သီဝလိတ္ထေရဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၂၆-ဗြာဟ္မဏဝဂ်။ ၃၁-သီဝလိတ္ထေရဝတ္ထု
၄၁၄။ ယောမံ ပလိပထံ ဒုဂ္ဂံ၊ သံသာရံ မောဟမစ္စဂါ။
တိဏ္ဏော ပါရင်္ဂတော ဈာယီ၊ အနေဇော အကထံကထီ။
အနုပါဒါယ နိဗ္ဗုတော၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ကုဏ္ဍကောလိယပြည်ကို အမှီပြု၍ ကုဏ္ဍဓာနတော၌ သီတင်းသုံးနေတော်မူစဉ် ရဟန္တာဖြစ်မည့် ဘဝ၌ပင် အမိဝမ်းထဲ၌ ခုနစ်နှစ်ပတ်လုံး ဆင်းရဲစွာနေရသော သီဝလိထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။
အနက်
ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ဣမံ ပလိပထံ၊ ရာဂတည်းဟူသော ဤဘေးကိုလည်းကောင်း။ ဣမံ ဒုဂ္ဂံ၊ ကိလေသာတည်းဟူသော အသွားခက်ခဲသော ဤခရီးကိုလည်းကောင်း။ ဣမံ သံသာရံ၊ ဝဋ်တည်းဟူသော အကူးခက်သော ဤသမုဒ္ဒရာကိုလည်းကောင်း။ ဣမံ မောဟံ၊ ဤမောဟတည်းဟူသော အမိုက်မှောင်ကိုလည်းကောင်း။ အစ္စဂါ၊ လွန်မြောက်ပြီ။ တိဏ္ဏော၊ ဩဃလေးပါးကို လွန်မြောက်သည်ဖြစ်၍။ ပါရင်္ဂတော၊ နိဗ္ဗာန်တည်းဟူသော ကမ်းတဘက်သို့ ရောက်၏။ ဈာယီ၊ ကိလေသာတို့ကို ရှို့မြိုက်ကာ ဈာန်ဝင်စားလေ့ရှိ၏။ အနေဇော၊ တဏှာကင်းသည်ဖြစ်၍။ အကထံကထီ၊ သို့လော သို့လောဟု တွေးတောမှုမရှိ။ အနုပါဒါယ၊ စွဲလမ်းမှုကင်း၍။ နိဗ္ဗုတော၊ ငြိမ်းအေး၏။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟု။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟော၏။
စကားပြေ
ရာဂတည်းဟူသော ဘေး ကိလေသာတည်းဟူသော အသွားခက်သောခရီး သံသရာဝဋ်တည်းဟူသော အကူးခက်သည့် သမုဒ္ဒရာ မောဟတည်းဟူသော အမိုက်မှောင်တို့နှင့် ဩဃလေးပါးတို့ကို လွန်မြောက်ပြီးသည်ဖြစ်၍ ကိလေသာတို့ကို ရှို့မြိုက်လေ့ရှိသဖြင့် တဏှာကင်း၍ တွေးတောယုံမှားမှုနှင့် အစွဲအလမ်းမရှိသောကြောင့် နိဗ္ဗာန်တည်းဟူသော ကမ်းတဘက်သို့ ရောက်သောသူကို ဗြာဟ္မဏဟု ငါဘုရားဟော၏။
ပလိပထံ= တဏှာဟူသော ဘေး။
ဒုဂ္ဂံ= ကိလေသာဟူသော ခရီးခဲ။
မောဟံ= သစ္စာလေးပါးကို ထိုးထွင်းမသိနိုင်သော မောဟ။
တိဏ္ဏော= ဩဃလေးပါးကို လွန်သည်။
ဈာယီ= အာရမ္မဏူပဈာန် လက္ခဏူပဈာန် နှစ်ပါးရှိသူ။
အနေဇော= တဏှာမရှိသူ။
အကထံကထီ= ကထံကထီဟူသည် ဝိစိကိစ္ဆာရှိသူပင်တည်း။ အကထံကထီဟူသည် ဝိစိကိစ္ဆာ မရှိသူ။
ပါဠိစကားလုံး ဖွဲ့စည်းပုံ
ပလိပထံ= ပရိတော ပထတီတိ ပလိပထော။ ပရိ+ပထ+အ။ (ရကို လပြု)
