စူဠသာရိဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၆-စူဠသာရိဝတ္ထု
၂၄၄။ သုဇီဝံ အဟိရိကေန၊ ကာကသူရေန ဓံသိနာ။
ပက္ခဒ္ဓိနာ ပဂဗ္ဘနာ၊ သံကိလိဋ္ဌေန ဇီဝိတံ။
၂၄၅။ ဟိရီမတာ စ ဒုဇ္ဇီဝံ၊ နိစ္စံ သုစိဂဝေသိနာ။
အလီနေနာပ္ပဂဗ္ဘေန၊ သုဒ္ဓါဇီဝေန ပဿတာ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်သာရိပုတ္တရာနှင့် တကျောင်းတည်းနေသော ဆေးကုသ၍ ရသော ဆွမ်းကို အရှင်သာရိပုတ္တရာအား အမြဲလှူပါမည်ဟု လျှောက်ထားသော စူဠသာရိရဟန်းကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။
အနက်
အဟိရိကေန၊ အရှက်မရှိသောသူသည်။ ကာကသူရေန၊ ရဲတင်းသော ကျီးနှင့်တူသဖြင့်လည်းကောင်း။ ဓံသိနာ၊ သူတပါးဂုဏ်ကို ဖျက်ဆီးသဖြင့်လည်းကောင်း။ ပက္ခန္ဒိနာ၊ သူတပါးပြုသည်ကို မိမိပြုသယောင် ဆောင်သဖြင့်လည်းကောင်း။ ပဂဗ္ဘေနာ၊ ကြမ်းကြုတ်သဖြင့်လည်းကောင်း။ သံကိလိဋ္ဌေန၊ ညစ်ညူးသော အကျင့်ဖြင့်လည်းကောင်း။ ဇီဝိတံ၊ အသက်မွေးခြင်းသည်။ သုဇီဝံ၊ အသက်မွေးလွယ်ကူ၏။ ဟိရီတော၊ အရှက်ရှိသောသူသည်။ နိစ္စံ၊ အမြဲ။ သုစိဂဝေသိနာ၊ စင်ကြယ်မှုကို ရှာသဖြင့်လည်းကောင်း။ အလီနေန၊ မတွန့်တိုသဖြင့်လည်းကောင်း။ အပ္ပဂဗ္ဘေန၊ မကြမ်းကြုတ်သဖြင့်လည်းကောင်း။ သုဒ္ဓါဇီဝေန၊ စင်ကြယ်သော အသက်မွေးမှုဖြင့်။ ပဿတာ၊ စင်ကြယ်သော အသက်မွေးမှုကို မြော်မြင်သဖြင့်လည်းကောင်း။ ဒုဇ္ဇီဝံ၊ အသက်မွေးခဲယဉ်း၏။
စကားပြေ
အရှက်မရှိသောသူသည် ကျီးရဲနှင့်တူသဖြင့်လည်းကောင်း၊ သူတပါးဂုဏ်ကို ဖျက်ဆီးသဖြင့်လည်းကောင်း၊ သူတပါးပြုသည်ကို မိမိပြုသယောင် ဆောင်သဖြင့်လည်းကောင်း၊ ကြမ်းကြုတ်သဖြင့်လည်းကောင်း၊ ညစ်ညူးသော အကျင့်ဖြင့်လည်းကောင်း၊ အသက်မွေးခြင်းကြောင့် အသက်မွေးလွယ်ကူ၏။
