မာတိကာသို့ ခုန်သွားရန်

ဥဒါယိတ္ထေရဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၅-ဗာလဝဂ်။ ၅-ဥဒါယိတ္ထေရဝတ္ထု

၆၄။ ယာဝဇီဝမ္ပိ စေ ဗာလော၊ ပဏ္ဍိတံ ပယိရုပါသတိ။
န သော ဓမ္မံ ဝိဇာနာတိ၊ ဒဗ္ဗီ သူပရသံ ယထာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်နှင့် တကျောင်းတည်း နေလျက် ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာမျှ မသိသော ဥဒါယိထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ မဟာထေရ်များ သီတင်းသုံးလျက် တရားဟောသော ပလ္လင်တွင် ထိုင်နေသော ဥဒါယိထေရ်အား ခန္ဓာ၊ အာယတနမျှ မသိသဖြင့် ကဲ့ရဲ့သော အာဂန္တုရဟန်းများ ရဟန္တာဖြစ်ကြသည်။

အနက်

ဒဗ္ဗီ၊ ယောက်မသည်။ သူပရသံ၊ ဟင်း၏ အရသာကို။ န ဝိဇာနာတိ ယထာ၊ မသိသကဲ့သို့။ ယော ဗာလော၊ အကြင်လူမိုက်သည်။ ယာဝဇီဝမ္ပိ၊ အသက်ရှည်သမျှ ကာလပတ်လုံး။ ပဏ္ဍိတံ၊ ပညာရှိသို့။ စေ ပယိရုပါသတိ၊ အကယ်၍ ဆည်းကပ်အံ့။ သော ဗာလော၊ ထိုသူမိုက်သည်။ ဓမ္မံ၊ သူတော်ကောင်းတရားကို။ န ဝိဇာနာတိ၊ မသိနိုင်။

စကားပြေ

ဟင်းမွှေယောက်မသည် ဟင်းအိုးတွင် ကြာရှည်တည်ရှိနေသော်လည်း ဟင်း၏ အရသာကို မသိနိုင်သကဲ့သို့ လူမိုက်သည် ပညာရှိနှင့် တသက်ပတ်လုံး နေသော်လည်း သူတော်ကောင်းတရားကို မသိနိုင်။
န သော ဓမ္မံ ဝိဇာနာတိ၊ အသက်ထက်ဆုံး ပညာရှိသို့ ချဉ်းကပ်နေသော်လည်း လူမိုက်သည် ဘုရားစကားတော်ဟူသော ပရိယတ္တိဓမ္မကိုလည်းကောင်း၊ ဤကား အကျင့်၊ ကျက်စားခြင်း၊ နေခြင်း၊ ကျက်စားရာ၊ အပြစ်ရှိသည်၊ အပြစ်မရှိ၊ မှီဝဲသင့်၊ မမှီဝဲသင့်ဟူသော ပဋိပတ္တိဓမ္မကိုလည်းကောင်း၊ ထိုးထွင်းသိအပ်၊ မျက်မှောက်ပြုအပ်သော တရားဟူသော ပဋိဝေဓဓမ္မကိုလည်းကောင်း မသိနိုင်။
ဒဗ္ဗီ သူပရသံ ယထာ၊ ယောက်မသည် တိုသွားသည်အထိ ဟင်းအိုးတွင်း၌ နေငြားသော်လည်း အပေါ့၊ အလေး၊ အချဉ်၊ အဖန်၊ အခါး၊ အစပ်ဟူသော ဟင်း၏ အရသာကို မသိနိုင်သကဲ့သို့ပင် ဖြစ်သည်။

ပါဠိသဒ္ဒါခက်ဆစ်

ယာဝဇီဝံ = ဇီဝဿ ယတ္တကော ပရိစ္ဆေဒေါ ယာဝဇီဝံ။ ယာဝ + ဇီဝ။
ဒဗ္ဗီ = ဩဒနာဒီနိ အနေန ဒါရေန္တိ ဣတိ ဒဗ္ဗီ။ ဒရ် + ဗီ (ဏျာစ-၁၂၃)။
သူပရသံ = သူပဿ ရသော သူပရသော။ သူပ + ရသ။

ဥဒါယိတ္ထေရဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၅-ဗာလဝဂ်

၅-ဥဒါယိတ္ထေရဝတ္ထုပါဠိဂါထာ

၁၉၄။ ယာဝဇီဝမ္ပိ စေ ဗာလော, ပဏ္ဍိတံ ပယိရုပါသတိ၊
န သော ဓမ္မံ ဝိဇာနာတိ, ဒဗ္ဗီ သူပရသံ ယထာ။

ဗာလော၊ လူမိုက်သည်။ ယာဝဇီဝမ္ပိ၊ အသက်ထက်ဆုံး လည်း။ ပဏ္ဍိတံ၊ ပညာရှိကို။ စေ ပယိရုပါသတိ၊ အကယ်၍ ချဉ်း ကပ်အံ့။ (ဧဝံ သတိပိ၊ ဤသို့ ချဉ်းကပ်ပါသော်လည်း။) သောထိုလူမိုက်သည်။ ဓမ္မံ၊ ပရိယတ္တိ, ပဋိပတ္တိ, ပဋိဝေဓတရားကို။ န ဝိဇာနာတိ၊ မသိ။ (ကိမိဝ၊ အဘယ်ကဲ့သို့နည်း?) ဒဗ္ဗီ၊ ဟင်းမွှေ ယောက်မသည်။ (ဟင်းမွှေသည့်ဇွန်းသည်)။ သူပရသံ၊ ဟင်း၏ အရသာကို။ န ဝိဇာနာတိ ယထာ၊ မသိသကဲ့သို့တည်း။ (ပါ-၆၄)

ဥဒါယိတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။