ဒုဂ္ဂံ= ဒုက္ခေန ဂစ္ဆတိ ဧတ္ထာတိ ဒုဂ္ဂေါ။ ဒု+ဂမု+ကွိ။
အနေဇော= နတ္ထိ ဧဇာ ယဿာတိ အနေဇော။ န+ဧဇာ+ယ။
ဧဇာ=ဧဇာတိ ကမ္မတီတိ ဧဇာ။ ဧဇ်+အ+အာ။
သီဝလိတ္ထေရဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၂၆-ဗြာဟ္မဏဝဂ်
၃၁-သီလဝလိတ္ထေရဝတ္ထုပါဠိဂါထာ
တိဏ္ဏော ပါရင်္ဂတော ဈာယီ, အနေဇော အကထံကထီ၊
အနုပါဒါယ နိဗ္ဗုတော, တမဟံ ဗြူမိ ဗြာဟ္မဏံ။
ယော၊ အကြင်ရဟန်းသည်။ ဣမံ ပလိပထံ၊ ဤရာဂတည်းဟူသော ရွှံ့ညွန် ဗွက်ခရီးကိုလည်းကောင်း။၁ ဣမံ ဒုဂ္ဂံ၊ ဤကိလေသာဆို, ခရီးခဲကိုလည်းကောင်း။ ဣမံ သံသာရံ၊ ဤသံသရာဝဋ်ကိုလည်းကောင်း။ ဣမံ မောဟံ၊ ဤမောဟကိုလည်းကောင်း။ အစ္စဂါ၊ လွန်မြောက်ပြီ။ တိဏ္ဏော၊ ဩဃလေးအင် ရေအယဉ်ကို ကူးမြောက်ပြီးသည်။ (ဟုတွာ၊ ၍။) ပါရင်္ဂတော၊ နိဗ္ဗာန်ကမ်းတစ်ဖက်သို့, လှမ်းတက်ဆိုက်ရောက်ပြီ။ ဈာယီ၊ ဈာန်နှစ်ပါးဖြင့် ရှုပွားလေ့ရှိ၏။ အနေဇော၊ တုန်လှုပ်တတ်သော တဏှာမရှိ။ အကထံကထီ၊ အဘယ်သို့ ဖြစ်ပါလိမ့်မည်နည်းဟု ပြောဆိုကြောင်း ဝိစိကိစ္ဆာမရှိ။ ဝါ၊ သို့လော သို့လောဟုဖြစ်သော ဝိစိကိစ္ဆာမရှိ။ အနုပါဒါယ၊ တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလန်းမူ၍။ နိဗ္ဗုတော၊ ကိလေသာခပ်သိမ်း ချုပ်ငြိမ်းလေပြီ။ တံ အဟံ ဗြာဟ္မဏံ ဗြူမိ။ (ပါ-၄၁၄)
၁။ပလိပထံ။ ။ “ပလိပထန္တိ ကာမကလလမဂ္ဂံ(စူဠနိ၊ဋ္ဌ၊၁၂၃)”ကို ကြည့်၍ ပရိကို ဝဇ္ဇနအနက်, ပထကို မဂ္ဂ၏ပရိယာယ်ယူကာ “ဥပ္ပန္နကိစ္စာကိစ္စေဟိ ဇနေဟိ ပထိယတိ ဂစ္ဆိယတီတိ ပထော(နီတိဓာတု-၇၃)၊ ပထတိ ဂစ္ဆတိ ဧတ္ထ, ပထတိ ယာတိ အနေနာတိ ဝါ ပထော(ဓာန်-ဋီ-၁၉၀၊ သူစိ)၊ ပရိဝဇ္ဇိတော+ပထော ပရိပထော-ရှောင်အပ်သော ရွှံ့ညွန်ဗွက်ခရီး၊ [ပရိ+ပထ၊ ရကို လ-ပြု၊] (တစ်နည်း) ပရိဝဇ္ဇေတွာ ပထီယတိ ဂစ္ဆီယတီတိ ပလိပထော-ရှောင်၍ သွားအပ် သော ရွှံ့ညွန်ဗွက်ခရီး၊ [ပရိ+ပထ+အ၊]”ဟုကြံ၊ ထိုနောင် ရာဂကိုရအောင် “ပရိပထော ဝိယာတိ ပရိပထော”ဟု ပြု၊ သို့မဟုတ် သဒိသူပစာရကြံ။ [ထောမနိဓိလာ ပရိပန္တကကို နည်းမှီသည်။]
မ၊ဋ္ဌ၊၃၊၂၂၉။ ။ ထို၌ “ပလိပထံ, ဒုဂ္ဂံ, သံသာရံ, မောဟံ”တို့အရ အဝိဇ္ဇာကို ယူ၏၊ ထိုအလို “ပလိပထံ-ချွတ်လွဲစေတတ်သော၊ ဒုဂ္ဂံ-ခဲယဉ်းသဖြင့် သွားအပ်သော၊ သံသာရံ-အဖန်ဖန် ကျင်လည်စေတတ်သော၊ မောဟံ-တွေဝေတတ်သော၊ ဣမံ (အဝိဇ္ဇံ)-ဤအဝိဇ္ဇာကို၊ အစ္စဂါပြီ”ဟုပေး။
သီဝလိတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။