အရှက်ရှိသူသည် အမြဲစင်ကြယ်မှုကို ရှာသဖြင့်လည်းကောင်း၊ မတွန့်တိုသဖြင့်လည်းကောင်း၊ မကြမ်းကြုတ်သဖြင့်လည်းကောင်း၊ စင်ကြယ်စွာ အသက်မွေးမြူသောကြောင့် အသက်မွေးခဲယဉ်း၏။
သုဇီဝံ အဟိရိကေန— အရှက်အကြောက်မရှိသောသူသည် အမေမဟုတ်သူကို ငါ၏အမေ၊ အဖေမဟုတ်သူကို ငါ၏အဖေဟု ပြော၍ နှစ်ဆယ့်တပါးသော အနေသန၌ တည်ပြီးလျှင် လွယ်ကူချမ်းသာစွာ အသက်မွေး၏။
ကာကသူရေန— ကျီးရဲသည် အိမ်တို့၌ ယာဂုစသည်တို့ကို စားယူလိုသောအခါ နံရံစသောအရပ်၌ နားပြီးလျှင် မိမိကြည့်သည်ကို လူတို့သိလျှင် မသိသောဟန်ဖြင့် တပါးကို အာရုံပြုသကဲ့သို့နေ၍ လူတို့၏ မေ့လျော့မှုကို မှတ်ပြီး အစဉ်လိုက်၍ သူသူဟု ချောက်ကုန်စဉ် အိုးခွက်မှ ပါးစပ်ပြည့်အောင် ယူ၍ ပြေးသကဲ့သို့ အရှက်မရှိသော ပုဂ္ဂိုလ်သည် ရဟန်းတို့နှင့် အတူ ရွာသို့ဝင်၍ ယာဂုဆွမ်းတည်ရာ နေရာတို့ကို မှတ်သား၏။ ရဟန်းတို့သည်ကား ဆွမ်းအလို့ငှာ ဆွမ်းခံ၍ မျှတရုံလောက် သောအစာကို ယူ၍ မိမိတို့နေသော ကျောင်းဇရပ်သို့ သွားပြီးလျှင် ပစ္စဝေက္ခဏာ ဆင်ခြင်ကုန်လျက် ယာဂုစသည်တို့ကို သောက်ကာ ကမ္မဋ္ဌာန်းကို နှလုံးသွင်းကုန်၏။ စာအံကြကုန်၏။ နေသော ဇရပ်ကို တံမြက်လှည်းကုန်၏။ အရှက်မရှိသောသူသည်ကား တစုံတခုမျှကို မပြုမလုပ်ပဲ ရွာသို့ ရှေးရှုသွား၏။ အရှက်မရှိသောသူကို ရဟန်းတို့က ကြည့်ကြသော်လည်း မမြင်လေဟန်၊ တပါးကို အာရုံပြုနေဟန်၊ အိပ်ငိုက်နေဟန်၊ အထုံးကို ဖြေနေဟန်၊ သင်္ကန်းကို ချုပ်နေဟန် ပြု၍ “ကျွန်ုပ်တို့မှာ ကိစ္စရှိသည်” ဟု ဆိုကာ နေရာမှထ၍ ရွာသို့ဝင်ပြီး နံနက်စောစောက မှတ်ထားသော အိမ်တို့တွင် တအိမ်တအိမ်သို့ ချဉ်းကပ်လျက် အိမ်ရှင်တို့ အနည်းငယ်ပိတ်ထားသော တံခါးကို အိမ်ရှင်များက အော်ပြောစဉ်ပင် လက်တဘက်ဖြင့် တံခါးရွက်ကို