အနုရုဒ္ဓတ္ထေရဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၄-အနုရုဒ္ဓတ္ထေရဝတ္ထု
၉၃။ ယဿာသဝါ ပရိက္ခီဏာ၊ အာဟာရေ စ အနိဿိတော။
သုညတော အနိမိတ္တော စ၊ ဝိမောက္ခီ ယဿ ဂေါစရော။
အာကာသေ ဝ သကုန္တာနံ၊ ပဒံ တဿ ဒုရန္နယံ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပံ့သကူသင်္ကန်းလျာကို အမှိုက်ပုံအတွင်းမှ ကောက်ယူ၍ ဘုရားရှင်နှင့်တကွ ရှစ်ဆယ်သော မထေရ်များ ချုပ်ဆိုးစဉ် ခဲဖွယ်ဘောဇဉ်များသော်လည်း ပစ္စည်းနှင့် စပ်၍ မပြောကြားသော အရှင်အနုရုဒ္ဓကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။
အနက်
ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ အာသဝါ၊ အာသဝေါတရားတို့သည်။ ပရိက္ခီဏာ၊ ကုန်ခန်းကုန်၏။ အာဟာရေ စ၊ အစာအာဟာရ၌လည်း။ အနိဿိတော၊ တဏှာဒိဋ္ဌိတို့ဖြင့် စွဲလမ်းခြင်း မရှိသည်။ ဟောတိ၊ ဖြစ်၏။ သုညတော စ၊ ရာဂစသည်မှ ဆိတ်သုဉ်းလျက်။ အနိမိတ္တော စ၊ ရာဂစသော နိမိတ်မရှိသော။ ဝိမောက္ခီ၊ နိဗ္ဗာန်သည်။ ယဿ၊ အကြင်ရဟန္တာပုဂ္ဂိုလ်၏။ ဂေါစရော၊ ကျက်စားရာအာရုံသည်။ ဟောတိ၊ ဖြစ်၏။ အာကာသေ၊ ကောင်းကင်၌။ သကုန္တာနံ၊ ငှက်တို့၏။ ပဒံ၊ ခြေရာကို။ ဒုရန္နယံ ဣဝ၊ မသိနိုင်သကဲ့သို့။ တဿ၊ ထိုရဟန္တာပုဂ္ဂိုလ်၏။ ပဒံ၊ ခြေရာဟူသော လားကြောင်းကို။ ဒုရန္နယံ၊ မသိနိုင်။
စကားပြေ
ကောင်းကင်၌ ငှက်တို့၏ ခြေရာကို မသိနိုင်သကဲ့သို့ အာသဝေါကုန်ပြီး၍ အစာအာဟာရ၌ တဏှာဒိဋ္ဌိတို့ဖြင့် မစွဲမှီပဲ ရာဂစသည် ဆိတ်သုဉ်းသော ရာဂစသော နိမိတ်မရှိသော နိဗ္ဗာန်လျှင် ကျက်စားရာ အာရုံရှိသော ရဟန္တာအရှင်မြတ်များ၏ ခြေရာဟူသော လားကြောင်းကို မသိနိုင်။
ကောင်းကင်၌ ပျံသန်းကုန်သော ငှက်တို့သည် ဤအရပ်ဌာန၌ ခြေတို့ဖြင့် နင်း၍ သွားကုန်၏။ ဤအရပ်ဌာနကို ရင်ဘတ်ဖြင့် ထိ၍ သွားကုန်၏။ ဤအရပ်ဌာနကို ခေါင်းဖြင့် ထိ၍ သွားကုန်၏။ ဤအရပ်ဌာနကို အတောင်ဖြင့် ထိ၍ သွားကုန်၏ ဟု သိခြင်းငှာ မစွမ်းနိုင်သကဲ့သို့ ဤအတူ အာသဝေါတရားကုန်၍ အာဟာရတို့ကို တဏှာဒိဋ္ဌိတို့ဖြင့် မမှီဝဲပဲ သုညတ စသော နိဗ္ဗာန်ကို အာရုံပြုကုန်သော ရဟန္တာပုဂ္ဂိုလ်တို့၏ နိရယပဒဖြင့် သွားကုန်၏။ တိရစ္ဆာနယောနိပဒဖြင့် သွားကုန်၏ စသော နည်းဖြင့် ခြေရာကို သိခြင်းငှာ မစွမ်းနိုင်။
ပဒ— အရ နိရယပဒ၊ တိရစ္ဆာနပဒ စသည် ရ၏။
ရှင်အနုရုဒ္ဓထေရ်၏ ပံ့သကူသင်္ကန်း
ရှင်အနုရုဒ္ဓထေရ်သည် သင်္ကန်းဆွေးသောကြောင့် အမှိုက်ပုံတွင် သင်္ကန်း ရှာတော်မူသည်။ ဤဘဝမှ ရှေးသုံးဘဝက ဇနီးဟောင်းဖြစ်ဖူးသော တာဝတိံသာနတ်သမီး ဇာလိနီသည် အရှင်မြတ်ရှာနေသော အမှိုက်ပုံတွင် နတ်ပုဆိုးကို မသိမသာ အမြိတ်မျှသာ ထင်ရှားစေသည်။ ၎င်းနတ်ပုဆိုးကို ပံ့သကူကောက်ယူချိန်တွင် ငါးရာသော ရဟန်းများနှင့် မြတ်စွာဘုရားရှင်သည် ဝေဠုဝန်ကျောင်းတွင် ရှိတော်မူသည်။ ရှစ်ကျိပ်သော မထေရ်ကြီးများသည်လည်း သင်္ကန်းချုပ်ရာတွင် ပါဝင်သည်။ ရှင်မဟာကဿပထေရ်သည် အရင်း၌၊ ရှင်သာရိပုတ္တရာသည် အလယ်၌၊ ရှင်အာနန္ဒာသည် အဖျား၌ ထိုင်သည်။ ရဟန်းအပေါင်းက အပ်ချည်ကို ကျစ်သည်။ ဘုရားရှင်က အပ်နဖါးသို့ အပ်ချည် သွင်းပေးသည်။ သိကြားမင်းက သင်္ကန်းချုပ်သော နေရာ၌ မြေကို ညီညွတ်အောင် ပြုသည်။ ရှင်မဟာမောဂ္ဂလာန်က ဇမ္ဗုသပြေသီးကို ဆောင်၍ ကျွေးမွေးသည်။ ရှင်အနုရုဒ္ဓထေရ်၏ ဆွေမျိုးနှင့် အလုပ်အကျွေးများက ယာဂု၊ ခဲဖွယ် ဆွမ်းကပ်လှူကြသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၈၇။)
ပါဠိသဒ္ဒါခက်ဆစ်
ယဿာသဝါ = ယဿ + အာသဝါ။ အာသဝါ = အာဘဝဂ္ဂံ သဝတီတိ အာသဝါ။ အာ + သု + ဏ။
ပရိက္ခီဏာ = ပရိက္ခယတီတိ ပရိက္ခီဏာ။ ပရိ + က္ခီ + တ။
အာကာသေ = ဘူသံ ကာသန္တေ ဒိပ္ပန္တေ ပဒတ္ထာ ဧတေနာတိ အာကာသော။ အာ + ကသ် + အ။ န ကဿတိ န ဝိလေက္ခီယတီတိ အာကာသော။ န + ကသ် + ဏ။ အာကာသောယေဝ အာကာသော။
အနုရုဒ္ဓတ္ထေရဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၇-အရဟန္တဝဂ်
၄-အနုရုဒ္ဓတ္ထေရဝတ္ထုပါဠိဂါထာ
သုညတော အနိမိတ္တော စ, ဝိမောက္ခော ယဿ ဂေါစရော၊
အာကာသေဝ သကုန္တာနံ, ပဒံ တဿ ဒုရန္နယံ။
အာကာသေ၊ ၌။ ဝါ၊ ဖြင့်။ (ဂစ္ဆန္တာနံ၊ ပျံသွားကုန်သော။) သကုန္တာနံ၊ တို့၏။ ပဒံ၊ ခြေရာကို။ (ခြေ, ရင်, ဥုးခေါင်း, အတောင် တို့၏ ဖြစ်ရာဌာနကို။) ဒုရန္နယာ ဣဝ၊ သို့။ (ဧဝမေဝ၊ သာလျှင်။) ယဿ၊ အကြင်ပုဂ္ဂိုလ်၏။ ဝါ၊ မှာ။ အာသဝါ၊ အာသဝေါတရားတို့ သည်။ ခီဏာ၊ ကုန်ခန်းကုန်ပြီ။ (ယော၊ အကြင်ပုဂ္ဂိုလ်သည်။) အာဟာရေ စ၊ အာဟာရ၌လည်း။ ဝါ၊ ပစ္စည်း၄-ပါး၌လည်း။ အနိဿိတော၊ တဏှာဒိဋ္ဌိတို့ဖြင့် မမှီ။ သုညတော ဝိမောက္ခော၊ သည် လည်းကောင်း။ အနိမိတ္တော ဝိမောက္ခော စ၊ သည်လည်းကောင်း။ (အပ္ပဏိဟိတော ဝိမောက္ခော စ၊ သည်လည်းကောင်း။) ယဿ၊ အကြင်ပုဂ္ဂိုလ်၏။ ဂေါစရော၊ အာရုံသည်။ (ဟောတိ၊ ၏။) တဿ၊ ထိုပုဂ္ဂိုလ်၏။ ပဒံ၊ သွားရောက်ရာကို။ ဝါ၊ ဖြစ်တည်ရာကို။ [ပဇ္ဇတိ ဧတ္ထာတိ ပဒံ။ ပဒသဒ္ဒါ ဌာနအနက်ဟော။] ဒုရန္နယံ၊ ခဲယဉ်းသဖြင့် သိအပ်၏။ (ပါ-၉၃)
ဒုရန္နယာ။ ။ ဒုရန္နီယတေတိ ဒုရန္နယာ၊ ဒု+အနု+ဣ+ခ၊ ဣကို ဧ, ဧကို အယပြု၊ ခအနုဗန်ချေ၊ ဒုနောင် ရလာ၊ နဒွေဘော်လာ၊[ဒုရန္နယောတိ ဒုဇ္ဇာနော၊-ဇာ၊ဋ္ဌ၊၂၊၇၈။]
အာဟာရေ။ ။ “အာဟရီယတီတိ အာဟာရော(ကင်္ခါဋီသစ်-၃၉၄)၊ အာဟရတိ ဗလာယူနီတိ အာဟာရော(ဓာန်-ဋီ-၄၆၅)”ဟူသော ဝစနတ္ထ အရ အာဟာရသဒ္ဒါ စားဖွယ်ကို ရသော်လည်း ဤ၌ နိဒဿနနည်း, ဧကဒေသူပစာအားဖြင့် ပစ္စည်း၄ပါးလုံးကို ယူရသည်၊ (တစ်နည်း) အာ- ဟာရသဒ္ဒါ ပစ္စယ၏ပရိယာယ်ဟုယူ၍ “အာဟရတိ အတ္တနော ဖလန္တိ အာဟာရော(မ၊ဋ္ဌ၊၁၊၂၁၀)”ဟုပြု။ (ထေရ၊ဋ္ဌ၊၁၊၂၄၃)
အနုရုဒ္ဓတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။