။ အနုစ္ဆဝိံ၊ သင့်လျော်သော။ ဣဒံ အာသနံ၊ ဤပန်းတို့ဖြင့် ပြုအပ်သော နေရာကို။ မေ၊ သည်။ ပညတ္တံ၊ ခင်းအပ်ပါပြီ။ မမ၊ တပည့်တော်၏။ စိတ္တံ၊ ကို။ ပသာဒေန္တော၊ ကြည်ညိုစေလျက်။ ပုပ္ဖမာသနေ၊ ပန်းတို့ဖြင့် ပြုအပ်သော နေရာ၌။ နိသီဒ၊ ထိုင်တော်မူပါ။ (ဣတိ၊ ဤသို့ လျှောက်ပြီ။) (ဋ္ဌ-၄၇)
မမ စိတ္တံ ပသာဒေတွာ, ဟာသယိတွာ သဒေဝကေ။
သတ္တရတ္တိန္ဒိဝံ၊ ၇ညဉ့်, ၇နေ့ပတ်လုံး။ မမ၊ ၏။ စိတ္တံ၊ ကို။ ပသာဒေတွာ၊ ကြည်ညိုစေတော်မူ၍လည်းကောင်း။ သဒေဝကေ၊ နတ် နှင့်တကွသော လူတို့ကို။ ဟာသယိတွာ၊ ရွှင်လန်းစေတော်မူ၍ လည်းကောင်း။ ဗုဒ္ဓေါ၊ သည်။ ပုပ္ဖမာသနေ၊ ၌။ နိသီဒိ၊ ထိုင်တော် မူပြီ။ (ဋ္ဌ-၄၈)
သာရိပုတ္တတ္ထေရဝတ္ထုပါဠိဂါထာ
တေ သာရံ နာဓိဂစ္ဆန္တိ, မိစ္ဆာသင်္ကပ္ပဂေါစရာ။
အသာရေ၊ အနှစ်မမှီး, အချည်းနှီးသော, ပစ္စည်း၄ဖြာ, မိစ္ဆာ ဒိဋ္ဌိ, ထို၏ဖြစ်ကြောင်း, မကောင်းသောအကာတရား၌။ သာရမတိနော၊ အနှစ်ဟုပင်, မှတ်ထင်ခြင်းရှိကြကုန်သော။ သာရေ စ၊ အနှစ်ပြည့်စွာ, သမ္မာဒိဋ္ဌိ, ထို၏ဖြစ်ကြောင်း, ကောင်းသော တရား ဒေသနာတော်၌ကား။ အသာရဒဿိနော၊ အနှစ်မဲ့ပင်, ရှုမြင်လေ့ ရှိကြကုန်သော။ တေ၊ ထိုအမှားကိုပင်, အမှန်ထင်၍, အမြင်လွှဲကြ, လူ့ဗာလတို့သည်။ မိစ္ဆာသင်္ကပ္ပဂေါစရာ၊ ကာမဗျာပါ, ဝိဟိံသာဟု, မိစ္ဆာအကြံလျှင်, ကျက်စားရာရှိကြသည်။ ဝါ၊ မှားယွင်းသော အတွေးအခေါ်ဟူသော ကျက်စားရာရှိကြသည်။ (ဟုတွာ၊ ၍။) သာရံ၊ သီလသမာဓိ, နိဗ္ဗာန်ထိအောင်, ကောင်းဘိကျစ်လစ် အနှစ် တရားကို။ နာဓိဂစ္ဆန္တိ၊ ကောင်းစွာပိုင်ပိုင် မရနိုင်ကုန်။ (ပါ-၁၁)
အသာရေ...ဂေါစရာ။ ။ “တေ”ဟု နိယမရှိသဖြင့် “ယေ”ဟု အနိယမထည့်၍ “(က) အသာရေ သာရမတိနော၊ (ခ) သာရေ စာ သာရဒဿိနော၊ (ဂ) တေ၊ ပေ၊ ဂေါစရာ” ဟု ၃၀ါကျယူကာ “(ယေ- အကြင်သူတို့သည်၊) အသာရေ-၌၊ သာရမတိနော-ကုန်၏၊ သာရေ စ- ၌ကား၊ အသာရဒဿိနော-ကုန်၏၊ တေ-တို့သည်၊ မိစ္ဆာသင်္ကပ္ပဂေါစရာကုန်သည်၊ (ဟုတွာ) သာရံ-ကို၊ နာဓိဂစ္ဆန္တိ”ဟုလည်း ပေးနိုင်သည်။
