အညတရဗြာဟ္မဏဝတ္ထုဂါထာ -၂
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၁၈-မလဝဂ်
၂-အညတရဗြာဟ္မဏဝတ္ထု
၂၃၉။ အနုပုဗ္ဗေန မေဓာဝီ၊ ထောကံ ထောကံ ခဏေ ခဏေ။
ကမ္မာရော ရဇတဿေဝ၊ နိဒ္ဓမေ မလမတ္တနော။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝနကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းများ သင်္ကန်းရုံနေကြနေရာ၌ မြက်များကို ပေါက်တူးဖြင့် ရှင်းလင်းခြင်း၊ သဲခင်းခြင်း၊ မဏ္ဍပ်ပြုခြင်း၊ ဇရပ်ဆောက်ခြင်းတို့ကို အစဉ်အတိုင်း တိုးချဲ့၍ ကုသိုလ်ပြုသော ပုဏ္ဏားတယောက်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ကုသိုလ်တဖြည်းဖြည်း ပြုလာသော ပုဏ္ဏား သောတာပန်ဖြစ်သည်။
အနက်
ကမ္မာရော၊ ရွှေပန်းထိမ်သည်သည်။ ရဇတံ၊ ရွှေ၏။ မလံ၊ အညစ်အကြေးကို။ ပုနပ္ပုနံ၊ အဖန်ဖန်။ နိဟရတိ ဣဝ၊ ထုတ်သကဲ့သို့။ မေဓာဝီ၊ ပညာရှိသည်။ အနုပုဗ္ဗေန၊ အစဉ်သဖြင့်။ အတ္တနော၊ မိမိ၏။ မလံ၊ ရာဂစသော အညစ်အကြေးကို။ ထောကံ ထောကံ၊ အနည်းငယ် အနည်းငယ်။ ခဏေ ခဏေ၊ အခွင့်ရတိုင်း အခွင့်ရတိုင်း။ နိဒ္ဓမေ၊ ထုတ်ပယ်ရာ၏။
စကားပြေ
ရွှေပန်းထိမ်သည်သည် ရွှေ၏ အညစ်အကြေးကို အဖန်ဖန် ထုတ်သကဲ့သို့ ပညာရှိသည် မိမိ၏ ရာဂစသော အညစ်အကြေးကို အနည်းငယ် အနည်းငယ် အခွင့်ရတိုင်း အခွင့်ရတိုင်း ပယ်ထုတ်ရာ၏။
မေဓာဝီ— ဓမ္မောဇပညာနှင့် ပြည့်စုံသောသူ။
ရွှေပန်းထိမ်သည် အထူးပြုပုံ
ရွှေပန်းထိမ်သည်သည် တကြိမ်တခါ ရွှေကို ပူအောင်ပြု၍ ထုခတ်ခြင်းဖြင့် ရွှေ၏ အညစ်အကြေးကို ထုတ်ကာ လက်ဝတ်လက်စားပြုခြင်းငှာ မစွမ်းနိုင်။ အကြိမ်ကြိမ် ပူအောင်ပြု၍ ထုခတ်ပြီး အညစ်အကြေးကို ထုတ်ပြီးမှသာ လက်ဝတ်တန်ဆာ အထူးကို ပြုသကဲ့သို့ ပညာရှိသည် အကြိမ်ကြိမ် ကုသိုလ်ပြု၍ ရာဂစသော အညစ်အကြေးကို ထုတ်မှသာလျှင် ကိလေသာ အညစ်ကင်းသူ ဖြစ်နိုင်၏။
ပါဠိသဒ္ဒါခက်ဆစ်