တွန်း၍ အတွင်းသို့ဝင်၏။ အရှက်မရှိသောသူကို မြင်လျှင် မလှူလိုသော်လည်း နေရာ၌ ထိုင်စေ၍ ရှိသမျှ ယာဂု စသည်တို့ကို လှူကုန်၏။ ထိုအရှက်မရှိသောသူသည် အလိုရှိတိုင်း စားသုံးပြီး အကြွင်းကို သပိတ်ဖြင့် ယူ၍ ထည့်သွား၏။ ထို့ကြောင့် အရှက်မရှိသောသူသည် ကာကသူရ-ကျီးရဲနှင့် တူသူမည်၏။
ဓံသိနာ— တစုံတယောက်သော ပုဂ္ဂိုလ်သည် အလိုနည်း၏ဟု ပြောဆိုလျှင် “ငါတို့လည်း အလိုနည်းတာပဲ” ဟု ပြောဆိုလျက် တကယ်အလိုနည်းသော ပုဂ္ဂိုလ်၏ ဂုဏ်ကို ဖျက်ဆီး၏။ အလိုနည်းဟန်ဆောင်သော ပုဂ္ဂိုလ်သည် ကြာရှည်လေးမြင့်စွာ ဟန်မဆောင်နိုင်သဖြင့် ထိုထိုလာဘ်မှ ဆုတ်ယုတ်၏။ မိမိသူတပါး၏ လာဘ်ကို ဖျက်ဆီး၏။
ပက္ခဒ္ဓိနာ— နံနက်စောစော ရဟန်းများ စေတီရင်ပြင်စသည်တို့၌ ငတ္ထရားကို ပြု၍ ကမ္မဋ္ဌာန်း နှလုံးသွင်းကာ ခေတ္တခဏ ထိုင်၍ ရွာသို့ ဆွမ်းခံဝင်သောအခါ လိမ်ညာသော ပုဂ္ဂိုလ်သည် မျက်နှာသစ်၍ ဖျော့တော့သော သင်္ကန်းကို ရုံပြီး မျက်စဉ်းဦးခေါင်းလိမ်းဆေးတို့ဖြင့် မိမိကိုယ်ကို တန်ဆာဆင်ပြီးလျှင် တံမြက်လှည်းသကဲ့သို့ တချက်နှစ်ချက် လှည်းပြီး တံခါးဝသို့ ရှေးရှုသွား၏။ နံနက်စောစော စေတီကို ဖူးမြင်၍ ပန်းပူဇော်လိုသော သူတို့က ထိုလိမ်ညာသော ရဟန်းကို မြင်၍ “ဤကျောင်းသည် ဤရဟန်းငယ်ကြောင့် သုတ်သင်မှု ၎၏။ ဤရဟန်းငယ်ကို မမေ့ကြနှင့်” ဆိုကာ လှူဒါန်းဖွယ်ကို လှူဒါန်းကုန်၏။ ဤသို့ လိမ်ညာသော သူသည် အသက်မွေးဝမ်းကျောင်း လွယ်၏။
ဟိရီမတာ စ ဒုဇ္ဇီဝံ— အမေမဟုတ်သူကို အမေဟု မပြောပဲ မတရားသဖြင့် ရသော လာဘ်ကို မစင်ကဲ့သို့ စက်ဆုပ်သည်ဖြစ်၍ တရားသဖြင့် အိမ်စဉ်အတိုင်း ဆွမ်းခံ၍ ရှာမှီးသောသူသည် ဆင်းရဲငြိုငြင်စွာ အသက်မွေးရ၏။
