မာတိကာသို့ ခုန်သွားရန်

အညတရဘိက္ခုဝတ္ထုဂါထာ -၃

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၁၇-ကောဓဝဂ်

၂-အညတရဘိက္ခုဝတ္ထု

၂၂၂။ ယော ဝေ ဥပ္ပတိတံ ကောဓံ၊ ရထံ ဘန္တံဝ ဝါရယေ။
တမဟံ သာရထိံ ဗြူမိ၊ ရသ္မိဂ္ဂါဟော ဣတရော ဇနေ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် အာဠဝီပြည် အဂ္ဂါဠဝစေတီ၌ သီတင်းသုံးနေတော်မူစဉ် မိမိအတွက် ကျောင်းဆောက်ရန် သစ်ပင်ခုတ်စဉ် နတ်သမီးက တောင်းပန်သော်လည်း မရပဲ သားငယ်ကို ပေါက်ဆိန်ဖြင့် ခုတ်မိလိုက်သော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ နတ်သမီး သောတာပန်ဖြစ်သည်။

အနက်

ဆေကော၊ လိမ္မာကျွမ်းကျင်သော။ သာရထိ၊ ရထားထိန်းသည်။ အတိဝေဂေန၊ လျင်မြန်စွာ။ ဘန္တံ၊ ပြေးသွားသော။ ရထံ၊ ရထားကို။ ဝါရယေ ဣဝ၊ လမ်းမလွဲအောင် စောင့်ရှောက်နိုင်သကဲ့သို့။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ဥပ္ပတိတံ၊ ဖြစ်ပေါ်လာသော။ ကောဓံ၊ အမျက်ဒေါသကို။ ဝေ၊ စင်စစ်။ ဝါရယေ၊ တားမြစ်နိုင်၏။ တံ၊ ထိုဒေါသကို တားမြစ်နိုင်သောသူကို။ အဟံ၊ ငါဘုရားသည်။ သာရထိံ၊ လိမ္မာကျွမ်းကျင်သော ရထားထိန်းဟူ၍။ ဗြူမိ၊ ဆို၏။ ဣတရော၊ ဤမှတပါးသော။ ဇနော၊ ပကတိရထားထိန်းသည်။ ရသ္မိဂ္ဂါဟော၊ ရထားကြိုးကို ကိုင်သောသူမည်၏။

စကားပြေ

လိမ္မာကျွမ်းကျင်သော ရထားထိန်းသည် လျင်မြန်စွာ ပြေးသွားသော ရထားကို လမ်းမလွဲအောင် စောင့်ရှောက်နိုင်သကဲ့သို့ ဖြစ်ပေါ်လာသော အမျက်ဒေါသကို တားမြစ်နိုင်သူကို လိမ္မာကျွမ်းကျင်ပါးနပ်သော ရထားထိန်းဟု ငါဘုရား ဆို၏။ ပကတိရထားထိန်းသည်ကား ရထားကြိုးကိုင်သူမျှသာ မည်၏။
သာရထိနှင့် ရသ္မိဂ္ဂါဟ—ကြမ်းသောမြင်းကသော ရထားကို ထိန်းသော ပုဂ္ဂိုလ်သည်သာ လျင်မြန်စွာ ပြေးသောမြင်းကို နှိမ်နင်းနိုင်၍ အလိုရှိရာ ဆောင်နိုင်သကဲ့သို့ ဖြစ်ပေါ်လာသော အမျက်ဒေါသကို တားမြစ်နှိမ်နင်းနိုင်သောသူကို သာရထိ ဟု ခေါ်ပါသည်။
မင်း၊ အိမ်ရွှေမင်း စသည်တို့၏ ယဉ်ကျေးသိမ်မွေ့သော သိန္ဓောမြင်းကသော ရထားကို ထိန်းသော ပုဂ္ဂိုလ်ကို ရသ္မိဂ္ဂါဟ ဟု ခေါ်သည်။
တိုင်ကြားပါ—မိဘ၊ ဆရာ၊ သခင်ရှိသူအပေါ်တွင် အပြစ်တွေက ထိုသူ၏ မိဘ၊ ဆရာ၊ သခင်များကိုသာ တိုင်ကြားဆုံးမစေသင့်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၉၅။)

ပါဠိသဒ္ဒါခက်ဆစ်

သာရထိံ = ရထေန သဟ ယော ဝတ္တတီတိ သာရထိ။ သဟ + ရထ + ယ။
ရသ္မိဂ္ဂါဟော = ရသ္မိံ ဂဏှာတီတိ ရသ္မိဂ္ဂါဟော။ ရသ္မိ + ဂဟ + ဏ။

အညတရဘိက္ခုဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၁၇-ကောဓဝဂ်

၂-အညတရဘိက္ခုဝတ္ထုပါဠိဂါထာ

၄၄၀။ ယော ဝေ ဥပ္ပတိတံ ကောဓံ, ရထံ ဘန္တံဝ ဝါရယေ၊
တမဟံ သာရထိံ ဗြူမိ, ရသ္မိဂါဟော ဣတရော ဇနော။

သာရထိ၊ ရထားထိန်းသည်။ ဘန္တံ၊ လှုပ်လှုပ်ရှားရှား ပြေသွားနေသော။ ရထံ၊ ရထားကို။ (ဝါရေတိ) ဣဝ၊ မလိုရာအရပ်သို့ မသွားအောင် တားမြစ်သကဲ့သို့။ (တထာ၊ ထို့အတူ။) ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ဝေ၊ စင်စစ်။ ဥပ္ပတိတံ၊ အထက်အထက်၌ ဖြစ် ပေါ်လာသော။ [ဥဒ္ဓံ ဥဒ္ဓံ+ပတိတံ ဂတံ ပဝတ္တန္တိ ဥပ္ပတိတံ။ ဓမ္မ-ဋီ-၂၂၆။] ကောဓံ၊ ဒေါသကို။ ဝါရယေ၊ တားမြစ်နိုင်၏။ တံ၊ ထိုပုဂ္ဂိုလ်ကို။ သာရထိံ၊ ရထားထိန်းဟူ၍။ အဟံ၊ ငါဘုရား သည်။ ဗြူမိ၊ ဟောတော်မူ၏။ ဣတရော၊ ကောဓကို တားနိုင်သူမှ တစ်ပါးသော။ ဇနော၊ ရထားမောင်းသူ လူအပေါင်းသည်။ ရသ္မိဂ္ဂါဟော၊ ရထားမြင်း၏ကြိုးကို ကိုင်သူသာ တည်း။ (ပါ-၂၂၂)

အညတရဘိက္ခုဝတ္ထုဂါထာနိဿယပြီးပြီ။