သာရိပုတ္တတ္ထေရဿ ဘာဂိနေယျဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၆-သာရိပုတ္တတ္ထေရဿဘာဂိနေယျဝတ္ထု
၁၀၇။ ယော စ ဝဿသတံ ဇန္တု၊ အဂ္ဂိံ ပရိစရေ ဝနေ။
ဧကဉ္စ ဘာဝိတတ္တာနံ၊ မုဟုတ္တမပိ ပူဇယေ။
သာယေဝ ပူဇနာ သေယျော၊ ယဉ္စေ ဝဿသတံ ဟုတံ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လတိုင်းလတိုင်း သားကောင်တကောင်တကောင်ကို မီးအား ပူဇော်ပြီး ဗြဟ္မာ့ပြည် ရောက်ကြောင်းဟု အယူရှိသော အရှင်သာရိပုတ္တရာ၏ တူဖြစ်သော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့နှင့် တူဖြစ်သော ပုဏ္ဏားတို့ သောတာပန်စသည် ဖြစ်ကြသည်။
အနက်
ယော ဇန္တု၊ အကြင်သတ္တဝါသည်။ ဝဿသတံ၊ အနှစ်တရာ ပတ်လုံး။ ဝနေ၊ တော၌။ အဂ္ဂိံ၊ မီးကို။ ပရိစရေ၊ လုပ်ကျွေးပူဇော်ရာ၏။ ဘာဝိတတ္တာနံ၊ သီလစသည်ဖြင့် ပွားစေအပ်သော သူကို။ ဧကဉ္စ၊ တကြိမ်မျှ။ မုဟုတ္တမပိ၊ တခဏမျှ။ ပူဇယေ၊ ပူဇော်ရာ၏။ ဝဿသတံ၊ အနှစ်တရာ ပတ်လုံး။ ယဉ္စ ဟုတံ၊ အကြင် မီးကို ပူဇော်ခြင်းသည်။ စေ ဟောတိ၊ အကယ်၍ ဖြစ်၏။ တတော၊ ထို့ဘက်။ သာယေဝ ပူဇနာ၊ တကြိမ် တခါမျှ အရိယာတို့အား ဆွမ်းတန်းမျှ လှူဒါန်းခြင်းသည်သာ။ သေယျော၊ မြတ်၏။
စကားပြေ
အနှစ်တရာ ပတ်လုံး တော၌ မီးကို လုပ်ကျွေးပူဇော်ခြင်းထက် မိမိကိုယ်ကို သီလစသည်ဖြင့် ပွားစေသော အရိယာတို့အား တကြိမ် တခါမျှ ပူဇော်ခြင်းသည် သာ၍ မြတ်သည်။
သာရိပုတ္တတ္ထေရဿဘာဂိနေယျဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၈-သဟဿဝဂ်
၆-သာရိပုတ္တတ္ထေရဿ ဘာဂိနေယျဝတ္ထုပါဠိဂါထာ
ဧကဉ္စ ဘာဝိတတ္တာနံ, မုဟုတ္တမပိ ပူဇယေ၊
သာယေဝ ပူဇနာ သေယျော, ယေဉ္စ ဝဿသတံ ဟုတံ။
ယော စ ဇန္တု၊ အကြင်သတ္တဝါသည်ကား။ ဝဿသတံ၊ အနှစ် တစ်ရာပတ်လုံး။ ဝနေ၊ တော၌။ အဂ္ဂိံ၊ မီးကို။ ပရိစရေ (ပရိစရေယျ)၊ ပြုစုလုပ်ကျွေးပူဇော်ရာ၏။ ယော စ၊ အကြင်သူသည်ကား။ ဧကံ၊ သော။ ဘာဝိတတ္တာနံ၊ ကို။ မုဟုတ္တံ အပိ၊ လည်း။ ပူဇယေ၊ ရာ၏။ (တေသံ၊ တို့၏။ ပူဇနာသု၊ တို့တွင်။) ဝဿသတံ၊ ပတ်လုံး။ ယံ ဟုတံ၊ သည်။ (အတ္ထိ၊ ၏။ တတော၊ ထက်။) သာယေဝ ပူဇနာသည်သာ။ သေယျော၊ ၏။ (ပါ-၁၀၇)
အတ္တ၏အနက်။ ။ ဤအဋ္ဌကထာ၌ အတ္တ၏အနက်ကို မဖွင့်သော် လည်း ထေရ၊ဋ္ဌ၊၁၊၈၌ အတ္တ၏ အနက်ကို “စိတ်, သဘာဝ, ခန္ဓာကိုယ်” ဟု ၃မျိုးဖွင့်၏၊ ထိုအလို “ဘာဝိတတ္တာနံ-သမထဝိပဿနာဖြင့် တိုးပွားစေ အပ်ပြီးသောစိတ်ရှိသော အရိယာသူတော်ကောင်းကို၊ (စိတ်အနက်)၊ ဝါတိုးပွားစေအပ်ပြီးသော သီလစသောသဘောတရားရှိသော အရိယာ သူတော်ကောင်းကို၊ (သဘာဝအနက်)၊ ဝါ-အပ္ပမာဒဘာဝနာဖြင့် တိုးပွား စေအပ်(ထုံထားအပ်)ပြီးသော ခန္ဓာကိုယ်ရှိသော အရိယာသူတော်ကောင်း ကို၊ (ခန္ဓာကိုယ်အနက်)”ဟု ပေးရမည်။
အပ္ပမာဒဘာဝနာ။ ။ နောက်ဆုံးနည်း၌ “အပ္ပမာဒဘာဝနာ”ဟူ သည် သီးခြားဘာဝနာတစ်မျိုးမဟုတ်၊ ကုသိုလ်တရားကို ဖြစ်ပွားစေခြင်း, အထူးအားဖြင့် ဝဋ်ကင်းခြင်း၏ အကြောင်းဖြစ်သော သရဏဂုံနှင့် ကိုယ် နှုတ်စောင့်စည်းမှုမှစ၍ သိက္ခာ၃ပါး ကုသိုလ်တရားဖြစ်ပွားစေခြင်းကို “အပ္ပမာဒဘာဝနာ”ဟု ဆိုရသည်။ (ဣတိ၊ဋ္ဌ၊၇၆၊ စရိယာ၊ဋ္ဌ၊၃၂၆)
ယေဉ္စ။ ။ ယံကို အနိယမ, စေကို ပဒပူရဏယူ၍ အဖွင့်အတိုင်း ပေးခဲ့သည်၊ ယေဉ္စကို ပဋိသေဓတ္ထနိပါတ်ယူ၍ “သာယေဝ ပူဇနာ-ထို အရိယာသူတော်ကောင်းကို ပူဇော်လှူဒါန်းခြင်းသည်သာ၊ သေယျော-၏၊ ဝဿသတံ-ပတ်လုံး၊ ဟုတံ-လောကီလူအများအား လှူဒါန်းခြင်းသည်၊ ယေဉ္စ သေယျော-မမြတ်”ဟူ၍လည်း ပေးနိုင်သည်။(နီတိသုတ္တ-၃၉၀)
သာရိပုတ္တတ္ထေရဿ ဘာဂိနေယျဝတ္ထု
ဂါထာနိဿယပြီးပြီ။