သာရိပုတ္တတ္ထေရဿ သဟာယကဗြာဟ္မဏဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၈-သဟဿဝဂ်
၇-သာရိပုတ္တတ္ထေရဿသဟာယကဗြဟ္မဏဝတ္ထု
၁၀၈။ ယံ ကိဉ္စိ ယိဋ္ဌံ ဝါ ဟုတံ ဝါ လောကေ၊
သံဝစ္ဆရံ ယဇေထ ပုညပေက္ခော။
သဗ္ဗမ္ပိ တံ န စတုဘာဂမေတိ၊
အဘိဝါဒနာ ဥဇ္ဇုဂတေသု သေယျော။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဗြဟ္မာ့ပြည်ရောက်ကြောင်း တနှစ်ပတ်လုံး ယဇ်ကြီး ယဇ်ငယ်ပူဇော်မှုကိုပြုနေသော အရှင်သာရိပုတ္တရာ၏မိတ်ဆွေ ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့နှင့် အရှင်သာရိပုတ္တရာ၏ မိတ်ဆွေသူငယ်ချင်းပုဏ္ဏားသည် သောတာပန်စသည်ဖြစ်ကြသည်။
အနက်
လောကေ၊ လောက၌။ ပုညပေက္ခော၊ ကောင်းမှုကို လိုလားသောသူသည်။ ယံ ကိဉ္စိ၊ အလုံးစုံသော။ ယိဋ္ဌံ ဝါ၊ ယဇ်ကြီးကိုလည်းကောင်း။ ဟုတံ ဝါ၊ ယဇ်ငယ်ကိုလည်းကောင်း။ သံဝစ္ဆရံ၊ တနှစ်ပတ်လုံး။ ယဇေထ၊ ပူဇော်ရာ၏။ ဥဇ္ဇုဂတေသု၊ ဖြောင့်မတ်စွာကျင့်ကုန်သော အရိယာပုဂ္ဂိုလ်တို့ကို။ အဘိဝါဒနာ၊ ရှိခိုးခြင်းစေတနာ၏အကျိုးသည်။ သေယျော၊ မြတ်၏။ တတော၊ ထိုအရိယာပုဂ္ဂိုလ်တို့ကိုရှိခိုးခြင်း စေတနာမှ။ စတုဘာဂံ၊ လေးဖို့တဖို့ကို။ သဗ္ဗမ္ပိ၊ အလုံးစုံသော။ တံ၊ ထိုယဇ်ကြီးယဇ်ငယ် တနှစ်ပတ်လုံး ပူဇော်ခြင်းသည်။ န ဧတိ၊ မမီနိုင်။ (ဝါ) အဖိုးမထိုက်။
စကားပြေ
လောကမှာ ကောင်းမှုကိုလိုလားသောသူသည် တနှစ်ပတ်လုံး ယဇ်ကြီး ယဇ်ငယ်ပူဇော်ခြင်းထက် ဖြောင့်မတ်စွာကျင့်ကုန်သော အရိယာပုဂ္ဂိုလ်တို့ကို ရှိခိုးခြင်းစေတနာ၏အကျိုးသည် မြတ်သည်ဖြစ်၍ ရှိခိုးခြင်းစေတနာ၏အကျိုးကို လေးဖို့တဖို့မျှ အလုံးစုံသော ယဇ်ကြီးယဇ်ငယ်ပူဇော်ခြင်းသည် မမီနိုင်၊ အဖိုးမထိုက်တန်။
ယိဋ္ဌံ—များသောအားဖြင့် မင်္ဂလာပြုရာ နေ့ရက်တို့၌ ပြုအပ်သောအလှူ။
ဟုတံ—အထူးပြုအပ်သောဧည့်သည်အားလှူမှု ကံကံ၏ အကျိုးကို ယုံကြည်၍ ပြုသောအလှူ။
ဥဇ္ဇုဂတ—အရိယာပုဂ္ဂိုလ်ရ၏။
ပါဠိသဒ္ဒါခက်ဆစ်
ယိဋ္ဌံ = ဣဇ္ဇတိ ဣတိ ယိဋ္ဌံ။ ယဇ် + တ။
သံဝစ္ဆရံ = သံဝသတိ ဧတ္ထာတိ သံဝစ္ဆရံ။ သံ + ဝသ် + ဆရ (သကို စ-ပြု)။
ပုညပေက္ခော = ပုညံ ပေက္ခာ ပုညပေက္ခော။ ပုည + ပေက္ခ။
ဥဇ္ဇုဂတေသု = ဥဇုဂတော၊ ဥဇုဂတေသု။ ဥဇ္ဇု + ဂတ။
သာရိပုတ္တတ္ထေရဿသဟာယကဗြဟ္မဏဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၈-သဟဿဝဂ်