သုစိဂဝေသိနာ ၌ သုစိအရ စင်ကြယ်သော ကာယကံ၊ ဝစီကံ၊ မနောကံ ရ၏။
ပါဠိသဒ္ဒါခက်ဆစ်
ကာကသူရေန = ကာကော သူရော ကာကသူရော။ ကာက + သူရ။
ဓံသိနာ = ဂုဏေ ဓံသတိ ဣတိ ဓံသိနာ။ ဓံသ + ဤ။
ပက္ခန္ဒိနာ = ပက္ခန္ဒတီတိ ပက္ခဒ္ဓိနာ။ ပ + ခန္ဒ် + ဏီ။
ပဂဗ္ဘနာ = ပဂဗ္ဘနံ ပတ္တော
ပဂဗ္ဘေန = ပဂဗ္ဘာနံ ပဂဗ္ဘော။ ပ+ဂဗ္ဘ+အ။
သံကိလိဋ္ဌေန= သံကိလိသနံ သံကိလိဋ္ဌော။ သံ +ကိလိသ+တ။
သုစိဂဝေသိနာ=ဂဝေသနံ ဂဝေသီ။ ဂဝေသ+ဤ။ သုစိနံ ဂဝေသီ သုစိဂဝေသီ။ သုစိ+ဂဝေသီ။
အလိနေန န +လီ။ လီန=လီ+တ။
အပ္ပဂဗ္ဘေန=န+ပဂဗ္ဘ။
သုဒ္ဓါဇီဝေန=သုဒ္ဓေါ အာဇီဝေါ သုဒ္ဓါဇီဝေါ။ သုဒ္ဓ+ အာဇီဝ။
စူဠသာရိဝတ္ထုပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၁၈-မလဝဂ်
၆-စူဠသာရိဝတ္ထုပါဠိဂါထာ
ပက္ခန္ဒိနာ ပဂဗ္ဘေန, သံကိလိဋ္ဌေန ဇီဝိတံ။
ကာကသူရေန၊ ရဲတင်းသောကျီးနှင့် တူသော။၁ ဓံသိနာ၊ သူတစ်ပါးတို့၏ ဂုဏ်ကို ဖျက်ဆီးတတ်သော။ ပက္ခန္ဒိနာ၊ သူ့အပြုပင်, ကိုယ်ပြုထင်အောင်, ပြေးဝင် ဟန်ဆောင်လေ့ရှိသော။ [ပက္ခန္ဒတိ သီလေနာတိ ပက္ခန္ဒီ၊ ပက္ခန္ဒ+ဏီ၊ ပ+ခဒိ+ဏီ။] ပဂဗ္ဘေန၊ ကိုယ်ကြမ်းနှုတ်ကြမ်း, စိတ်သော့သွမ်းလျက်, ဟော့ရမ်းဆိုးယုတ်, ကြမ်းကြုတ်သော။၁ အဟိရိကေန၊ အရှက်အကြောက်မရှိသောပုဂ္ဂိုလ်သည်။ သုဇီဝံ၊ လွယ်ကူသောအသက် မွေးရခြင်းရှိသည်။ ဝါ၊ ချမ်းသာလွယ်ကူစွာ အသက်မွေးရခြင်းသည်။ (ဟောတိ၊ ၏။)၂ သံကိလိဋ္ဌေန၊ ညစ်နွမ်းသည်။ (ဟုတွာ၊ ၍။) ဇီဝိတံ၊ အသက်မွေးခြင်းသည်။ (ဟောတိ၊ ၏။) (ပါ-၂၄၄)
၁။ကာကသူရေန။ ။ ကာယတိ သဒ္ဒံ ကရောတီတိ ကာကော(မောဂ်-၇၊၁၄)၊ သုရယတီ- (သူရယတီ)တိ သူရော၊ [သုရ+အ၊ သု၌ ဒီဃပြု၊-ဓာန်-ဋီ-၃၈၀၊ ဓာသံအလို သူရဓာတ်။] သူရတ္တံ ပသဝတီတိ သူရော၊ [သူ+ရက်၊-မောဂ်-၇၊၁၄၃။] မဟာနိ၊ဋ္ဌ၊၂၄၉၌ “သုဋ္ဌု ဥရော သူရော၊ ဝိဿဋ္ဌဥရော(စွန့်လွှတ်အပ်သောရင်ရှိသူ) နိန္နဥရော(ချိုင့်သောရင်ရှိသူ)”ဟု ဖွင့်၏၊ “ဥရော+ အဿ အတ္ထီတိ ဥရော၊ သုဋ္ဌု+ဥရော သူရော, သုဋ္ဌု+ဥရော ယဿာတိ ဝါ သူရော(ကောင်းသော ရင်ရှိသူ)”ဟုပြု၊ ရင်ချိုင့်ခြင်းသည် သူမြတ်တို့၏ အမှတ်လက္ခဏာတစ်ခုဖြစ်ရကား “နိန္နဥရော”ဟု ဖွင့်သည်၊ မိုးထိမဟာနိ၊နိ၊၃၇၄၌ “သူရော-ညွတ်သော ရင်ရှိသော သူရဲကောင်း”ဟု ပေး၏။ ထိုနောင် “သူရကာကသဒိသေန”ကို ရှု၍ “ကာကော စ+သော+သူရော စာတိ ကာကသူရော၊ ကာကသူရော ဝိယာတိ ကာကသူရော၊ [ကာကသူရ+ ဏ၊]”ဟုပြု။ (ပါမြန်ဓာန်)
ဓမ္မဋီ။ ။ ထို၌ “ကာတိသဒ္ဒံ ကာတိ ရဝတီတိ ကာကော၊[ကာ+က၊] မနုဿာနံ ဘောဇနဘာဇနာဒီသု ဝစ္စံ ကရောတိ ဆဍ္ဍေတီတိ ဝါ ကာကော၊ [ကရ+ဏ၊ ရကို က-ပြု၊] သူရတိ အဘီတဘာဝံ အဘယာကာရံ ကရောတိ, သူရတိ အဘီတဘာဝေန အဘယာကာရေန ဝါ ဘဝတီတိ သူရော၊ ကာကဿ သူရော ဝိယ သူရော အဿာတိ ကာကသူရော(ကျီး၏ရဲတင်းခြင်း ကဲ့သို့ ရဲတင်းခြင်းရှိသူ)”ဟု ပြု၏၊ “ကာကသူရသူရ”ဟု ဆိုလိုလျက် သူရတစ်ပုဒ်ချေ။
သဒ္ဒါကျမ်းအဆို။ ။ သဒ္ဒါကျမ်းတို့၌ “ကာကော ဝိယ သူရော အယန္တိ ကာကသူရောကျီးကဲ့သို့ ရဲတင်းခြင်းရှိသူ(ရူ-၂၀၆)၊ ကာကော ဣဝ သူရော ကာကသူရော-ကျီးကဲ့သို့ ရဲတင်း သူ(နိဒီ-၂၄၄)၊ ကာကတော+သူရော ကာကသူရော-ကျီးထက် ရဲတင်းသူ(နီတိသုတ္တ-၂၀၄)”ဟု ပြု၏။
၁။ပဂဗ္ဘေန။ ။ ဂရတိ ထဒ္ဓဘာဝံ အမုဒုဘာဝံ ကရောတီတိ ဂဗ္ဘော၊ [ဂရ+ဘ၊] ကာယ- စိတ္တမုဒုဘာဝံ ဂဘတိ အပနေတီတိ ဝါ ဂဗ္ဘော၊[ဂဘ+ဘ၊] ဂဗ္ဘော ဧဝ ပဂဗ္ဘော(ဓမ္မဋီ)။ ကာယာဒီဟိ ပဂဗ္ဘတီတိ ပဂဗ္ဘော၊ [ပ+ဂဗ္ဘ(ကြူရ-ကြမ်းကြုတ်ခြင်းအနက်)+အ၊-ဓာသံ။]
