မဟာပန္ထကတ္ထေရဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၂၆-ဗြာဟ္မဏဝဂ်။ ၂၄-မဟာပန္ထကတ္ထေရဝတ္ထု
၄၀၇။ ယဿ ရာဂေါ စ ဒေါသော စ၊ မာနော မက္ခော စ ပါတိတော။
သာသပေါရိဝ အာရဂ္ဂါ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ညီငယ် စူဠပန္ထကကို လေးလတိုင်တိုင် တဂါထာကို မတတ်မြောက်နိုင်သဖြင့် နှင်ထုတ်သောကြောင့် ရဟန္တာများ ဒေါသရှိသေးသလောဟု ယုံမှားတွေးတောခြင်းကို ခံရသော မဟာပန္ထကထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။
အနက်
သာသပေါ၊ မုန်ညင်းစေ့သည်။ အာရဂ္ဂါ၊ ပွတ်ဆောက်ဖျားမှ။ ပါတိတော ဣဝ၊ လျောကျသကဲ့သို့။ ယဿ၊ အကြင်ပုဂ္ဂိုလ်၏သန္တာန်မှ။ ရာဂေါ စ၊ စွဲမက်မှုရာဂသည်လည်းကောင်း။ ဒေါသော စ၊ အမျက်ထွက်မှု ဒေါသသည်လည်းကောင်း။ မာနော စ၊ ထောင်လွှားမှု မာနသည်လည်းကောင်း။ မက္ခော စ၊ သူ့ကျေးဇူးဂုဏ်ကို ဖျက်ဆီးမှု မက္ခသည်လည်းကောင်း။ ပါတိတော၊ ကင်းစင်လျောဆင်း၏။ တံ၊ ထိုရာဂစသည်တို့ ကင်းစင်လျောဆင်းသူကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟု။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟောတော်မူ၏။
စကားပြေ
မုန်ညင်းစေ့သည် ပွတ်ဆောက်ဖျားမှ လျောကျသကဲ့သို့ စွဲမက်မှု ထောင်လွှားမှု သူ့ကျေးဇူးကို ဖျက်ဆီးမှုတို့ ကင်းစင်လျောဆင်းသွားသူကို ဗြာဟ္မဏဟု ငါဘုရားဟောတော်မူ၏။
လည်သောပွတ်ဆောက်ဖျား၌ မုန်ညင်းစေ့သည် မတည်နိုင်သကဲ့သို့ ရာဂစသော ကိလေသာ သူ့ကျေးဇူးကို ဖျက်တတ်သော မက္ခတရားတို့သည် စိတ်၌ မတည်နိုင်။
ပါဠိစကားလုံး ဖွဲ့စည်းပုံ
မာနော = သေယျာဒိဝသေန မညတီတိ မာနော။ မန်+ဏ။
မက္ခော = မက္ခတီတိ မက္ခော။ မက္ခ+အ။
ပါတိတော = ပါတာပိယတေတိ ပါတိတော။ ပတ်+ဏေ+တ။
မဟာပန္ထကတ္ထေရဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၂၆-ဗြာဟ္မဏဝဂ်
၂၄-မဟာပန္ထကတ္ထေရဝတ္ထုပါဠိဂါထာ
သာသပေါရိဝ အာရဂ္ဂါ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
ယဿ၊ အကြင်ပုဂ္ဂိုလ်သည်။ ရာဂေါ စ၊ ရာဂကိုလည်းကောင်း။ ဒေါသော စ၊ ဒေါသကိုလည်းကောင်း။ မာနော စ၊ မာနကိုလည်းကောင်း။ မက္ခော စ၊ ကျေးဇူးချေ ဖျက်, အမျက်ဒေါသစိတ်ကိုလည်းကောင်း။ အာရဂ္ဂါ၊ အပ်ဖျားမှ။ သာသပေါ ဣဝ၊ မုန်ညင်းစေ့ကိုကဲ့သို့။၂ ပါတိတော၊ ကျစေအပ်ပြီ။ တံ အဟံ ဗြာဟ္မဏံ ဗြူမိ။ (ပါ-၄၀၇)
၂။သာသပေါ အာရဂ္ဂါ။ ။ သာသီယန္တိ ဧတေနာတိ သာသပေါ၊ [သာသ+အပ၊-မောဂ် ၇, ၁၁၈)၊ သတ္တေ သာသတိ ဟိံသတီတိ သာသော၊ သာသံ(ပန်းနာရင်ကြပ်ရောဂါကို) ပါလေတီတိ သာသပေါ၊ [သာသ+ပါ+အ၊-ဂဠုန်ပျံ-၃၅။] သရတီတိ သာသပေါ၊[သရ+အပ၊ သ-လာ၊-ကပ္ပဒ္ဒုမ၊] အရဏံ အာရာ၊[အရ+ဏ၊-မောဂ်ပံ-၅, ၄၉။] အရတိ သီဃံ ဝိဇ္ဈမာနာ ဂစ္ဆတီတိ အာရာ၊ အဇတိ ဂစ္ဆတိ သေဋ္ဌဘာဝန္တိ အဂ္ဂေါ၊ [အဇ+အ၊-ဓာန်-ဋီ-၆၉၆။] အာရာယ+အဂ္ဂေါ အာရဂ္ဂေါ။ ဂဠုန်ပျံ- ၃၅၌ “အရတိ ပဝတ္တတီတိ အာရော၊ အဂတိ အာဒိပရိယောသာနေ သဘာဝေန ဂစ္ဆတိ ပဝတ္တတီတိ အဂ္ဂေါ၊ [အဂ+ဂ၊] အာရဿ+အဂ္ဂေါ အာရဂ္ဂေါ”ဟု ဆို၏၊ ပါဠိသက္ကတအဘိဓာန်တို့၌ ဣတ္ထိ လိင်အာရာသာ ရှိ၏။
မဟာပန္ထကတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။