ကမ္မာရော = လောဟကိစ္စံ ကရောတီတိ ကမ္မာရော။ ကရ် + မာရ။
အညတရဗြာဟ္မဏဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၁၈-မလဝဂ်
၂-အညတရဗြာဟ္မဏဝတ္ထုပါဠိဂါထာ
ကမ္မာရော ရဇတဿေဝ, နိဒ္ဓမေ မလမတ္တနော။
ကမ္မာရော၊ ပန်းတိမ်ဆရာသည်။၂ ရဇတဿ၊ ရွှေ၏။ မလံ၊ အညစ်အကြေး ကို။ (နိဒ္ဓမတိ) ဣဝ၊ မှုတ်လွှင့်သကဲ့သို့။ (ဧဝမေဝ၊ လျှင်။) မေဓာဝီ၊ အဆီအနှစ်, ပညာစစ် ရှိသူသည်။ အနုပုဗ္ဗေန၊ အစဉ်အားဖြင့်။ [ပုဗ္ဗံ ပုဗ္ဗံ+အနု အနုပုဗ္ဗံ။ ပဋိသံ၊ဋ္ဌ၊၂၊၈၃။] ထောကံ ထောကံ၊ အနည်းငယ် အနည်းငယ်။ ခဏေ ခဏေ၊ ခဏတိုင်း ခဏတိုင်း၌။ (ကုသလံကုသိုလ်ကို။ ကရောန္တော၊ ပြုလျက်။) အတ္တနော၊ မိမိ၏။ မလံ၊ ရာဂစသော အညစ် အကြေးကို။ နိဒ္ဓမေ၊ မှုတ်လွှင့်ရာ၏။ (ပါ-၂၃၉)
အညတရဗြာဟ္မဏဝတ္ထုဂါထာပြီးပြီ။
၂။ကမ္မာရော။ ။ လောဟကိစ္စံ ကရောတီတိ ကမ္မာရော၊ [ကရ+မာရ၊ ဓာတွန်ရ်ကို မ်ပြု၊-မောဂ်-၇၊၁၆၇။] အယောကမ္မလောဟကမ္မာဒိနာ ကမ္မေန ဇီဝတိ ရုဟတိ ဝုဒ္ဓိံ ဝိရူဠှိံ အာပဇ္ဇတီတိ ကမ္မာရော၊ [ကမ္မ+အာရ၊-အပ၊ဋ္ဌ၊၂၊၁၁၆။] ကမ္မံ+အရတီတိ ကမ္မာရော၊ [ကမ္မ+အရ+ ဏ၊-ထောမ၊ ဝိဓာန်။] အထက်၌ ကထာဘာ၊၁၊၁၈၃၊ ၄၆၆အတိုင်း ပေးသည်။
ဒီပကနည်း။ ။ “အနုပုဗ္ဗေန ထောကံ ထောကံ ခဏေ ခဏေ”တို့ကို ဒီပကနည်းအရ ဥပမာနဘက်၌ပါ ယူ၍ “ကမ္မာရော-သည်၊ အနုပုဗ္ဗေန-ဖြင့်၊ ထောကံ ထောကံ-ငယ်၊ ခဏေ ခဏေ-၌၊ ရဇတဿ-ရွှေ၏၊ မလံ-ကို၊ (နိဒ္ဓမတိ) ဣဝ-သို့၊ (ဧဝမေဝ-လျှင်၊) မေဓာဝီ-သည်၊ အနုပုဗ္ဗေန-ဖြင့်၊ ထောကံ ထောကံ-ငယ်၊ ခဏေ ခဏေ-၌၊ (ကုသလံ-ကို၊ ကရောန္တော-လျက်၊) အတ္တနော-၏၊ မလံ-ကို၊ နိဒ္ဓမေ-၏”ဟုလည်း ပေးနိုင်သည်။
ဓမ္မဋီ။ ။ ထိုအလို ခဏေ ခဏေကို လက္ခဏဝန္တယူ၍ “ခဏေ-ကုသိုလ်ပြုဖို့ အခွင့် အလမ်းသည်၊ (သတိ-ရှိလသော်၊ ဝါ-ရှိတိုင်း၊) ခဏေ-သည်၊ (သတိ-သော်၊ ဝါ-တိုင်း၊) ထောကံ ထောကံ-အနည်းငယ် အနည်းငယ်သော၊ (ကုသလံ-ကို၊) ကရောန္တော-လျက်”ဟု ပေး။