၂။သုဇီဝံ။ ။ “သုန္ဒရံ သုကရံ ဝါ ဇီဝံ ယဿာတိ သုဇီဝံ(ဓမ္မဋီ)၊ံ(တစ်နည်း)သုခေန '+ဇီဝနံ သုဇီဝံ၊ [သု+ဇီဝ+ခ၊]”ဟု ပြု၊ နောက်ဂါထာဖွင့်၌ “ဒုဇ္ဇီဝံ ဟောတိ”ဟု ဖွင့်ပုံကို ကြည့်၍ သုဇီဝံ၏ စပ်ပုဒ်ကို “ဟောတိ”ဟု ထည့်သည်၊ ဇီဝဓာတ်သည် အကမ္မကဓာတ်ဖြစ်သောကြောင့် “သုခေန ဇီဝီယတေတိ သုဇီဝံ”ဟု ကမ္မသာဓ်ပြုခြင်းကို စဉ်းစားသင့်၏။
၂၀ါကျ။ ။ ဤဂါထာ၌ “သုဇီဝံ ၊ပေ၊ ပဂဗ္ဘေန”သည် တစ်ဝါကျ၊ “သံကိလိဋ္ဌေန ဇီဝိတံ” သည် တစ်ဝါကျတည်း၊ “အရှက်အကြောက်မရှိသူ, ရဲတင်းသူ, သူတစ်ပါးဂုဏ်ကို ဖျက်ဆီးသူ, အယောင်ဆောင်သူသည် အသက်မွေးရလွယ်ကူသည်၊ သို့သော် ထိုသို့သော အသက်မွေးမှုသည် ညစ်နွမ်းယုတ်ညံ့သော အသက်မွေးမှုဖြစ်သည်”ဟု ဆိုလိုသည်၊ “ဧဝရူပေန အဟိရိကေန သုဇီဝန္တိ အတ္ထော၊ ဟိရီမတာ စာတိ ဟိရောတ္တပ္ပသမ္ပန္နေန ပုဂ္ဂလေန ဒုဇ္ဇီဝံ”ဟူသော အဖွင့်အရ ကာကသူရေနစသည်ကား အဟိရိကေန၏ ဝိသေသန, အဟိရိကေနကား သုဇီဝံ၏ ကတ္တားဟု ယူ၍ အထက်၌ ပေးခဲ့သည်။
တစ်နည်း။ ။ “ကာကသူရေန၊ပေ၊ပဂဗ္ဘေန”တို့ကို သံကိလိဋ္ဌေန, သုဇီဝံတို့၏ဟိတ်ယူ၍ ဇီဝိတံ၏စပ်ပုဒ်ကို “ဇီဝန္တေန”ဟုထည့်ကာ “အဟိရိကေန-အရှက်မရှိသော ရဟန်းသည်၊ ကာကသူရေန-ရဲတင်းသောကျီးနှင့်တူသဖြင့်လည်းကောင်း၊ ပေ ၊ ပဂဗ္ဘေန-ကြမ်းကြုတ်သဖြင့်လည်း ကောင်း၊ သံကိလိဋ္ဌေန-ညစ်နွမ်းသည်ဖြစ်၍၊ ဇီဝိတံ-အသက်မွေးခြင်းကို၊ ဝါ-ဖြင့်၊ (ဇီဝန္တေနအသက်မွေးလျက်၊) သုဇီဝံ-လွယ်ကူစွာ အသက်မွေးရ၏”ဟုလည်း ပေးကြ၏။
တစ်နည်း။ ။ “ကာကသူရေန၊ပေ၊သံကိလိဋ္ဌေန”တို့ကို ဇီဝိတံ၏ ဝိသေသနယူ၍ ဇီဝိတံ ၏စပ်ပုဒ်ကို “ကတွာ”ဟုထည့်ကာ “အဟိရိကေန-သည်၊ ကာကသူရေန-သဖြင့်ကောင်း၊ ပေ၊ ပဂဗ္ဘေန-ကောင်း၊ သံကိလိဋ္ဌေန-ညစ်နွမ်းသော အကျင့်ဖြင့်လည်းကောင်း၊ ဇီဝိတံ-အသက် မွေးခြင်းကို၊ (ကတွာ-ပြု၍၊) သုဇီဝံ-၏”ဟုလည်း ပေးကြ၏။
အလီနေနာပ္ပဂဗ္ဘေန, သုဒ္ဓါဇီဝေန ပဿတာ။