သာရဉ္စ၊ ပေ၊ ဂေါစရာ။ ။ ရှေ့ဂါထာကဲ့သို့ ၃၀ါကျယူ၍ “(ယေ- တို့သည်၊) သာရံ-ကို၊ သာရတော-၍၊(ဇာနန္တိ-သိကုန်၏၊) ဉတွာ စ-သိ၍ လည်းကောင်း၊ အသာရံ-ကို၊ အသာရတော-၍၊ (ဇာနန္တိ-ကုန်၏၊) ဉတွာ စ-ကောင်း၊ တေ-တို့သည်၊ သမ္မာသင်္ကပ္ပဂေါစရာ-ကုန်သည်၊ (ဟုတွာ)၊ သာရံ-ကို၊ အဓိဂစ္ဆန္တိ-ကုန်၏”ဟုလည်း ပေးနိုင်သည်။
တစ်နည်း။ ။ တွာပစ္စည်းသည် ပစ္စုပ္ပန်အနက်ကိုလည်း ဟောနိုင်ရကား အာဝုတ္တိနည်း, တန္တနည်းစသည်အရ ဉတွာကို ဇာနန္တိအနက်, မူရင်း ဝိသေသနအနက်အားဖြင့်၂နက်ယူ၍ “(ယေ-တို့သည်၊) သာရံ-ကို၊ သာရ- တော-၍၊ ဉတွာ (ဇာနန္တိ)-သိကုန်၏၊ ဉတွာ စ-သိ၍လည်းကောင်း၊ အသာရံ-ကို၊ အသာရတော-၍၊ ဉတွာ (ဇာနန္တိ)-ကုန်၏၊ ဉတွာ စ-ကောင်း၊ တေ-တို့သည်၊ သမ္မာသင်္ကပ္ပဂေါစရာ-ကြသည်၊(ဟုတွာ) သာရံ-ကို၊ အဓိ- ဂစ္ဆန္တိ”ဟု ပေး၊ ဆရာတို့ကား ရှေ့နည်းအတိုင်း သီးခြားပစ္စုပ္ပန်ကြိယာ ထည့်၍ ပေးတော်မူသည်။ (မဏိ၊၁၊၆-၉၊ သင်္ဂြိုဟ်ဘာ-၄၊ ၅)
သာရတော အသာရတော။ ။ “သာရော နာမာယန္တိ အသာရော နာမာယန္တိ”အဖွင့်ကို ရှု၍ ဣတိနာ နိဒ္ဒိသိတဗ္ဗေ တော(နီတိသုတ္တ-၁၀၄) သုတ်ဖြင့် ပဌမာအနက်၌ တောပစ္စည်းသက်၍ ဣတိသဒ္ဒါကျေသည်ဟု မှတ်ပါ၊ “သာရတော-အားဖြင့်”ဟု ဝိသေသနအနက်လည်းပေးကြ၏ [ဣတိနာ-ဣတိသဒ္ဒါဖြင့်၊ နိဒ္ဒိသိတဗ္ဗေ-(တိုက်ရိုက်မပါသော်လည်း) ညွှန်ပြ ထိုက်သော၊ (ပထမတ္ထေ-ပထမာအနက်၌၊) တော-တောပစ္စည်းသက်။]
တေ သာရံ အဓိဂစ္ဆန္တိ, သမ္မာသင်္ကပ္ပဂေါစရာ။
သာရံ၊ သီလ သမာဓိ, နိဗ္ဗာန်ထိအောင်, ကောင်းဘိကျစ်လစ်, အနှစ်တရားကို။ သာရတော၊ အနှစ်ဟူ၍။ ဉတွာ စ၊ သိ၍လည်းကောင်း။ အသာရံ၊ အနှစ်မမှီး, အချည်းနှီးသော, ပစ္စည်း၄ဖြာ, မိစ္ဆာ ဒိဋ္ဌိ, ထို၏ဖြစ်ကြောင်း, မကောင်းသော အကာတရားကို။ အသာရတော၊ အနှစ်မဟုတ်ဟူ၍။ ဝါ၊ အကာဟူ၍။ ဉတွာ စ၊ သိ၍ လည်းကောင်း။ တေ၊ အမှန်အတိုင်းပင်, ကောင်းစွာမြင်၍, အစဉ် ကြိုးကုတ်, အားထုတ်ကြဘိ, ထိုပညာရှိတို့သည်။ သမ္မာသင်္ကပ္ပဂေါစရာ၊ နေက္ခမ္မနှင့်, အဗျာပါဒါ, အဝိဟိံသာဟု, သမ္မာအကြံ လျှင်, ကျက်စားရာရှိကုန်သည်။ ဝါ၊ မှန်သောအတွေးအခေါ်ဟူ သော ကျက်စားရာရှိကြသည်။ (ဟုတွာ။) သာရံ၊ ကို။ အဓိဂစ္ဆန္တိ၊ ကောင်းစွာပိုင်ပိုင်, ရနိုင်ကုန်၏။ (ပါ-၁၂)
သာရိပုတ္တတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။