၇-သာရိပုတ္တတ္ထေရဿ သဟာယကဗြာဟ္မဏဝတ္ထုပါဠိဂါထာ
သံဝစ္ဆရံ ယဇေထ ပုညပေက္ခော၊
သဗ္ဗမ္ပိ တံ န စတုဘာဂမေတိ,
အဘိဝါဒနာ ဥဇ္ဇုဂတေသု သေယျော။
လောကေ၊ လောက၌။ ပုညပေက္ခော၊ ကောင်းမှုကို ရှုငဲ့လို လားသည်။ (ဟုတွာ၊ ၍။) ယံကိဉ္စိ၊ ကြွင်းမဲ့ဥဿုံ, အလုံးစုံသော။ ယိဋ္ဌံ ဝါ၊ မင်္ဂလာရက်မြတ်, လှူဒါန်းအပ်သည့်, အမှတ်တရအလှူ မျိုးကိုလည်းကောင်း။ ဟုတံ ဝါ၊ ဧည့်ဝတ်ပြုမှု, ကံအကျိုးစုယုံ, လှူဒါန်းပုံမျိုးကိုလည်းကောင်း။ [“ယိဋ္ဌံ ဝါ ဟုတံ ဝါ” ဟု ဆိုလိုလျက် ဆန်းကြောင့် ရဿပြု။] သံဝစ္ဆရံ၊ တစ်နှစ်ပတ်လုံး။ ယဇေထ၊ လောကီ လူအများအား လှူဒါန်းရာ၏။ သဗ္ဗံ၊ အလုံးစုံသော။ တံ၊ ထိုယိဋ္ဌ ဟုတအလှူသည်။ ဥဇုဂတေသု၊ ဖြောင့်မတ်သည်၏အဖြစ်သို့ ရောက်သော အရိယာသူတော်ကောင်းတို့ကို။ ဝါ၊ ဖြောင့်မတ်စွာ ကျင့်သော အရိယာသူတော်ကောင်းတို့ကို။ [“ဥဇုဂတေသု၊ တို့၌”ဟု လည်းပေး (မောဂ်-၂-၃၅)။ ဆန်းကြောင့် ဒွေဘော်လာ။] အဘိဝါဒနာ၊ ရှိခိုးမှုကုသိုလ်စေတနာ၏။ ဝါ၊ ရှိခိုးခြင်းကုသိုလ်စေတနာ၏အကျိုး မှ။ စတုဘာဂမ္ပိ၊ ၄ခုမြောက်အဖို့သို့သော်လည်း။ ဝါ၊ လေးဖို့တစ်ဖို့ သို့သော်လည်း။ [“စတုတ္ထဘာဂံ”ဟု ဆိုလိုလျက် တ္ထကျေသည်။] န ဧတိမရောက်။ ဝါ၊ မမီ။ (တသ္မာ၊ ကြောင့်။) ဥဇုဂတေသု၊ တို့ကို။ အဘိဝါဒနာ၊ ရှိခိုးခြင်းကုသိုလ်စေတနာသည်သာ။ ဝါ၊ ရှိခိုးမှုကုသိုလ် စေတနာ၏ အကျိုးသည်သာ။ သေယျော၊ ၏။ [သိလေသစသော နည်းအရ ဥဇ္ဇုဂတေသု,အဘိဝါဒနာတို့ကို ၂ခါပေးသည်။] (ပါ-၁၀၈)
သာရိပုတ္တတ္ထေရဿ သဟာယကဗြာဟ္မဏဝတ္ထု
ဂါထာနိဿယပြီးပြီ။
အဘိဝါဒနာ။ ။ ပါဠိသက္ကတသဒ္ဒါကျမ်း, အဘိဓာန်ကျမ်းတို့၌ အဘိဝါဒနကို နပုံလိင်ဟုချည်း ဆို၏၊ ထိုသို့ဆိုခြင်းကို များရာလိုက်၍ ဆိုခြင်းဟု ယူပြီး ဤ၌ ဣတ္ထိလိင်ဟု ယူရာ၏၊ (တစ်နည်း) နပုံလိင်မှ ဣတ္ထိလိင်သို့ ပြန်နေသော လိင်္ဂဝိပလ္လာသဟု ယူရာ၏ (ကစ္စာဘာ-၄၅)။
ဝိဘတ်နက်။ ။ အဖွင့်၌ “ကုသလစေတနာယ”ဖြင့် အဘိဝါဒနာ ၌ ပထမာဝိဘတ်၏ ဆဋ္ဌီအနက်ကိုလည်းကောင်း, “တတော”ဖြင့် ပဉ္စမီ အနက်ကိုလည်းကောင်း, “အဘိဝါဒနမေဝ သေယျော”ဖြင့် လိင်(ကတ္တား) အနက်ကိုလည်းကောင်း ပြသည်ဟု ယူရာ၏၊ “အဘိဝါဒနာယ”ဟု ဆိုလို လျက် ယကျေသည်ဟုလည်း ဆိုကြ၏၊ “ကုသလစေတနာယ, တတော, အဘိဝါဒနမေဝ သေယျော”ဟူသော အဖွင့်များနှင့် မညီပါ။