စ၊ သုက္ကပက္ခကား။ နိစ္စံ၊ အမြဲ။ သုစိဂဝေသိနာ၊ စင်ကြယ်သော ကာယကံစ သည်ကို ရှာမှီးလေ့ရှိသော။ အလီနေန၊ အသက်မွေးမှုဝယ် မငြိတွယ်သော။ အပ္ပဂဗ္ဘေန၊ ကိုယ်ကြမ်းနှုတ်ကြမ်း, စိတ်သော့သွမ်းလျက်, ဟောရမ်းဆိုးယုတ်, မကြမ်းကြုတ်သော။ သုဒ္ဓါဇီဝေန၊ စင်ကြယ်သော အသက်မွေးမှုရှိသော။ ပဿတာ၊ စင်ကြယ်သော အသက် မွေးမှုကို အနှစ်ဟုရှုသော။ ဟိရီမတာ၊ အရှက်အကြောက်ရှိသော ပုဂ္ဂိုလ်သည်။၁ ဒုဇ္ဇီဝံ၊ ဆင်းရဲသဖြင့် အသက်မွေးရခြင်းရှိသည်။ ဝါ၊ ခဲယဉ်းစွာ အသက်မွေးရခြင်းသည်။ (ဟောတိ၊ ၏။) (ပါ-၂၄၅)
၁။ဟိရီမတာ။ ။ ကာယဒုစ္စရိတာဒီဟိ ဟိရိယတီတိ ဟိရီ(အဘိ၊ဋ္ဌ၊၁၊၁၆၈)၊ ထို နောင် “ဟိရောတ္တပ္ပသမ္ပန္နေန”ဟုဖွင့်သဖြင့် “ဟိရီ စ+ဩတ္တပ္ပဉ္စ ဟိရီ(ဝိရူပေကသေသ်)၊ ဟိရီ '+အဿ အတ္ထီတိ ဟိရီမာ”ဟု ဆက်ပါ။
အနက်ပေးကြပုံ။ ။ “သုစိဂဝေသိနာ၊ပေ၊အပ္ပဂဗ္ဘေန”ကို သုဒ္ဓါဇီဝေန, ဒုဇ္ဇီဝံတို့၏ ဟိတ် ယူ၍ “ဇီဝိတံ”ဟု ပဿတာ၏ကံထည့်ကာ “ဟိရီမတာ စ-အရှက်အကြောက်ရှိသော ရှင်ရဟန်း သည်ကား၊ နိစ္စံ-အမြဲ၊ သုစိဂဝေသိနာ-စင်ကြယ်သော ကာယကံစသည်ကို ရှာမှီးလေ့ရှိသဖြင့် လည်းကောင်း၊ပေ၊ အပ္ပဂဗ္ဘေန-သဖြင့်လည်းကောင်း၊ သုဒ္ဓါဇီဝေန-စင်ကြယ်သော အသက်မွေးခြင်း ရှိသည်ဖြစ်၍၊ (ဇီဝိတံ-စင်ကြယ်သော အသက်မွေးခြင်းကို၊) ပဿတာ-အနှစ်အားဖြင့် ရှုလျက်၊ ဒုဇ္ဇီဝံ-ဆင်းရဲသဖြင့် အသက်မွေးအပ်၏”ဟုလည်း ပေးကြ၏။
တစ်နည်း။ ။ သုစိဂဝေသိနာ...ပဿတာ”တို့ကို ဒုဇ္ဇီဝံ၏ ဟိတ်ယူ၍ “ဟိရီမတာ စ-သည်ကား၊ နိစ္စံ-အမြဲ၊ သုစိဂဝေသိနာ-သဖြင့်လည်းကောင်း၊ ပေ၊ အပ္ပဂဗ္ဘေန-သဖြင့်လည်း ကောင်း၊ သုဒ္ဓါဇီဝေန-စင်ကြယ်စွာ အသက်မွေးခြင်းရှိသဖြင့်လည်းကောင်း၊ ပဿတာ-သင့်မသင့် ကို မြင်မြော်သဖြင့်လည်းကောင်း၊ ဒုဇ္ဇီဝံ-အသက်မွေး ခဲယဉ်း၏”ဟုလည်း ပေးကြ၏။
စူဠသာရိဝတ္ထုဂါထာနိဿယပြီးပြီ။